လားရှိုးမြို့နယ်အတွင်းနေထိုင်ကြသည့် မွတ်စလင်များကို လားရှိုးမြို့ ရပ်ကွက် ၁၂ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီး ကျောင်းအတွင်းတွင် ဒုက္ခသည်စခန်း ဖွင့်လှစ် ခိုလှုံခွင့်ပေးနေကြောင်း သတင်းရရှိသည်။
ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် နောက်ဆုံး ရရှိသော သတင်းများအရ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်း အတွင်း ရပ်ကွက်အသီးသီးမှ မွတ်စလင် အိမ်ထောင်စု ၂၃၉ အိမ်ထောင်စု၊ လူဦးရေအားဖြင့် ၁၃၅၉ ဦး ရောက်ရှိနေကြောင်း သိရသည်။
“လူတွေက ထပ်ထပ် တိုးလာတယ်။ ငွေကြေး တတ်နိုင်တဲ့သူတွေကတော့ မန္တလေးအထိ ပြေးကြတာပေါ့။ ကျနော်တို့လို လူတန်းစားတွေကျတော့ အနီးအနားတော၊ တောင်တွေ ထဲပဲ ပြေးရတာ။ ကိုယ့်ဟာကိုယ် ပုန်းတာနဲ့ စာရင် ဒီ ဘုန်းကြီးကျောင်းမှာ နေရတာ ပိုအသက်ရှူချောင်တယ်” ဟု မန်ဆူ ရှမ်းကျောင်းတွင် ခိုလှုံနေသူ မွတ်ဆလင် တဦးက ဆိုသည်။
ရပ်ကွက်များအတွင်း ကျန်ရှိနေသော ဒုက္ခသည်များကို သက်ဆိုင်ရာမှာ ရှာဖွေ ကယ်ဆယ်နေပြီး မန်ဆူရှမ်းကျောင်းသို့ ပို့ပေးနေကြောင်း သိရသည်။
“ရပ်ကွက်ထဲ ကျန်နေတဲ့သူတွေကို ခေါ်ဖို့ ကျနော်တို့ အဖွဲ့ ငါးဖွဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့တွေက ရပ်ရွာထဲမှာ လိုက် ကြေညာတယ်၊ စုံစမ်းတယ်၊ သတင်းရတာနဲ့ ကျနော်တို့ တပ်နဲ့ လှမ်းချိတ်တယ်။ တပ်က လုံခြုံရေးအပြည့်နဲ့ သွားခေါ်တယ်၊ သူတို့ကပဲ ဒီကို လာပို့တယ်။ ဒါက ဖြစ်ကတည်းက နေ့စဉ်လုပ်နေတာပါ။ အစကတော့ ဒုက္ခသည်တွေကို သက်ဆိုင်ရာ နယ်မြေ ရဲကင်းတွေမှာ ထားပေမယ့် မနေ့မနက်က စလို့ ဒီကျောင်းကို ပြောင်းလာပေးတာပါ” ဟု လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးအောင်ကိုကိုက ဧရာဝတီကို ပြောသည်။
မွတ်စလင် ဒုက္ခသည်များကို ရှာဖွေရန်အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူး ၁ ဦး၊ လက်ထောက် ညွှန်မှူး ၁ ဦး၊ ဌာနဆိုင်ရာ ၄ ဦး၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ ၃ ဦးစီ၊ ရဲအရာရှိ ၁ ဦးနှင် လုံခြုံရေးအင်အား ဆယ်ဦး၊ သံဃာတော် ဆယ်ပါး ပါဝင်သော အဖွဲ့ ငါးဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
မန်ဆူ ရှမ်းကျောင်းအတွင်းရှိ ဒုက္ခသည် သုံးပုံ ၂ ပုံကို ယနေ့ ညနေပိုင်း ထမင်းစားပြီးချိန်တွင် မြို့နယ် အားကစားရုံသို့ ထပ်မံ ပို့ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“ဒီမှာ လူအရမ်းများလာတော့ မိုးရွာရင် ကော်ရစ်ဒါမှာ နေနေရသူတွေ အတွက် ဒုက္ခရောက်နိုင်တယ်။ အဲဒါကြောင့် အခု အားကစားရုံမှာ အိမ်သာ ထပ်ဆောက်နေတယ်။ ဒီညနေတော့ သူတို့ကို ပြောင်းပေးပါမယ်” ဟု ဦးအောင်ကိုကိုက ဆိုသည်။
မန်ဆူ ရှမ်းကျောင်းရှိ ဒုက္ခသည်များ စီမံခန့်ခွဲရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ကော်မတီ ဖွဲ့စည်းထားပြီး ကျောင်းထိုင်ဆရာတော်နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ ဒုက္ခသည်များ၏ စားရေး သောက်ရေးအတွက် ပုဂ္ဂလိက အလှူရှင်များ၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ဆန်အိတ်များ လှူဒါန်းထားပြီး ကျန်းမာရေး ဆေးပေးခန်းကိုပါ ဒုက္ခသည်စခန်းအတွင်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။