ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့ သွားရာ မြို့ခံများက ဝင်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီနီ္နမြို့မှ ပြန်လှည့်ခဲ့ရသည်။
ဧရာဝတီမှ ရရှိသောသတင်းများအရ လားရှိုးမှ ယမန်နေ့ မနက် ခရီးထွက်လာသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချိုတို့ ဦးစီးသည့် အဖွဲ့ကို ဟိုပန်မြို့မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့မှ သီန္နီတွင် လာရောက်ဆီးကြိုပြီး ဟိုပန်မြို့အဝင်အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကြောင်း၊ မြို့ခံ ဦးခွန်စိန်ဦးစီးသည့်အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇ စီးဖြင့် ခေါ်လာပြီး ဟိုပန်မြို့အဝင် တံတားတွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင်မည်ဖြစ်ပြီး လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အာမခံ တာဝန်ယူပေးနိုင်ရန်မှာ မလွယ်ကူကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ လားရှိုးသို့ ပြန်လှည့်လာကြောင်း သိရသည်။
“ပြောစရာကလည်း များတယ်။ ပြီးတော့ ပွဲကျင်းပဖို့က အစကတည်းက လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်ပြီးသွားပြီ။ ဒေသခံက အစ သဘောတူတယ်။ ဒါပေမယ့် ပွဲကျင်းပမယ့်နေ့ရောက်မှ ဘာဖြစ်မှန်း မသိဘူး။ သူတို့ဘက်က လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်စိတ်ကြောင့် သီန္နီမြို့ကနေ
လားရှိုးကို ပြန်လှည့်ခဲ့ပါတယ်” ဟု ဦးပြုံးချိုက ဧရာဝတီကို ဖုန်းမှတဆင့် ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လားရှိုးမြို့အခြေစိုက် သတင်းထောက် ဦးမောင်မောင်သန်းက “ ဟိုပန်မြို့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ သူတို့လုပ်ရက်တွေကို သိမှာစိုးလို့ မြို့အဝင်မခံ ခိုင်းတာလည်း ဖြစ်မှာပါ။ ပြီးတော့ ဟိုပန်က ရှမ်းပြည်နယ် လွှတ်တော် ဟိုပန်ကိုယ်စားလှယ် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တရားဝင်လုပ်ကွက် မဟုတ်တာတွေကို သိသွားမှာ ကြောက်လို့ပေါ့။ အဲ့က အရမ်းပြဿနာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် လားရှိုးမြို့၊ ဟိုပန်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် နမ့်ဆမ်မြို့တို့တွင် နယ်မြေခံ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားနေကြသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားသည်။