ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။
ယင်း အလုပ်သမားများကို ထိုင်း အစိုးရအနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ လူဦးရေ ၁၇ သိန်း ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ ၄ သိန်းသည် နောက်ဆုံး သတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ရင် ရွှေ့ပြောင်းအလုပ်သမား တွေ ကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က ဆက်ပြောသည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း(HRDF)မှ မစ္စတာ အန်ဒီဟောလ် က ပြန်ပို့ခံရနိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်း စာရင်း၌ မြန်မာနိုင်ငံသား ၂ သိန်းခန့် ပါဝင်နေသည်ဟု ကြားသိရကြောင်း ဧရာဝတီ သို့ ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။
အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်၌ ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ်ပရာကန်၊ စူရက်ဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် နိုင်ငံသား စိစစ်ရေးအတွက် ရုံများ ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံသား စိစစ်ရေး လုပ်ငန်း အစီအစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည်ဟု ထိုင်းအစိုးရအနေနှင့် ပြောကြားသော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ် အတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်မှုကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင် တချို့ အ လုပ်သမား ရှားပါးမှုနှင့် စတင်ကြုံတွေ့နေရသည်။
လတ်တလော ကာလအတွင်း၌ပင် မြန်မာ အလုပ်သမားများ တဖြည်းဖြည်း ပြည်တော်ပြန်နေသည်ဟု ရနောင်း ခရိုင် ခရီးသွားလုပ် ငန်း ကော်မတီအကြီးအကဲ တဦးဖြစ်သည့် နိုင်နစ်အွန် တိန်ခစ်က ပြောကြားကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြ ထား သည်။
“အခုဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ သူတွေ ပြည်တော်ပြန်ဖို့ စီစဉ်နေကြတယ်၊ ကြားရသလောက် ဒီမတိုင်ခင် ပြန်ကြတဲ့ သူ တွေလည်း ရှိတယ်၊ လတ်တလော တချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်သမား ရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီ”ဟု ၎င်းက ဆို သည်။
ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။