နှစ်ပေါင်း ၂၅ နှစ်ကြာ ရပ်နားထားခဲ့သည့် လူရည်ချွန် စီမံကိန်းကို အစိုးရသစ် ပညာရေး ဝန်ကြီးဌာနက ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ ပြန်လည် အကောင်အထည် ဖော်နေပြီ ဖြစ်သည်။
တနိုင်ငံလုံးရှိ အဋ္ဌမ တန်း၊ နဝမတန်း၊ ဒသမ တန်းမှ ကျောင်းသားပေါင်း ၄၇၀ကို လူရည်ချွန်အဖြစ် ရွေးချယ်ထားပြီး၊ အမည်စာ ရင်း ကို ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ရွေးချယ်ရာတွင် တနိုင်ငံလုံးရှိ ၅၂ ခရိုင်မှ ထူးချွန်ထက်မြက်သည့် ကျောင်းသားများ၏ ပညာရည်နှင့် ဗဟုသုတ အပါအဝင် ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှုကို အခြေခံပြီး ကျောင်း၊ မြို့နယ်၊ ခရိုင်ဟု အဆင့် ၃ဆင့် စစ်ဆေးပြီးမှ ရွေးချယ်သည်ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဆိုသည်။
အဆိုပါ ဌာန ညွန်ကြားရေးမှူး ဦးဆန်းလွင်က“လူငယ်တွေ တဦးကိုတဦး ချစ်ကြည်ရင်းနှီးမယ်၊ ခရီးတွေသွားရတော့ ဒေသန္တရ ဗဟုသုတ ရစေချင်တာကြောင့် ဒီစီမံကိန်းကို ပြန်စတာပါ”ဟု ပြောသည်။
ရွေးချယ်ခံ လူရည်ချွန် ကျောင်းသားများ၌ အဋ္ဌမတန်း ကျောင်းသားများကို ပုဂံ-ပုပ္ပားဒေသ၊ နဝမတန်း ကျောင်းသားများကို ရှမ်းပြည် တောင်ပိုင်း အင်းလေးကန် ဒေသတဝိုက်၊ ဒသမတန်း ကျောင်းသားများကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေ ခရီး သွားရောက်ကာ နေပြည်တော်၌ စခန်းသိမ်းပွဲ ပြုလုပ်မည် ဖြစ်သည်ဟု ဆိုသည်။
ယခု စီမံကိန်းကို ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက် ဆိုရှယ်လစ်ခေတ် ပညာရေးစနစ် လူရည်ချွန်စီမံကိန်းအတိုင်း ပြန်လည် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုရှယ်လစ်ခေတ် လူရည်ချွန်စီမံကိန်းမှာ သတ္တမတန်းမှ စတင်ကာ တက္ကသိုလ်တန်းများအထိ ရွေးချယ်ပြီး ရန်ကုန် အင်းလျားလေး လူငယ်စခန်းမှနေ၍ အင်းလေး ခေါင်တိုင်၊ ငပလီ ရွှေဝါချိုင် လူရည်ချွန်စခန်းနှင့် စက်စဲ မောင်းမကန်၊ ပုပ္ပား၊ ပြင်ဦးလွင်၊ ကျိုင်း တောင်း ရေတံခွန် စသည့်ဒေသများသို့ အပန်းဖြေခရီးအပြင် ဗဟုသုတ ရရှိစေရန် စက်ရုံ၊ အလုပ်ရုံ၊ ကျောင်းများကို လေ့လာရေး ပြုလုပ် စေသည်။
ထိုစဉ်က လူရည်ချွန်များကို စစ်တပ်ပုံစံအတိုင်း တပ်ခွဲ၊ တပ်စုများဖွဲ့စည်းထားကာ အထက်အောက် အုပ်ချုပ်စေပြီး၊ ဦးထုပ်၊ လည်စည်း၊ အကျႌအဖြူနှင့် ဘောင်းဘီရှည် အစိမ်းရောင်၊ ကင်းဗတ်ဖိနပ် များကို ဝတ်ဆင်စေသည်။
စခန်း သွင်းထားစဉ်အတွင်း အသိပညာ ဗဟုသုတ ရရှိစေရန် စာရေးဆရာ၊ ကဗျာဆရာကြီးများ အစရှိသည့် ထင်ရှားသော ပုဂ္ဂိုလ်ကြီး များကို ဖိတ်ခေါ်ကာ ဟောပြောပွဲများလည်း ပြုလုပ်ပေးသည်။
လူရည်ချွန်စီမံကိန်း စတင်စဉ်က ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသားများကို မှန်ကန်စွာရွေးချယ်နိုင်ခဲ့သော်လည်း နောက် ပိုင်းတွင်မူ အုပ်ချုပ်သူ ပါတီ၊ ကောင်စီဝင်များနှင့် နီးစပ်သူများကို ဦးစားပေးရွေးချယ်လာသည်ဟု လူအများ၏ ပြောဆိုဝေဖန်မှုများရှိခဲ့ သည်။
အရှေ့ ဥရောပ ဆိုရှယ်လစ် တိုင်းပြည်တခုဖြစ်သည့် ချက်ကိုစလိုဗက်ကီးယား ၏ လူငယ်ကျောင်းသားများ ပုံစံအတိုင်း ဖွဲ့စည်း ခဲ့သည့် လူရည်ချွန်စီမံကိန်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင်မူ ဖျက်သိမ်းခြင်းခံခဲ့ရပြီး ယခု အစိုးရသစ် လက်ထက်တွင် ပြန်လည်အကောင်အထည် ဖော်ခြင်းဖြစ်သည်။