သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် တိကျမှန်ကန်သော အချက် အလက်များ အစီရင်ခံနိုင်ရေးအတွက် ပထမဆုံးအကြိမ် အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့တွင် ကျင်းပကြောင်း သတင်း ရသည်။
အစည်းအဝေးတွင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ မျိုးမြင့်က ကော်မရှင်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း၍ ကော် မရှင် ၏ လုပ်ငန်း ဆိုင်ရာများကို စတင်ဆွေးနွေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ က ဦးကိုကိုကြီး က ဧရာဝတီ ကို ပြောသည်။
“ကျနော်ဆွေးနွေးတဲ့ အထဲမှာတော့ တခုက လူသားချင်းစာနာမှုအပိုင်းက ရှုထောင့်တခုနဲ့ နောက်တခုကတော့ နိုင်ငံသား ဖြစ် မှုဆိုင်ရာ ဥပဒေတွေနဲ့ပတ်သက်တာတွေရယ် သုံးသပ်အကြံပြုရမှာတွေ ဆွေးနွေးခဲ့ပါတယ်”ဟု သူက ဆိုသည်။
နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိစ္စသည် ရခိုင်ကိစ္စတခုတည်းသာမက နိုင်ငံနယ်နိမိတ် တလျှောက်လုံး ကိစ္စလည်းဖြစ်၍ သိမ်မွေ့ ကျယ်ပြန့်ကြောင်း ကော်ရှင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးကိုကိုကြီးက ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ Myanmar Egress ရုံးခန်းတွင် ကျင်းပသည့် အစည်းအဝေးသို့ ခရီးလွန်နေသော ကော်မရှင်အဖွဲ့ဝင်များမှ အပ အဖွဲ့ဝင် ၂၀ တက်ရောက်ကြောင်း သိရသည်။
စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သည့် အစ္စလမ် သာသနာရေးရာ ကောင်စီ ဌာနချုပ် ဥက္ကဌ ဦးညွှန့်မောင်ရှိန် ကလည်း လက်ရှိ ပြဿနာကို ပြေလည်ရန် အချက်အလက် ရှာဖွေညှိနှိုင်းခြင်းနှင့်အကြံပြုချက်များကို အရှိအတိုင်း ပွင့်လင်းမြင်သာမှုရှိရှိ သမ္မတ ထံ တင်ပြသွားနိုင်ရေး အဓိက ဖြစ်ကြောင်း ပြောသည်။
“Guide Line ချပေးလိုက်တဲ့ ခေါင်းစဉ် ၈ ခုကို ဘယ်လိုတွေ ကျနော်တို့ ကော်မရှင်အနေနဲ့ အကောင်အထည် ဖော်ကြမလဲ အကြမ်းဖျင်း စတင်ဆွေးနွေးတဲ့ အစည်းအဝေးပါပဲ။ မနက်ဖြန်မှာ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ တွေ့ပြီးတော့မှ ပုံမှန် အစည်းအဝေး တွေ ထိုင်မှာပေါ့။ အဲဒီကျရင် ကျနော်တို့ လုပ်ငန်းစဉ်အသေးစိပ် ချမှတ်ဖို့ ရှိမှာပါ”ဟု ဦးညွှန့်မောင်ရှိန်က ဆိုသည်။
သမ္မတ၏ ကြေညာချက်အရ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် ၈ ခုသည် ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းများ၊ ပဋိပက္ခ ကြောင့် သေဆုံး ဒဏ်ရာရ၊ ထိခိုက်ပျက်စီး ဆုံရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှု၊ ကယ် ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများ၊ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် အချက်များ၊ အယူကွဲပြား မတူညီသည့် လူမျိုးစုများကြား အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ နှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များဟူ၍ ဖြစ်ကြောင်း သိရသည်။
စုံစမ်းရေးကော်မရှင်၏ လုပ်ဆောင်ချက်များအား သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့က လုံခြုံရေးမှအစ၊ စုံစမ်းစစ် ဆေးရေး လုပ်ငန်း ကိစ္စ အ၀၀အတွက် တာဝန်ယူသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပဋိပက္ခဖြစ်ပွားသည့် နေရာများက ဒေသခံများနှင့်လည်း တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်မည်ဟု ဆိုသည်။
“အခင်းဖြစ်တဲ့ နေရာတွေကို ကျနော်တို့သွားပြီး အချက်အလက် ရှာဖွေ စုဆောင်းမယ်၊ အချက်အလက်ရနိုင်မယ့် လူတွေနဲ့ လို အပ်တာတွေ အင်တာဗျူးလုပ်မယ်”ဟု ဦးညွန့်မောင်ရှိန်က ဆက်ပြောသည်။
လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာတွင် လိုအပ်သည့် လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်များ၏ လုံခြုံရေးကိုလည်း တာဝန်ယူပေးရန်အတွက် ယမန်နေ့က ဆွေးနွေးမှုတွင် ပါဝင်ကြောင်း သိရသည်။
“ကျနော်တို့ကတော့ အကောင်းမြင်ပြောရလို့ရှိရင် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်မှုလည်း ရှိပါလိမ့်မယ်။ အခု အချိန်ထိတော့ ဒီကော်မရှင်ဟာ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်လို့ ထင်ပါတယ်”ဟု ဦးညွှန့်မောင်ရှိန်က ဆိုသည်။
ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကလည်း ယခု ဖွဲ့စည်းလိုက်သော ကော်မရှင်ကို လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖြစ် ဖော်ဆောင်နိုင်ရန်နှင့် အချက်အလက် မှန်များရရှိရေးအတွက် အချိန်မလုံလောက်ပါက တိုးချဲ့သွားရန်ရှိကြောင်း ပြောသည်။
“ကော်မရှင်က ၃ လ ဆိုသည်ပင် ကျနော်တို့က ရှေ့ဆက်ပြီးတော့စုံစမ်းဖို့ အချိန်ပိုလိုတယ်ဆိုလို့ရှိရင် လူကြီးတွေကို တင်ပြပြီး တဲ့အခါမှာ လိုအပ်တဲ့ အချိန်ပိုယူဖို့ ကိစ္စ ရှိထားပြီးသားပါ”ဟု သူက ဆိုသည်။
ကော်မရှင်၏ လုပ်ငန်းစဉ်အတိုင်း ကော်မတီငယ်များ ဖွဲ့စည်းခြင်း၊ သတင်းပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းခြင်းများသည်လည်း ဆက် လက် လုပ်ဆောင်မည့် ကော်မရှင် အစည်းအဝေးများမှ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ဒေါက်တာ ကျော်ရင်လှိုင်က ဆက်ပြောသည်။
နိုင်ငံတော် သမ္မတ ရုံး အမိန့် ကြော်ငြာစာ အမှတ်(၅၈/၂၀၁၂)ပါ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့စည်းခြင်းတွင် အဖွဲ့ဝင် ၂၇ ဦး ပါဝင်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက် ရိုက် အစီရင်ခံတင်ပြရမည်ဟု မူလက ပါရှိသော်လည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည်ဟူ၍ ပြောင်းလဲပြင်ဆင် ထုတ်ပြန်ထားကြောင်း သိရသည်။
ယခု ကော်မရှင်တွင် ထူးခြားသည်မှာ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကိုယ်စားလှယ်များ ပါဝင်မှု မရှိခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုသည်။
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကမူ ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခြင်းကို ကြေညာချက်ထုတ်ပြန်၍ ကြိုဆိုခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က လည်း မကြာသေးခင်က လာရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အကြံပြုခဲ့ သည်။