ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်မည့် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် တစ်ခုဖြစ်သော River Ferry ခရီးစဉ်သစ်တစ်ခုကို ရေကြောင်း ပို့ဆောင်ရေးဦးစီး ဋ္ဌာနနှင့် FMI ကုမ္ပဏီတို့ပူးပေါင်း၍ နှစ်ထပ်သင်္ဘောငယ်တစင်းဖြင့် စတင်ပြေးဆွဲပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးစီးဋ္ဌာနမှ သိရသည်။
လှိုင်မြစ်ကို အသုံးပြုကာ လှိုင်သာယာနှင့် လမ်းမတော်မြို့နယ်သို့ ခရီးသည် ၂၈၀ ကို တင်ဆောင် ပြေးဆွဲမည့် တံလျှပ်ရေယာဉ်ခရီးစဉ်ကို ပြီးခဲ့သည့် မေ ၁၅ရက်က စတင် ခဲ့ပြီး မနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန် ၂ချိန်ဖြင့် စတင်ပြေးဆွဲနေကြောင်း သိရသည်။
ယခင် ဋ္ဌာနကပြေးဆွဲနေသည့် “တံလျှပ်”အမည်ရ ရေယာဉ်အား ပြန်လည်ပြုပြင်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး၊ ယာဉ်စီးခမှာ ခရီးစဉ်တစ်ကြောင်း လျှင် ၂၅၀ကျပ် သတ်မှတ်ထားကြောင်း ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး ဦးစီးဋ္ဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ကပြောသည်။
“အရင်က ဋ္ဌာနက ဆွဲပေးတုန်းက ရန်ကုန်တိုင်း မ.ထ.သနဲ့ညှိပြီး ကုတို့ဆိပ်အထိ ဘတ်စ်ကားတွေ ဝင်ဆွဲပေးဖို့ လုပ်ခဲ့တယ်။ အပေါ်က ညွှန်ကြားပေမယ့် တကယ်တမ်းအောက်ခြေမှာက ကားဆရာတွေက မဝင်ပေးချင်တော့ ခရီးသည်တွေက သီးသန့်ကြီး လာမစီးနိုင်ကြဘူး။ သိပ်မှန်းထားသလောက် မအောင် မြင်ခဲ့ဘူး။ အရှုံးခံပြီး ဆွဲခဲ့ရတယ်”ဟု ဒုတိယအထွေထွေမန်နေဂျာ ဦးရှိန်းယောက ဧရာဝတီသို့ပြောသည်။
အဆိုပါ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးခရီးစဉ်ကို လှိုင်သာယာမြို့နယ်ရှိ ရှမ်းချောင်းဆိပ်ကမ်းမှ စဉ့်အိုးတန်းဆိပ်ကမ်းသို့ မနက် ၆နာရီခွဲတစ်ကြိမ်နှင့် အပြန်ခရီးစဉ်ကို ညနေ ၆နာရီတွင်တစ်ကြိမ် ပြေးဆွဲနေပြီး လက်ရှိအခြေအနေတွက် ခရီးသည်စီးနင်းလိုက်ပါမှု နည်းပါးနေသေးကြောင်း FMI ကုမဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိဆိုက်ကပ်နေသည့် ကုတို့ဆိပ်နှစ်ခုအပြင် နောက်ပိုင်းတွင် ကြည့်မြင်တိုင်ဈေးကြီးဆိပ်ခံတံတားသို့လည်း အသွားအပြန်ဆိုက်ကပ်ခြင်းများ ပြုလုပ် သွားမည်ဖြစ်ပြီး၊ ကားမှတ်တိုင်များမှ ကုတို့ဆိပ်သို့ အခမဲ့ကားဖယ်ရီများလည်း ပြေးဆွဲရန် စီစဉ်ထားကြောင်း သူကပြောသည်။
“ မနက်ပိုင်းမှ လှိုင်သာယာဘက်ကနေ ရန်ကုန်ဘက်ကို လိုက်တဲ့သူနဲတယ်။ ညနေပိုင်းအပြန်မှာတော့ များတယ်။ အချိန်တိုးပြီး ၂ စီးအသွားအပြန်ဆွဲပေး နိုင်ရင်တော့ စီးတဲ့သူတွေများလာမယ်။ ဒါပေမယ့် အခုက ရှုံးဖို့များနေတဲ့အတွက် ၂ စီးမဆွဲနိုင်သေးဘူး။ ကြည့်မြင်တိုင်ကမ်းမှာ ကပ်နိုင်အောင်တော့ ဆိပ်ကမ်းအာဏာပိုင်ဆီမှာ ခွင့်တောင်းထားတယ်” ဟု FMI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမော်သိန်းက ဆက်လက်ပြောသည်။
ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ရန်ကုန်မြို့တဖက်ကမ်းရှိ ဒေသများသို့ River Ferry စနစ်ဖြင့် ပြေးဆွဲပေးလျှက်ရှိသည့် ယာဉ်လိုင်း ၅ ခုရှိပြီး ယင်းတို့မှာ ပန်းဆိုးတန်း-ဒလ၊ ဝါးတန်း-ဒလ၊ စဉ့်အိုးတန်း-ဆာပါချောင်၊ ပန်းဆိုးတန်း-ဆိပ်ကြီး၊ ပန်းဆိုးတန်း-ခနောင်တို ခရီးစဉ်များ ဖြစ်သည်။ ယင်းခရီးစဉ်များကို နေ့စဉ် ခရီးသွား ၄ သောင်းနီးပါး အသုံးပြုလျှက်ရှိကြောင်း ပြည်တွင်းရေကြောင်း၏ စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်းတစ်ခုတည်းကိုသာ အများဆုံးအသုံးပြုနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ကားကြပ်ခြင်း စသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်း၍လည်းကောင်း၊ နိုင်ငံတော် သမ္မတအမိန့်ဖြင့် မကြာသေးခင်ကဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကလည်းကောင်း ရေရှည်စီမံကိန်းများပြုလုပ်လျှက်ရှိသည်။
ယင်းစီမံကိန်းများအနက် ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို River Ferry စနစ်များဖြင့် အားဖြည့်လုပ်ဆောင်သွားမည့် အချက်လည်း ပါဝင် သည်။