ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု ယူဆရသော မြန်မာနိုင်ငံသား တဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ထံမှ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ်(ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါး တို့ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက နေအိမ် တအိမ်တွင် ယမန်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ နေအိမ်တွင် ဇော်ကိုကိုအောင်နှင့် ထိုင်းနိုင်ငံသား တဦးကို ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား တင်နိုင်ဦး ဆိုသူမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။
“အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ရဲတွေ ဖမ်းမိထားတဲ့ ဆေးခြောက်တွေဟာ အဲဒီအိမ်မှာနေတဲ့ မြန်မာ ၂ ယောက်ဆီကနေ တထုပ်ကို ဘတ် ၂၀၀ နဲ့ ဝယ်တာ ဖြစ်တယ် ဆိုပြီးတော့ ထွက်ဆိုထားတယ်”ဟု ဖူးကက်မြို့နယ်မှ ရဲအရာရှိကြီး တဦး ကပြောကြောင်း ထိုင်းသတင်းများက ဆိုသည်။
ဇော်ကိုကိုအောင်ကလည်း ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ၎င်း၏ ပစ္စည်းများ မဟုတ်ကြောင်း၊ ထွက်ပြေး သွားသည့် တင်နိုင်ဦးထံမှ ရရှိခြင်း ဖြစ်ကြောင်း ငြင်းဆိုထားသည်။
ဖူးကက်မြို့နယ်မှ ရဲအရာရှိကြီးက“ဘာပဲ ဖြစ်ဖြစ် ၂ ယောက် စလုံးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင် ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဆက်ပြောသည်။
သက်သေခံ ပစ္စည်းများ အဖြစ် ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ဝ.၄၅နှင့် ဝ.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေး ပြား (ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်းရမိထားကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရ သည်။
လတ်တလာတွင် ဖမ်းဆီးခံရသူ ၂ ဦးကို ဖူးကက်မြို့နယ် အတွင်းရှိ ကာလွန် (Karon) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ထိုင်း သတင်းများတွင် ပါရှိသည်။
ထိုင်းဥပဒေအရ မူးယစ်းဆေးဝါးရောင်းဝယ် ဖောက်ကားမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း အထိ ကျခံရနိုင်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကလည်း မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား တဦးတို့ကို ရာဘ စိတ်ကြွဆေးပြား ၂ သိန်းနှင့်အတူ ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မြန်မာနှင့် ထိုင်းနိုင်ငံသားတို့ကို ချင်းမိုင်-ဘန်ကောက် ပြေးဆွဲနေသည့် လိုင်းကားပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။
နိုင်ငံခြားသား ခရီးသွားများ အပန်းဖြေရာ ဒေသအဖြစ် နာမည်ကြီးသည့် ဖူးကက်မြို့နယ်တွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၇ သောင်း မှ ၁ သိန်းခန့် အထိရှိကြောင်း သိရသည်။
ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
မြန်မာအစိုးရက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ကို ဖွဲ့စည်း၍ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် သတ်မှတ်လိုက်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။