သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူ လယ်သမားများကို ပိုင်နက်ကျူးကျော်မှုဖြင့် သက်ဆိုင်ရာက တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း မိထ္ထီလာမြို့နယ် ကံကောင်းရွာမှ လယ်သမား ၁၉ ဦးကို မြေယာပွဲစားတဦးမှ တရားလိုပြု၍ လည်းကောင်း၊ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပဲကြီးရွာနှင့် ဒေါင်းတိုက်ရွာများမှ လယ်သမား ၆ ဦးကို တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၅ မှ တရားလိုပြု၍ လည်းကောင်း အသီးသီး တရားစွဲဆိုခြင်းဖြစ်သည်။
“ဒီနေ့ကို မြို့နယ်တရားရုံးကု လာခဲ့ဖို့ ဆင့်ခေါ်စာရတယ်။ တယောက်ကို အာမခံပေးမယ့်သူ ၂ ယောက်ပါ ခေါ်ခဲ့ပါပြောတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတုန်းက အဆင်ပြေအောင် ညှိနှိုင်းပေးမယ်လို့ ပြောထားပြီး ဒီလို တရားစွဲတာကို လုံး၀ လက်မခံနိုင်ဘူး” ဟု ကံကောင်းရွာမှ လယ်သမားတဦးက ပြောသည်။
မိထ္ထီလာခရိုင် မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ် မြို့နယ် လေးမြို့နယ်မှ သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေးအတွက် အဆိုပါ လယ်မြေများပေါ်တွင် ဝင်ရောက်ထွန်ယက်သည့် ထွန်တုံးတိုက်ပွဲများကို လယ်ပိုင်ရှင် လယ်သမားများက ဇူလိုင်လဆန်းပိုင်းတွင် စတင်ခဲ့သည်။
အလားတူပင် တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၅ မှ စီမံကိန်း နယ်မြေဆိုကာ သိမ်းယူထားသော လယ်ယာမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲဝင်ခဲ့သည့် ဒေါင်းတိုက်ကျေးရွာမှ ကိုဌေးလွင်၊ ကိုကံအောင်၊ ကိုလှထွန်း၊ ဦးထွန်းဝေ၊ ပဲကြီးကျေးရွာမှ ဦးမောင်ဦး၊ ဦးစိုးဦးတို့ကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက လာရောက် အကြောင်းကြားလာပြီး ရုံးသို့ ဆင့်ခေါ်မည့်ရက်ကိုမူ မသိရသေးဟု ဆိုသည်။
လယ်သမားများကို ကူညီနေသည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့မှ ကိုရဲကျော်လွင်က “ဥပဒေကြောင်းအရ တရားစွဲတာကို ခုခံကာကွယ်တာအပြင် တန်ပြန် တရားစွဲဖို့ ပြင်ထားပါတယ်။ လယ်သမားတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ မတရားသဖြင့် သိမ်းခံထားရတဲ့ ကိုယ့်ပိုင်တဲ့မြေကို ပြန်ပြီး ကျူးကျော်တယ်ဆိုတာမျိုးကိုတော့ အဖြစ်မခံနိုင်ဘူး။ အဲ့ဒီအပေါ်မှာ ပိုင်နက်ကျူးကျော်မှု မမြောက်ဘူးဆိုတာကို ကျနော်တို့ ခုခံ ကာကွယ်ပါမယ်” ဟု ပြောသည်။
အဆိုပါ လယ်မြေများကို သိမ်းဆည်းစဉ် ၁၉၈၉ ခုနှစ်က ပွင့်လင်းမြင်သာမှု မရှိဘဲ မည်သည့်အကြောင်းကြောင့် သိမ်းဆည်းသည်ကို မသိရကြောင်း လယ်သမားများ ဆိုသည်။
ထို့ပြင် ထိုလယ်ယာမြေများကို လုပ်ကိုင်ရန်အတွက် လယ်ပိုင်ရှင် လယ်သမားများထံမှ သီးစားခများ ကောက်ခံ၍ ပြန်လည် ချထားပေးခဲ့ကြောင်း၊ အဆိုပါ စက်ရုံသို့ သီးစားပြန်လည် ပေးအပ်ရသည့်အတွက် လယ်သမားများ စားဝတ်နေရေး ကျပ်တည်းရကြောင်း၊ ယခုနှစ်မှ စတင်၍ အဆိုပါ လယ်မြေများတွင် လယ်ယာစိုက်ပျိုးခွင့် မရှိတော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အတွက် တောင်သူလယ်သမားများမှာ လယ်မြေဆုံးရံှူးသည့်အပြင် အလုပ်လက်မဲ့ ဖြစ်ရမည့်အရေးများ ကြုံနေရသည်ဟု သိရသည်။
“ဒီလိုအခြေအနေတွေထိ ရောက်လာအောင် ခွင့်ပေးထားတဲ့ အစိုးရက တာဝန်ယူပေးဖို့ တောင်းဆိုချင်တယ်။ တာဝန်မယူပေးဘဲနဲ့ လယ်သမားအပေါ် ဖိအားပေးတာ၊ ထောင်ချမယ်ဆိုပြီး လုပ်နေတာတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေက ဘယ်လိုမှ ကောင်းမှာ မဟုတ်ဘူး၊ နိုင်ငံရေး တည်ငြိမ်မှုကို တိုက်ရိုက် အကျိုးရောက်လာလိမ့်မယ်” ဟု ကိုရဲကျော်လွင်က ပြောသည်။
မြေယာပိုင်ဆိုင်ခွင့်ဥပဒေ စတင် ပြဌာန်းသည့် ၁၉၆၃ ခုနှစ်မှ စတင်ကာ လယ်သမားများပိုင် လယ်မြေများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခံရခြင်း၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံများ၏ မြေနေရာများအတွက် သိမ်းဆည်းခံရခြင်း၊ လမ်းတံတား ဖောက်လုပ်ရန်အတွက် သိမ်းဆည်းခံရခြင်း၊ စီမံကိန်းအမျိုးမျိုးအတွက် သိမ်းဆည်းခံရခြင်းများ ကြုံတွေ့နေရသည်။