ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား အစိုးရက ထောင်ကြွေးကျန် ၆ နှစ် ကျခံစေခြင်းဖြင့် ၎င်းတို့အား လူသိရှင်ကြား ပြောဆိုဝေဖန်နေသူများကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုလိုက်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခါအားလျော်စွာ ဝေဖန်လေ့ရှိသူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ထောင်ဝတ်စုံ ပြန်တောင်းခြင်းဖြင့် အနှောက်အယှက် ပေးသကဲ့သို့ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်အားလည်း မကြာသေးမီက ပြည်ထဲရေးဝန်ကြီးဌာနသို့ ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုများကို ဝေဖန်ပြောဆိုလေ့ရှိပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ လယ်သမားများအရေး လိုက်ပါ ဆောင်ရွက်နေသည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးနေမျိုးဇင်ကို အကြည်ညို ပျက်စေမှုဖြင့် ထောင် ၆ လ ချမှတ်သည့်အပြင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို အမိန့်ဖြင့် ယခင် ထောင်ကြွေးကျန်များကို ထပ်မံ ကျခံစေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချိုပ် နာယက တဦးလည်း ဖြစ်သူ ဦးဝင်းတင်က “ကျနော်တို့လို၊ မင်းကိုနိုင်တို့လို အစိုးရနဲ့ သဘောမတူတဲ့ နိုင်ငံရေးကိစ္စတွေမှာ ပြောဆိုဝေဖန်နေသူတွေ ပြစ်မှုတခုပေါ်လာရင် ထောင်ထပ်ကျရမယ်ဆိုတာကို သွယ်ဝိုက်ပြလိုက်တာ၊ နိုင်ငံရေး မလုပ်ဝံ့အောင် ခြိမ်းခြောက်လိုက်တာ” ဟု ယူဆကြောင်း ပြောသည်။
ထို့အပြင် အစိုးရသည် လွတ်ငြိမ်းချမ်းသာဆိုသည့် စကားလုံးကို အသုံးပြု၍ အကျဉ်းသားများက လွှတ်ပေးသည် ဆိုသော်လည်း ထောင်ကြွေးကျန်ဆိုသည့် ပုဒ်မ ၄၀၁ ဖြင့် ဆက်လက် ချည်နှောင်ထားကြောင်း၊ ယင်းပုဒ်မကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် သာမန်ပြစ်မှု ဖြစ်ပွားလျှင်ပင် ထောင်ကြွေးကျန်နှင့် ရောနှောကာ အရေးယူနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် အာဏာပိုင်များက ထောင်မှလွှတ်ပေးစဉ်ကပင် ပုဒ်မ ၄၀၁ နှင့် ပတ်သက်၍ လက်မခံသလို လက်မှတ်လည်း မထိုးခဲ့ပေ။ အလားတူ ဦးနေမျိုးဇင်သည်လည်း လက်မှတ်ထိုးခဲ့ခြင်းမရှိဟု သိရသည်။
ရှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိနေသည့် ၈၈ ပွင့်လင်း လူအဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးဟု ပြောဆို ဆောင်ရွက်နေချိန်တွင် ပြည်ထဲရေးဝန်ကြီးက ဦးနေမျိုးဇင်အပေါ် ထောင်ကြွေးကျန်ဖြင့် ထပ်မံ ပြစ်ဒဏ်ချခြင်းကို သဘောမတူကြောင်း၊ ထောင်ကြွေးကျန်စနစ်ကို ဖျက်သိမ်းပစ်သင့်ကြောင်း သီပေါမြို့တွင် လူထုဖြင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းတွင် ဖော်ပြထားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း “အားလုံး ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်မှာ အခုလိုမျိုးဖမ်းတော့ ၄၀၁ နဲ့ လွှတ်ထားတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြိမ်းခြောက်တာပဲ” ဟု ဆိုသည်။
ဦးနေမျိုးဇင်အား ထောင်ဒဏ်ချမှတ်ခြင်းသည် သမ္မတ ဦးသိန်းစိန်၏ အစိုးရ တဖွဲ့လုံး သဘောထား သို့မဟုတ် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သီးခြားသဘောထားဖြစ်သည်ကိုမူ ကွဲကွဲပြားပြား မသိကြောင်း ဦးကိုကိုကြီးက ဆက်ပြောသည်။
မိမိတို့ အနေဖြင့် နိုင်ငံသားတယောက် လိုက်နာသင့်သည့် တာဝန်ရှိသည့် ဥပဒေများကိုသာ လိုက်နာမည်ဖြစ်ပြီး နိုင်ငံသား အခွင့်အရေးကို ထိခိုက်သည့် ဥပဒေများကို ဆန့်ကျင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးနေမျိုးဇင်အား ပုဒ်မ ၄၀၁ အရ ထောင်ကြွေးကျန် ပြစ်ဒဏ်ခံစေခြင်းနှင့် ပတ်သက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ဤအပြုအမူသည် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအပေါ် များစွာ အကျိုးသက်ရောက်စေပြီး၊ အပြုသဘောဆောင်သည့် နိုင်ငံရေး ဆောင်ရွက်ချက်များအပေါ် ထိခိုက်မှု ရှိစေကြောင်း၊ ယခုအချိန်သည် မြန်မာနိုင်ငံသားများအားလုံး အချင်းချင်းတွေ့ဆုံရမည့် အချိန်ဖြစ်ပြီး ထိတွေ့တိုက်ခိုက်မှုများ ရှောင်ကြဉ်သင့်သည့် အတွက် ဦးနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။