ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုမှ လယ်မြေဥယျာဉ်များ သိမ်းယူထားမူအတွက် ဆန္ဒပြရန် ရန်ကုန်မြို့သို့ ရောက်လာသည့် လယ်သမားများသည် ယုဇနကုမ္မဏီပိုင်ရှင် ဦးဌေးမြင့်မှ အချိန်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
“၂၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဦးဌေးမြင့်ကိုယ်တိုင် ညိုမယ်ဆိုပြီး ဆက်သွယ်လာတယ်။ နေပြည်တော်မှာ သွားညှိပြီးတော့ လယ်မြေတွေ ပြန်လုပ်လို့ရအောင် လုပ်ပေးမယ်ပြောတယ်” ဟု ကိုယ်တိုင် လယ်အသိမ်းခံရပြီး လက်ရှိ လယ်သမား အရေး ဆောင်ရွက်နေသူ ဒေါ်ဘောက်ဂျာက ပြောသည်။
“မီဒီယာထဲမှာထည့်ပြီး အရှက်ခွဲလို့တဲ့ ဦးဌေးမြင့်က ပြောတာ။ ဒါနဲ့ သူများလယ် သိမ်းတာတော့ အားမနာဘူးလားလို့ ပြန်မေးခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ဆန္ဒပြရန်အတွက် ခွင့်ပြုချက်လျှောက်ထားစဉ် ဗဟန်းရဲစခန်းက နေရာရွှေ့ပြီး ဆန္ဒပြရန်ပြောခဲ့ကြောင်း၊ ခွင့်ပြုချက် မရသော်လည်း ဆန္ဒပြရန်စီစဉ်ခဲ့ကြောင်း သိရသည်။
“ဆင်းလာကတည်းက ယုဇနကို ပြဖို့လာတာ။ အဲဒီမှာ မပြရရင် ရဲစခန်းရှေ့မှာ ပြမယ်လို့ပြောတော့ ဆန္ဒပြခွင့် မပြုတဲ့အကြောင်း စာရွက်ထုတ်ပေးတယ်” ဟု ဒေါ်ဘောက်ဂျာကပြောသည်။
မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဌေးမြင့်က ၎င်းသိမ်းဆည်းထားသည့် ဧကနှစ်သိန်းကျော်သော မြေများအနက်မှ ပြန်ရလိုကြောင်း တရားစွဲဆိုထားသည့် လယ်သမား ၈၇ ယောက်၏ လယ်မြေများကို မူလနေရာတွင် မဟုတ်သည့်တိုင် လုပ်ကိုင်စားသောက်နိုင်သည့် နေရာတွင် အမည်ပေါက်ဖြင့် ပြန်လည်ပေးမည် ဖြစ်ကြောင်း၊ ဘူဒိုဇာများဖြင့် ထိုးဆွခဲ့သဖြင့် ပျက်စီးသွားသည့် လယ်မြေများ အတွက် လျော်ကြေး ကိုလည်း ပြည်နယ် တရားရုံးက ချမှတ်သည့်အတိုင်း ပေးဆောင်သွားမည်ဟု ညှိနှိုင်းခဲ့ကြောင်း၊ အသေးစိတ်ကို လွှတ်တော်ပြီးချိန်တွင် ရန်ကုန်၌ ဆက်လက် ဆွေးနွေးသွားမည်ဟု ဦးဌေးမြင့်က ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
လယ်ယာမြေသိမ်းမူကို ဦးဌေးမြင့်က သူမသိကြောင်း၊ အစိုးရလုပ်ခိုင်းသဖြင့် လုပ်ရကြောင်း၊ တောင်သူပိုင် ခြံမြေ လယ်ယာများ ဖျက်ဆီးမူများကိုလည်း သူမသိကြောင်း၊ အိန္ဒိယနှင့်ဆက်သွယ်ပြီး ဒေသဖွံဖြိုးရေး မြို့တည်ပြီး စည်ကားအောင်ပြုလုပ်ပေးရန် မည်သူမှ မဝင်လိုသည့်အချိန်တွင် သူဝင်ကြောင်း၊ ပီလောပီနံမှာလည်း နိုင်ငံတော်လောင်စာဆီ လိုအပ်ချက်အရ စိုက်ပျိုးရခြင်းဖြစ်သည်ဟု ညှိနှိုင်းသည့်အချိန်တွင် ရှင်းပြကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
