ဒီမိုကရေစီ စနစ်နှင့်အညီ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ထွန်းရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီမည့် ဥပဒေသစ် တရပ် ရေးဆွဲ ပြဌာန်းသွားမည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းသော ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ခေတ်စနစ်နှင့် အံဝင်ခွင်ကျမှု မရှိသဖြင့် ပယ်ဖျက်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်တင်နွယ်ဦး၊ သူရ ဦးအောင်ကိုတို့က တောင်းဆိုခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း ယမန်နေ့က ဆွေးနွေးတင်ပြရာ လွှတ်တော်က သဘောတူခဲ့သည်။
ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်းထားသည့် ဥပဒေကြမ်းသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ၏ တက္ကသိုလ် ဥပဒေကို အခြေခံ ရေးဆွဲထားသည့် အတွက် လွတ်လပ်သည့် ပညာရေး စနစ် ဖြစ်မလာနိုင်ကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ ဌာနများ၏ ချုပ်ကိုင်မှု ရှိသည်ဆိုကာ ကန့်ကွက်ခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။
“အသစ် ရေးဆွဲမယ့် ဥပဒေကြမ်းဟာ ၁၉၂၀ လောက်က ပြဌာန်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ဥပဒေ လိုမျိုး လွတ်လပ်တဲ့ ဥပဒေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ ပညာရေး စနစ်နဲ့လည်း ကိုက်ညီအောင် ဆောင်ရွက်သွားကြမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီဝင် ဦးဘရှိန်က ဆိုသည်။
၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းအား နိုင်ငံတကာ အဆင့်မီ ပညာရေးစနစ် ဥပဒေ ဖြစ်ရေးအတွက် ပြင်ဆင် ရေးဆွဲရန် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ အသစ်ရေးဆွဲမည့် ဥပဒေကြမ်းသည် နိုင်ငံနှင့် နိုင်ငံသားများအတွက် အားကောင်းမည့် ပညာရေးစနစ် ပေါ်ထွန်းရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ပြောသည်။
“ပြင်ဆင်ရေးဆွဲမယ့် ဥပဒေကြမ်းမှာ တက္ကသိုလ် ကျောင်းသားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိဖို့အတွက် လိုအပ်တဲ့ အချက်တွေကို ကျနော် ပါဝင်ဆွေးနွေးမှာပါ။ နိုင်ငံတကာ ပညာရေး စနစ်ကို ထဲထဲဝင်ဝင် လေ့လာထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြင်ဆင် ဖြည့်စွက်ဖို့ အချက်တွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ဝန်းကျင် က ဆိုရှယ်လစ်စနစ် ဥပဒေကို မွမ်းမံထားခြင်းသာ ဖြစ်၍ ပြင်ဆင်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လွှတ်တော်ထဲရှိ ပညာရေး နယ်ပယ်မှ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ ပူးပေါင်း၍ ခေတ်နှင့်လျော်ညီသည့် တက္ကသိုလ် ဥပဒေ ရေးဆွဲပြဌာန်း နိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်းက တိုက်တွန်း ဆွေးနွေးသွားကြောင်း ကိုယ်စားလှယ် များက ပြောသည်။
ပညာရေး မြှင့်တင်မှုကော်မတီက တင်သွင်းသည့် ဥပဒေသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထိန်းချုပ်မှု ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ယခင် ပညာရေး စနစ်သည် ကျော်ကြား ခဲ့ဖူးသော်လည်း လက်ရှိပညာရေး စနစ်မှာမူ အနိမ့်ဆုံး အဆင့်ရောက် ရှိနေကြောင်း၊ မြန်မာနိုင်ငံမှ ဘွဲ့ရများသည် ပြည်ပတွင် အလုပ်ကြမ်းနှင့် အိမ်အကူ အလုပ်တို့ကိုသာ ရရှိသည်ကို ကြားသိနေ ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ဆွေးနွေးထောက်ပြ ခဲ့သည်ဟု သိရသည်။
အသစ်ရေးဆွဲမည့် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်ရန် အဆောင်များပါ ပူးတွဲ တည်ဆောက်ပေးရန် အစိုးရကို တိုက်တွန်းထားသည့် အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံတွင် ယခုအခါ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၇၀ ဝန်းကျင် ရှိပြီး အများစုမှာ မြို့နှင့်ဝေးလံသည့် ဒေသများ၌ တည်ဆောက်ထားခြင်း ဖြစ်ကာ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စသည့်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လက်အောက်တွင် ထားရှိသည်။
ကိုယ်စားလှယ်များ၏ ထောက်ပြဆွေးနွေးမှု အပေါ် ပညာရေး ဝန်ကြီး ဒေါက်တာမြအေးကလည်း ၂၀၁၂ ခုနှစ်တွင် ပုဂ္ဂိလိက ကျောင်းများ ဖွင့်လှစ်ရန် ဆောင်ရွက်နေပြီး ကိုယ်ပိုင် တက္ကသိုလ် ဥပဒေကြမ်းကိုလည်း ရှေ့နေချုပ်ရုံးသို့ တင်ထားပြီး ဖြစ်ကြောင်း၊ ထိုဥပဒေ ကြမ်းကို လွှတ်တော်သို့ ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း တုံ့ပြန် ဆွေးနွေးသွားသည်။
နှစ်ပေါင်း ၅၀ ကျော် ထိန်းချုပ်ခံထားရသည့် တက္ကသိုလ် ပညာရေး စနစ်မှနေ၍ လွတ်လပ်စွာ ပညာ သင်ကြားနိုင်ရေး ဥပဒေ သစ်များ ရေးဆွဲရန် အကောင်အထည် ဖော်ဆောင်နိုင်မှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များက အောင်မြင်မှုတရပ်ဟု ပြောဆိုနေကြကြောင်း သိရသည်။
အသစ်ရေးဆွဲမည့် တက္ကသိုလ် ဥပဒေကြမ်း အဆိုသည် လာမည့် ပဉ္စမ အကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် တင်သွင်း ဆွေးနွေးနိုင်မည်ဟု ထင်ရကြောင်း၊ ထိုဥပဒေ အတည်ပြု ပြဌာန်းပြီးပါက တက္ကသိုလ်ကောင်စီ ကဲ့သို့ အဖွဲ့များလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောသည်။