မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေကြသော တရုတ်နိုင်ငံ ကုမ္ပဏီများနှင့် တရုတ်ကုန်သည်များ အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွား အပေါ် စိုးရိမ်မှု ဖြစ်ရန် မလိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်မြောက်ပိုင်း လားရှှိုးမြို့ရှိ ဒေသခံပြည်သူလူထုအား ယမန်နေ့က မဲဆွယ်ဟော ပြောစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တချို့က တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကို ခြိမ်းခြောက်နေသံတွေ ကြားနေရတယ်၊ NLD နိုင်ရင် သူတို့ အကျိုးစီးပွား ကို ထိခိုက်မယ် ဆိုပြီးတော့ပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျမတို့ဟာ အနောက်နိုင်ငံတွေနဲ့ အင်မတန် နီးစပ်တယ် ဆိုပြီးတော့ ခြိမ်း ခြောက်နေတယ်လို့ ကြားနေရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာတည်စကပင် ပထဝီအနေအထားအရ အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ပြဿနာ ဖြစ်ပွားမှု နည်းပါးကြောင်း၊ NLD အနိုင်ရလျှင်လည်း တရုတ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွား နစ်နာဆုံးရှှုံးစေမည့်ကိစ္စများ လုပ်
ဆောင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
၎င်းက “NLD ရဲ့မူဝါဒ က ကိုယ့်နိုင်ငံသားတွေ နစ်နာမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး၊ အလားတူပဲ စီးပွားရေး လာ လုပ်ကြတဲ့ တခြားသူတွေ ထိခိုက်မယ့် ကိစ္စကိုလည်း မလုပ်ပါဘူး”ဟု ဆိုသည်။
လားရှှိုးမြို့သည် စီးပွားရေးအရ အရေးပါသည့် နယ်စပ်မြို့တခု ဖြစ်ပြီး ရှမ်း၊ ဝ၊ ပလောင်၊ လားဟူ၊ ကချင်၊ ဗမာ စသည့် တိုင်း ရင်းသား လူမျိုးများနှင့် တရုတ်လူမျိုးများ နေထိုင်ကြကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်၍ စစ်တိုင်းမှူး အဆင့်ထား ရှိသည့် နယ်စပ်မြို့တခုဖြစ်သည်။
လားရှှိုးမြို့၏ အဓိကကျသည့် စီးပွားရေး လုပ်ငန်းများကို တရုတ်လူမျိုးပိုင် ကုမ္ပဏီများက ပိုင်ဆိုင်ကြပြီး ကုန်သွယ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ မြို့၏ အချက်အချာ ကျသည့် ရပ်ကွက်များတွင်လည်း တရုတ် လူမျိုးများသာ နေထိုင်ကြကြောင်း သိရသည်။
“လားရှှိုးမြို့က မန္တလေးလိုပါပဲ၊ အချက်ကျတဲ့ ရပ်ကွက်တွေ၊ စီးပွားရေး လုပ်ငန်းအားလုံးဟာ တရုတ်လူမျိုးတွေ က ပိုင်ဆိုင်နေကြ ပါတယ်” ဟု NLD ပါတီကိုယ်စားပြု၍ လားရှှိုးမြို့မှ ယှဉ်ပြိုင်မည့် ဦးစိုင်းမြင့်မောင် က ဧရာဝတီ ကို ပြောသည်။
လားရှှိုးမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီက မဲဆွယ်ရာ၌ NLD ပါတီသည် အနောက်နိုင်ငံများနှင့်နီးစပ်သည့်အတွက် ၎င်းတို့ကို ထောက်ခံမဲပေးပြီး အနိုင်ရလာပါက တရုတ် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း မဲဆွယ် စည်းရုံးနေသည်ဟု ဦးစိုင်းမြင့်မောင် က ပြောဆိုသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လားရှှိုးဒေသ၌ NLD ၊ ကြံ့ခိုင်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ (SNDP) ၊ လားဟူ၊ ကိုးကန့် စသည့် ပါတီများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“တရုတ်တွေကလည်း ကျနော်တို့ကို ထောက်ခံပါတယ်၊ မြို့ခံအများစု က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားမှု ရှိတော့ ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးစိုင်းမြင့်မောင် က ဆိုသည်။
လားရှှိုးဒေသခံ တရုတ်လူမျိုးများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်နီးစပ်သူများ ဖြစ်၍ စီးပွားရေး လုပ်ပိုင်ခွင့် ရရှိထားသူ များဖြစ်ပြီး အများစုသည် မြန်မာနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်နေသူများဖြစ်ကြောင်း၊ လားရှှိုးမြို့၌ မဲပေးနိုင်သူ ဦးရေ တ သိန်း ၃ သောင်းကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၄ သိန်း ဝန်းကျင် ရှိကြောင်း သိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်နယ်စပ် ယူနန်နယ်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့်ရှမ်းပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင်ရန် အခြေချ နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားကို တရားမဝင် နည်းလမ်းများဖြင့် ရရှိခဲ့ကြသည်ဟုလည်း စွပ်စွဲချက်များ ရှိခဲ့သည်။
မြန်မာပြည်ဖွား မဟုတ်ဘဲ မြန်မာနိုင်ငံသား ဖြစ်သွားသည့် တရုတ်လူမျိုး အရေအတွက် မည်မျှရှိသည်ကိုမူ မသိရသေးပေ။