လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားများက ဖြစ်ရပ်မှန်ကို လွတ်လပ်စွာဖြင့် ပြည်သူ့ အသံနားထောင်ပြီး ဖော်ထုတ်မည် ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။
လက်ပံတောင်းတောင် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မပါဝင်ဘဲ ဆောင်ရွက် သွားလျှင်လည်း ထိရောက်မှု ရှိနိုင်ကြောင်း၊ အဓိကအားဖြင့် ဒေသခံ ပြည်သူများ၏ အသံကို နားထောင်ကာ အခြေအနေကိုကြည့်ပြီး အနယ်နယ် အရပ်ရပ်ရှိ တက်ကြွလှုပ်ရှားသူများ၏ သဘောထားများကိုလည်း ကြည့်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် သံဃာတော်များ၏ စိတ်တွင်း၌ အနာတရ ဖြစ်ကာ ကြီးကျယ်သည့် တပြည်လုံး အုံကြွမှုမျိုး ထပ်မံ ဖြစ်သွားပါက ယခု လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းစဉ် ပျက်ပြယ်သွားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးခန်းတွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ယနေ့ ပြောဆိုခဲ့သည်။
“လက်ပံတောင်းတောင် အရေး စုံစမ်းရေး ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဦးဆောင်နေတယ်ဆိုတော့ ပြည့်စုံနေပြီပါပြီ။ အပြင်က အနာက ကုသရင် ပျောက်သွားနိုင်တယ် သံဃာတော်တွေရဲ့ စိတ်ထဲ အနာတွေဖြစ်နေရင် တပြည်လုံး အုံကြွမှု ဖြစ်သွားနိုင်တယ်။ သံဃာတော်တွေရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ ဆန္ဒတွေကို အပြည့်အ၀ လေးစားပြီး စိတ်ကျေနပ်သည် အထိ ဝန်ချတောင်းပန်ဖို့ လိုအပ်ပါတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ထိခိုက် ဒဏ်ရာရသည့် သံဃာတော်များ၊ ပြည်သူများကိုလည်း ထိတွေ့ခဲ့ကြပြီး ပြင်းထန် ဒဏ်ရာရ သံဃာတော် တချို့ကို မန္တလေး ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ မသွွားသည့် ဒေသခံများကိုလည်း ဆေးရုံသို့ သွားနိုင်ရန် အတွက် လုပ်ဆောင်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကိုဂျင်မီက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
“ငြိမ်းချမ်းစွာ ပြီးစီးသွားအောင်၊ ကော်မရှင် အားကောင်းအောင်လည်း ကြိုးစားသွားမှာပါ။ ပြီးတော့ အခု မျက်ရည်ယိုဗုံးက သာမန်မဟုတ်ဘူး။ ကျနော်တို့လည်း အဲဒါကို ကြုံဖူးတယ်။ ကျန်ခဲ့တဲ့ အပိုင်းအစတွေ၊ ပစ္စည်းတွေကိုယူပြီး၊ စုဆောင်းပြီး ဖော်ထုတ် သွားပါမယ်” ဟု ကို ဂျင်မီက ဆိုသည်။
လက်ပံတောင်းတောင် ကိစ္စ ဆန္ဒပြသူများအား အကြမ်းဖက် ဖြေရှင်းခဲ့မှုနှင့်ပတ်သတ်၍ ထိခိုက် ဒဏ်ရာရရှိသူ ရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန်၊ ထိခိုက်ဒဏ်ရာရခဲ့သည့် သံဃာတော်များအား ဝန်ချ တောင်းပန်ရန်၊စုံစမ်းရေး ကော်မရှင်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည် စစ်ဆေး သုံးသပ်ရန်၊ စုံစမ်းစစ်ဆေး နေစဉ်အတွင်း တူးဖော် ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်နှင့် ဖမ်းဆီး အရေးယူမှုများကို ရပ်တန့်ကာ ထိန်းသိမ်း ထားသူများကို ပြန်လည် လွှတ်ပေးရန်၊ ပြဿနာများကို ညှိနှိုင်း ဖြေရှင်းရန် ၈၈ မျိုးဆက် ကျောင်းသားများက ယနေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်အဖွဲ့ အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျှက်ရှိသော ဖြစ်စဉ်များနှင့် ယင်းစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့် အခြေနေမှန်ကို သိရှိရန်အတွက် လည်ကောင်း၊ ကြေးနီစီမံကိန်းအား သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြုကာ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်းကောင်း ယင်းစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများကို လည်းကောင်း၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ ပြန်လည် စိစစ်ရန်နှင့် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှု၊ သံဃာတော်များ ထိခိုက်ဒဏ်ရာ ရရှိသည့်အပေါ် သုံးသပ်ချက် အစရှိသည်များကို လည်းကောင်း နိုင်ငံတော် သမ္မတရုံးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အစီရင်ခံ တင်ပြရမည်ဟု သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံထားရခြင်းကို မကျေနပ်ရာမှ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုမှုများ ယခုနှစ် မေလမှစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဝမ်ပေါင် ကုမ္ပဏီ အနီးဝန်းကျင်ရှိ သပိတ်စခန်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်းထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်း ရဲများက မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။
ယင်းအတွက်ကြောင့် ဒဏ်ရာရရှိသူများ များပြားခဲ့ပြီး ဒဏ်ရာရရှိသူများတွင် သံဃာတော်များ အများဆုံးဖြစ်၍ တချို့ သံဃာတော်များမှာ အသားအရေများ လောင်ကျွမ်း ပျက်စီးကုန်ကြသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သမ္မတရုံး သတင်း ထုတ်ပြန်ရေးအဖွဲ့မှ ဆန္ဒပြမှုကို ဖြိုခွဲမှုသည် ဒီမိုကရေစီ စနစ်ကျကျ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရေးယူ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်ရည်ယိုဗုံးကိုသာ သုံးစွဲခဲ့ကြောင်း ထုတ်ပြန်ထားပြီး မီးလောင်ဗုံး မသုံးစွဲခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါ ကြေညာချက်ကို နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားခဲ့ကြောင်းသိရသည်။