မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တရုတ် အစိုးရက ပြန်လည် စတင်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ကိုယ်စားလှယ်များကို ပြောဆိုသည်ဟု သိရသည်။
တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီမှ ကိုယ်စားများသည် တရုတ်နိုင်ငံသို့ ယခု လဆန်းပိုင်းတွင် သွားရောက် လည်ပတ်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။
“နှစ်နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်လို့ မြစ်ဆုံကိစ္စ ပြန်စချင်တယ်ဆိုတာ ရှင်းပြတယ်။ ဒီအတိုင်း မလုပ်ဘဲနဲ့ ထားလိုက်ရင် အချည်းနှီး ဖြစ်သွားမယ် ဆိုပြီးတော့လည်း တရုတ်ဘက်က ပြောတယ်။ ကျနော်တို့ အနေနဲ့တော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာမျိုး၊ သဘောထား မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
NLD ပါတီသည် အာဏာရ ပါတီအဖွဲ့အစည်း မဟုတ်ကြောင်း၊ ယခု ခရီးစဉ်သည်လည်း နှစ်ပါတီ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးအတွက်သာ ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း NLD ကိုယ်စားလှယ်က ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသော စုံစမ်းရေးကော်မရှင်အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၎င်းတို့အနေဖြင့် လေးစားဂုဏ်ယူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလည်း ထောက်ခံကြောင်း တရုတ်အာဏာပိုင်များက ပြောဆိုကြောင်း သိရသည်။
“ဒေါ်စုကိုလည်း ထောက်ခံတယ်၊ NLD ပါတီကလည်း အလားအလာ ကောင်းနေတယ်၊ နိုင်ငံ့တာဝန်တွေ ယူလာနိုင်တယ်။ ဒါကြောင့် ကျနော်တို့ ပါတီနဲ့ ရေရှည် ဆက်ဆံချင်တယ်။ စီးပွားရေးအရလည်း အလုပ်လုပ်လိုတဲ့ အကြောင်းတွေ ပြောတယ်။ သူတို့ ပါတီရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အကျယ်တဝင့် ရှင်းပြတယ်” ဟု ဦးညီပုက ပြောသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရ၏ အကြံပေးအဖွဲ့ဖြစ်သော ယူနန် လူမှုသိပ္ပံ အကယ်ဒမီ (Yunnan Academy of Social Sciences) မှ ပါမောက္ခများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည်လည်း မြစ်ဆုံ စီမံကိန်း အပါအဝင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ရန်ကုန်မြို့၌ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများ အပေါ် မြန်မာ ပြည်သူများ၏ ဆန္ဒသဘောထားကို တရုတ်ကိုယ်စားလှယ် အဖွဲ့က မေးမြန်းကြောင်း၊ ထို့အတူ တရုတ်ပြည်သူများနှင့် မြန်မာ ပြည်သူများအကြား ပြည်သူချင်း ထိတွေ့ဆက်ဆံမှု၊ မြန်မာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်မည့် စီမံကိန်းများကို ၈၈ ကျောင်းသားများ အဖွဲ့ကလည်း သဘောမတူကြောင်း စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအံ့ဘွယ်ကျော်က ဧရာဝတီသို့ ပြောသည်။
“မြစ်ဆုံ စီမံကိန်းဟာလည်းပဲ ကန့်ကွက်တာ၊ ဆန့်ကျင်တာကို မြန်မာတပြည်လုံးက ခဏခဏ လုပ်ဆောင်ခဲ့တယ်။ ဒီတော့ ပြည်သူတရပ်လုံးက မလိုလားတာကို ပြန်စမယ်ဆိုရင်လည်းပဲ ပြဿနာတွေက ဆက်လက် ဖြစ်နေဦးမှာပဲ ဆိုတာတွေကို ကျနော်တို့က ရှင်းပြတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံ စီမံကိန်းအား အကောင်အထည်ဖော်ပါက နှစ်နိုင်ငံအတွက် လျှပ်စစ်မီးများ ရရှိမည် မှန်သော်လည်း ဧရာဝတီမြစ်သည် မြန်မာနိုင်ငံသားများ၏ သမိုင်းကြောင်းဆိုင်ရာ တန်ဖိုး မဖြတ်နိုင်သည့် အရာဖြစ်၍ အလေးထား စဉ်းစားဖို့လိုအပ်ကြောင်း၊ ထို့အတူ အနာဂတ် မျိုးဆက်များအတွက်လည်း ထည့်သွင်း စဉ်းစားဖို့ အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
“မြစ်ဆုံစီမံကိန်း တည်ဆောက်ရင် နောင်လာနောင်သားတွေအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမလဲ ဆိုတာ အရေးကြီးတယ်။ အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ကြတယ်။ ပညာရှင်တွေကလည်းပဲ ဒီစီမံကိန်းဟာ ရေရှည်မှာ အကျိုးမရှိဘူး၊ နောင်မျိုးဆက်တွေ အတွက်လည်းပဲ ဆိုးကျိုးတွေ များမယ်ဆိုတာ ပြောထားပြီးသားကိစ္စပါ” ဟု ကိုအံ့ဘွယ်ကျော် က ဆိုသည်။
ယူနန်ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့်လည်း ရန်ကုန်မြို့၌ ယမန်နေ့က တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်ထားသော တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
ယခင်စစ်အစိုးရ လက်ထက်၌ ချုပ်ဆိုထားသော လက်ပံတောင်းတောင် စီမံကိန်းသည် နှစ်ပေါင်း ၆၀ အထိ ထုတ်လုပ်ပိုင်ခွင့် စာချုပ်ထားခြင်းသည် များလွန်းကြောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ၃၅ နှစ်သာ ရင်းနှီးမြှုပ်နှံခွင့် ပေးထားကြောင်း၊ ထို့ကြောင့် တရုတ်စီမံကိန်းများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည် ချုပ်ဆိုသင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း စာချုပ်များ ပြန်ချုပ်ဆိုပိုင်ခွင့် ဥပဒေကို ပြဌာန်းထားပြီးဖြစ်ကြောင်း စသည်တို့အား တရုတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။
“နှစ် ၆၀ ဆိုတာ သိပ်များလွန်းတယ်။ နောက်တခုက တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပစ္စည်းတွေချည်းပဲ မြန်မာနိုင်ငံမှာ လာပြီး ပုံအော ရောင်းနေတယ်။ ဒီတော့ အလုပ်သမား အရင်းအမြစ်ကြီး ဆုံးရှှုံးစေတယ်။ ပြည်တွင်းပေါက်ဖော် ဆက်ဆံရေး ကောင်းဖို့ ဆိုရင် မြန်မာနိုင်ငံမှာလာပြီးတော့ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက် ထုတ်လုပ်ဖို့ အတွက်လည်းပဲ တရုတ်ကိုယ်စား လှယ်တွေနဲ့ ဆွေးနွေးဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်းသည်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအတွက် ဆိုးကျိုးများ ပေးနိုင်သည့် အတွက်လည်းကောင်း၊ ကချင်တိုင်းရင်းသားများ အလေးအမြတ်ထားသည့် မြစ်ဆုံ အမှတ်အသား ပျောက်ကွယ်သွားမည် ဖြစ်၍ လည်းကောင်း စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် မသင့်တော်ကြောင်း ၎င်းက ပြောသည်။
တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာအစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု သိရပြီး ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၎င်း၏ သမ္မတ သက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။