တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်တပတ်အတွင်း ရာနှင့်ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀၀ ဝန်းကျင်အထိ အထိန်းသိမ်းခံခဲ့ရသည်ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။
“မြန်မာနိုင်ငံသားတွေ မှန်သမျှ လိုက်ဖမ်းနေတယ်၊ လူကောင်းရော၊ လူဆိုးရော တယောက်မှ အလွှတ်မပေးဘူး၊ အကုန် ဖမ်းပြီး ထောင်ထဲ တန်းပို့တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ထိုဒေသတွင် မြန်မာပြည်သား သုံးသောင်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ ကုန်သည်ပွဲစားများ ဖြစ်သည်ဟု ဦးအောင် ကျော်ဇောက ပြောသည်။ မြန်မာပြည်သားများ လုယက်ခံရမှု၊ မတော်တဆမှု၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တို့ ရှိခဲ့သည့်တိုင် တရုတ် အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း သူက ရှင်းပြသည်။
ပြီးခဲ့သည့် တပတ် လူသတ်မှုများအတွင်း သေဆုံးသွားသည့် တရုတ်ရဲအရာရှိတဦး နှင့် တရုတ်အမျိုးသမီးတဦးတို့၏ အမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။
ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီ၊ ကျယ်ခေါင်ဒေသတို့တွင် ရာဇဝတ်မှု ထူပြောနေသဖြင့် နယ်စပ်လူဝင်၊ လူထွက် အခြေအနေကို တရုတ် အာဏာပိုင်များက တင်းကျပ်ထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရွှေလီ ဒေသခံ ကုန်သည် တဦးက ဧရာဝတီကို ပြောသည်။
“ဆိုင်ကယ်နဲ့ သွားတာတောင် ဆွဲကြိုးတွေ ဆွဲဖြုတ်ခံရတာ၊ ခါးပိုက်နှှိုက်ခံရတာတွေ တအား များလာတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေထဲမှာ မြန်မာလူမျိုးတွေလည်း များလာတဲ့ အတွက် ဖမ်းတာပါ၊ အရင်က ဒီလိုမျိုး မဖမ်းဖူးဘူး” ဟု ထိုကုန်သည်က ဆိုသည်။
တရားဝင် နေထိုင်ခွင့် မရှိသူများကို ဖမ်းဆီးရမိပါက တရုတ်အာဏာပိုင်တို့က လနှင့်ချီ၍ ချုပ်နှောင်ထားလေ့ရှိကြောင်း သိရသည်။