ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။
“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။
စီမံကိန်း ရပ်ပြီးသည့်နောက်ပိုင်းတွင် CPI ကုမ္ပဏီသည် ဒုတိယ သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အရေးပါ သူများနှင့် ဆက်တိုက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည့် အပြင် ယခုလ အစောပိုင်းတွင်လည်း မြစ်ကြီးနားရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခြင်း ပြည်တွင်း ဂျာနယ်များနှင့် အဆက်အဆံ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း သိရသည်။
စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်သော်လည်း စီမံကိန်းတွင် အသုံးပြုမည့် စက်ပစ္စည်းများ ပြန်လည် သယ်ဆောင် သွားရန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ဗဟိုအစိုးရ အမိန့် မရသေးသောကြောင့် သယ်ဆောင်သွားခြင်း မပြုနိုင်သေးကြောင်း ဒေါ်ဒွဲဘူ ကပြောသည်။
“စက်ပစ္စည်း တွေပြန်သယ်သွားဖို့ အခွင့်ကတော့ ကချင်ပြည်နယ် အစိုးရအနေနဲ့ ပေးလို့မရဘူး။ ဗဟိုအစိုးရ တာဝန် ဖြစ်တာကြောင့် ဗဟိုနဲ့ပဲ ဆက်သွယ်ပါလို့ ပြောထားတယ်။ ဗဟိုကလည်း ဘာမှမပြောသေးဘူး ဆိုတော့ ပစ္စည်းတွေ ဒီအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံ အပါအဝင် မေခမြစ်တွင် ၁ ခု၊ မလိခ မြစ်တွင် ၅ ခု တည်ဆောက်သွားမည့် ဆည်စီမံကိန်းများအနက် မြစ်ဆုံ၌ တည်ဆောက်မည့် ရေကာတာသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်နိုင်ပါမှ စီမံကိန်း အမြတ်ထွက်နိုင် မည်ဖြစ်သောကြောင့် CPI အနေနှင့် လက်လွတ်မခံနိုင်ဘဲ ကြိုးစားနေခြင်း ဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူ ကိုမော်ထွန်းအောင်က ပြောသည်။
“မြစ်ဆုံမှာ လုပ်မယ့် ရေကာတာကပဲ Peak load (လျှပ်စစ်ဓာတ်အား တရှိန်ထိုးလိုအပ်မှု) ကို ဖြည့်ဆည်းပေး နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား အတင်အချကို မြစ်ဆုံမှာ ဆောက်မယ့် ရေကာတာကပဲ လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တခြားဟာတွေ မဆောက်ခင် မြစ်ဆုံကို အရင်ကိုင်တာပါ။ ချီဖွေငယ် ကတော့ စီမံကိန်းအတွင်းမှာ သုံးစွဲမယ့် လျှပ်စစ်ထုတ်ဖို့ပါ” ဟု သူက ရှင်းပြသည်။
မြစ်ဆုံအထက်ဘက် လာဆာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် မလိခ မြစ်ဝှမ်းဒေသသည် သစ်တော ဖုံးအုပ်မှု ၈၃ ရာခိုင်နှုန်း ရှိနေပြီး အဆိုပါ သစ်တောများသည် အစိုးရက ထိန်းသမ်းပါမည်ဟု ကတိပြုထားသော နေရာများဖြစ်သည် ဟု ဦးဝင်းမျိုးသူက ပြောသည်။
“မြစ်ဆုံရဲ့ အထက်ဘက်မှာတော့ ပူတာအို၊ ချီဖွေ၊ ဆော့လောဆိုတာ လျှပ်စစ် စီမံကိန်းလုပ်မှ ဖွံဖြိုးတိုးတက်မယ့် နေရာတွေ ရှိတယ်။ မလုပ်သင့်တဲ့အရာမှာ ခွင့်မပြုဖို့ တာဝန်ရှိသလို၊ လူထုကို မထိခိုက်စေဘဲ အကျိုးဖြစ်နိုင်မယ့် နေရာတွေမှာ မြစ်ဆုံလောက်မကြီးတဲ့ ခပ်သေးသေး ဆည်တွေ လုပ်သွားရင် လူထုအတွက်လည်း သင့်တော်မယ့် အရာတွေ ဖြစ်တယ်လို့ ထင်တယ်၊ ဒါက လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောတာပါ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။
ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ထိန်းသိမ်းရမည့် မြစ်ဝှမ်းဒေသများတွင် မေခ၊ မလိခ မြစ်နှစ်သွယ်သည် အရေးအကြီးဆုံး နေရာမှ ပါဝင်နေသည်။
ရေကာတာ ၅ ခု တည်ဆောက်မည့် မေခ မြစ်ဝှမ်းတလျှောက် သည်လည်း ဧရာဝတီ ရေဝေရေလဲ ဒေသ၏ အထူးအရေး ပါသော ဒေသဖြစ်ပြီး ဗဟိုအစိုးရ အာဏာစက် သက်ရောက်ရန် ခက်ခဲသော နေရာဖြစ်သည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ် အတွင်း ယင်းဒေသမှ သစ်တော ဧက ၇ သိန်း လျော့သွားခဲ့ပြီး ယခင် သမပိုင်းသစ်တောများမှ တောမီးလောင်သည် အထိ ခြောက်သွေ့ သွားခဲ့သဖြင့် အထူး ထိန်းသိမ်းရမည့်နေရာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၏ အဆိုအရ သိရသည်။
“ဧရာဝတီကို ထိပါးခြင်းဟာ ပြည်ထောင်စုကို ထိပါးခြင်းလို့ သတ်မှတ်ပါတယ်။ နောင် ရွေးကောက်ပွဲကြီး ကျင်းပမယ့် ဆိုရင်တောင်မှ ဧရာဝတီမြစ်နဲ့ ပတ်သတ်လို့ ကတိပေးနိုင်တဲ့ သူမျိုးကိုသာ ရွေးကောက်ပွဲတင်မှာ တင်မြှောက်ဖို့ တိုက်တွန်း ပါမယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောသည်။