ချင်းအမျိုးသားများ ရွေးချယ်ရမည့် ပြည်ထောင်စုစနစ်၊ အကျိုးရှိမည့် အုပ်ချုပ်ရေးစနစ် စသည်တို့ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ လူထု တွေ့ဆုံပွဲနှင့် လူနေမှုဘဝများအကြောင်း သဘောထားစစ်တမ်း ကောက်ယူပွဲများကို မတူပီ၊ ထန်တလန်နှင့် တီးတိန် ဆက်ဆံရေးရုံး နယ်မြေများတွင် ယခုလ နောက်ဆုံးပတ်မှ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) ၏ ပြန်ကြားရေးဋ္ဌာနမှ သတင်းရရှိသည်။
မတူပီ ဆက်ဆံရေးရုံး နယ်မြေများ ဖြစ်သည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ ရေရွာ၊ ဆမီး စသည့်မြို့နယ်များရှိ နေရာပေါင်း ၄၀ ကျော်တွင်လည်းကောင်း၊ ထန်တလန် ဆက်ဆံရေးရုံး နယ်မြေများဖြစ်သည့် ဟားခါးမြို့၊ ထန်တလန်မြို့နှင့် ဖလမ်းမြို့နယ် များရှိ နေရာပေါင်း ၃၀ တွင်လည်းကောင်း၊ တီးတိန် ဆက်ဆံရေးရုံး နယ်မြေများဖြစ်သည့် တီးတိန်၊ တွန်းဇံ၊ ကျီခါးမြို့နယ်များရှိ နေရာပေါင်း ၃၀ တွင်လည်းကောင်း စုစုပေါင်း နေရာ ၁၀၀ကျော်တွင် ယင်းတွေ့ဆုံပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် ပြည်သူလူထုလည်း တက်တက်ကြွကြွ ပါဝင်လာစေရန်နှင့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ၎င်းတို့၏ ဆန္ဒ အမှန်ကို ဖော်ထုတ်လာစေရန်ဖြစ်ကြောင်း ပြန်ကြားရေးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“လူထုတွေကို ခိုင်းနှိုင်းချက်တွေ ပြတယ်၊ ဥပမာ – တပြည်ထောင်စနစ်နဲ့ ပြည်ထောင်စုစနစ် ကွာခြားချက်တွေ၊ အားနည်ချက်နဲ့ အားသာချက်တွေကို ချပြတယ်၊ ချင်းပြည်သူတွေက အဲဒါမှ ရွေးချယ်လို့ ရမယ်လေ။ အခြေခံ လူတန်းစားတွေ အချိန်တို အတွင်းမှာ နားလည်နိုင်မယ့် ပုံစံမျိုးနဲ့ ရှင်းပြသွားမယ်။ သူတို့ရဲ့ လူနေမှုဘဝနဲ့ စီးပွားရေး အကြောင်းတွေကို စစ်တမ်း ကောက်သွားမယ်” ဟု CNF ပြန်ကြားရေး တာဝန်ခံ ပူးငိုင်းကြားထန်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ယခုလ ၂၂ ရက်မှ စတင်သည့် ယင်းလူထုတွေ့ဆုံပွဲနှင့် စစ်တမ်း ကောက်ယူပွဲများကို ၂ လမှ ၅ လအတွင်း အပြီးသပ်ကာ၊ ချင်းပြည်နယ် ပြင်ပရှိ ပြည်နယ်နှင့်တိုင်း အသီးသီးတွင်နေထိုင်သည့် ချင်းလူမျိုးများနှင့်လည်း ထပ်မံ တွေ့ဆုံမှုများ ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သူကဆက်လက်၍ “အဲဒီ ရလာတဲ့ သဘောထားစစ်တမ်းတွေကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလလောက်မှာ ကျင်းပမယ့် ချင်းအမျိုးသား ညီလာခံမှာ တင်ပြပြီး အတည်ပြုသွားမှာပါ။ အဲဒီညီလာခံက တပ်ဦးရော၊ နိုင်ငံရေးပါတီတွေရော ပါတဲ့ ချင်းအမျိုးသားထု တရပ်လုံး အတွက် ညီလာခံပါ” ဟု ပြောသည်။
CNF သည် ပြည်ထောင်စုအစိုးရနှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ၊ မေနှင့် ဒီဇင်ဘာလများတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့် ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ လူထုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ အစိုးရနှင့် CNFတို့ သဘောတူညီ လက်မှတ် ရေးထိုးထားသည့် အချက်များအနက် “လူထုတွေ့ဆုံပွဲများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ရန်” ဆိုသည့်အချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သိရသည်။