မဲဆန္ဒနယ်တချို့တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိပါလျက် မဲစာရင်း၌ မပါရှိမှုကြောင့် မကျေနပ်သဖြင့် ဆူပူမှု၊ ဆန္ဒပြမှုတချို့ ဖြစ်ပွားကြောင်း သိရှိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်အမှတ် (၂) ရပ်ကွက် မဲရုံ၌ မဲစာရင်းတွင် ပါဝင်ခြင်းမရှိ၍ မဲမပေးရသူ ၄၀၀ ခန့်က စုဝေးကာ မဲပေးခွင့်ရရှိရန် တောင်းဆိုကြောင်း သိရသည်။
အဆိုပါ မဲပေးခွင့်မရသူများသည် တရားဝင် အိမ်ထောင်စုဇယား၊ နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ထားသူများဖြစ်ပြီး မဲပေးခွင့်ရှိသူစာရင်းတွင် မပါဝင်သည့်အတွက် မကျေနပ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင်သို့ သွားရောက် ပြောဆိုသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း၊ တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က ပြောသည်။
“မဲမပေးရရင် မပြန်ဘူးဆိုပြီး မကျေမနပ်နဲ့ အုပ်စုလိုက်ရပ်ပြီး ပြောဆိုနေကြတယ်။ ကော်မရှင်ကို မှတ်တမ်းမှတ်ရာနဲ့ တိုင်ရမယ် ” ဟု ၎င်းက ဆိုသည်။
ယခုမဲပေးခွင့်မရသူ အများစုမှာ NLD ပါတီကို ထောက်ခံသူများဖြစ်ကြောင်း၊ ပြဿနာတစုံတရာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဦးအောင်စိုးမြင့်က ဆက်လက်ပြောသည်။
တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက်တွင်လည်း တအိမ်ထောင်လျှင် တယောက်အတွက် မဲပေးခွင့် စာရွက်တရွက်သာ ရရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ်များတွင်လည်း မဲပေးခွင့်မရသူ အရေအတွက် အများအပြားရှိကြောင်း မြို့ခံတဦးကလည်း ဆိုသည်။
ပြင်ဦးလွင်မြို့ ပဒေသာမြို့နယ် ရပ်ကွက်ကြီး (၈) တွင် အမျိုးသမီးတစုက ကျမတို့ မဲပေးပိုင်ခွင့်မရှိပါဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ယင်းမဲရုံလမ်းရှေ့တွင် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
မဲရုံတွင် တစုံတရာ မပေါ်ပေါက်စေရန်အတွက် သက်ဆိုင်ရာများက တားဆီးလျက်ရှိကြောင်း၊ ၎င်းတို့မှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိပြီး မဲစာရင်းတွင်မပါသောကြောင့် မဲပေးခွင့်မပြု၍ ယင်းသို့ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပြင်ဦးလွင် ဇီးပင်ကြီး မဲရုံတွင်လည်း ဆန္ဒမဲပေးခွင့် မပြုသည့်အတွက် အမျိုးသားတဦး မဲရုံတွင် အော်ဟစ်ဆူပူမှု ပြုလုပ်ကြောင်းလည်း သိရသည်။
ပြင်ဦးလွင် ရပ်ကွက်ကြီး (၃) ရှိ မဲရုံတွင် မဲစာရင်းစာရွက်တချို့ ကပ်ထားခြင်း မရှိသောကြောင့် ပျောက်ဆုံးနေသော စာရင်းပါ မဲဆန္ဒရှင်များက မဲမပေးရ၍ ဆူပူကန့်ကွက်မှုများ ပြုလုပ်နေရာ မဲရုံ ကြီးကြပ်သူများက ပျောက်ဆုံး မဲစာရင်းများ ရှာဖွေလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း မဲစာရင်းတွင် မပါဝင်သူ ၅၀၀ ခန့်က ရွေးကောက်ပွဲ ကော်မရှင်ထံ ယနေ့နံနက်က တိုင်တန်းခဲ့ကြောင်း ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD မှ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးခြင်း မရှိကြောင်း၊ ကြံ့ခိုင်ရေးပါတီက ယနေ့နံနက်တွင် ကော်မရှင်၏ ဥပဒေနှင့် ဆန့်ကျင်ပြီး တအိမ်တဆင်း သွားရောက်ကာ ၎င်းတို့ပါတီကို မဲပေးရန်ပြောဆိုခဲ့ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် မန်းသားလေးတို့ ပူးပေါင်း ရေးသားသည်။