လယ်ယာမြေမဲ့သွားသည့် လယ်သမားများကို သူသိမ်းထားသည့်နေရာတွင် လာရောက် စိုက်ပျိုးစေပြီး ထွက်ရှိသည့် သီးနှံများကို တယောက်တဝက် ရယူရန်အတွက်လည်း ဦးဌေးမြင့်က အကြံပြုခဲ့သေးကြောင်း သိရသည်။
“မြန်မာပြည်မှာ လျော်ကြေးတွေ၊ နစ်နာကြေးတွေသာ ပေးနေရမယ်ဆိုရင်ဘာမှ လုပ်စားလို့ရမှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့် နစ်နာကြေးပုံစံ မဟုတ်ဘဲ ပျက်ဆီးသွားတာတွေအတွက် တရားရုံးက ချမှတ်တဲ့အတိုင်း ပေးမယ်လို့ ဦးဌေးမြင့်က ပြောတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုဇနကုမ္ပဏီမှ ကျောင်းများဆောက်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင် မဖြစ်လာသေးကြောင်း လယ်မြေသိမ်းခံရသူတဦးက ပြောသည်။
“ဘာကျောင်းမှမရှိဘူး။ အင်္ဂလိပ်ခေတ်က သံတံတား အကောင်းစားတွေကို ဖြုတ်ယူသွားပြီး တံတားအစား ကွန်ကရစ်ပိုက်လုံးတွေ လုပ်ပေးတယ်။ မိုးရွာတော့ ပိုက်လုံးနဲ့ရေမဆံ့တော့ သွားရေးလာရေး အကုန်ခက်ကုန်တယ်။ နောက်ပြီးတော့ လမ်းလုပ်တယ်တဲ့၊ မြေကြီးကိုဖို့ထားတာ နွေရာသီတော့ နည်းနည်းကောင်းတယ်။ မိုးရာသီဆိုတော့ ဗွက်တွေချည်းပဲ အရမ်းဆိုးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကျားထိန်းသိမ်းရေး ဧရိယာဖြစ်သော်လည်း ဆိုင်းဘုတ်နားတဝိုက်တွင်သာ ဟန်ပြ တောအနည်းငယ် ချန်ထားပြီး တောအကုန် ရှင်းသဖြင့် ကျားလျှောက်လမ်းပင် မရှိတော့ကြောင်း ဝါရာဇွပ်ရာသားတဦးက ပြောသည်။
ယုဇနကုမ္မဏီမှ လယ်ယာများကို ထိုးဆွသည့် ဘူဒိုဇာ ၁၀ စီးကို ရွာသားများက တူမီးသေနတ်နှင့် တားမြစ်ခဲ့သည်အထိ ပဋိပက္ခဖြစ်ခဲ့ဖူးပြီး ပြည်နယ် တရားရုံးသို့ တိုင်ကြားရာတွင်လည်း အမူကို ပလပ်ခဲ့သဖြင့် ၂၄ ရက်နေ့တွင် အထူးအယူခံ ဝင်ထားကြောင်း သိရသည်။
သိမ်းယူထားသည့် လယ်မြေများကို တလအတွင်း လုပ်ကိုင်နိုင်ရေး ပြင်ဆင်ပေးရန် ယဇနကုမ္ပဏီထံ တောင်းဆို ထားသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
၎င်းက “သူတို့တတွေ ညတွင်းချင်းတောင် ဧကများစွာကို ထိုးကော်ပစ်ခဲ့တာ စက်တွေအများကြီးရှိတယ်။ တလဆိုတာ လုံလောက်ပါတယ်” ဟု ပြောသည်။
ဦးဌေးမြင့်၏ ယုဇနကုမ္မဏီကဲ့သို့ပင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္မဏီသည်လည်း လယ်မြေသိမ်းခံရသည့် လယ်သမားများ၏ ဆန္ဒပြမူများနှင့် ရင်ဆိုင်နေရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်သည် ရင်းနှီးမြှုပ်နှံမူကော်မတီတွင် အဖွဲ့ဝင်တဦးလည်းဖြစ်သည်။