တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် မန္တလေးတိုင်းတွင် ခွေးများ ဖမ်းဆီးစုဆောင်းနေသူကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်တွင် ခွေးလေခွေးလွင့်များ အပါအဝင် ခွေးကောင်ရေ ၁၇၂ ကောင် ဖမ်းဆီးမွေးမြူထားသူ ဦးထွန်းလင်းကို သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးပြီး မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့က ဥပဒေပုဒ်မ ၉၀ ဖြင့် အရေးယူခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဦးထွန်းလင်းကို တရားမဝင် လိုင်စင်မဲ့ လွှဝိုင်းထားရှိခြင်းကြောင့် စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနက သစ်တောပုဒ်မဖြင့် လည်းကောင်း၊ ပလိပ်မြို့နယ် ရဲစခန်းက ပို့ကုန်ပုဒ်မနှင့် လိုင်စင်မဲ့ မော်တော်ယာဉ် သိမ်းဆည်းရမိမှုများနှင့် လည်းကောင်း အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ဦးထွန်းလင်းသည် ယခင်ကတည်းကပင် သက်ဆိုင်ရာ ဌာန၊ တပ်ဖွဲ့၊ စည်ပင်သာယာတို့၏ ခွင့်ပြုချက်များဖြင့်သာ တရုတ်နိုင်ငံသို့ ခွေးများတင်ပို့ခြင်း ဖြစ်ကြောင်း ဦးထွန်းလင်း၏ ဇနီးက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ အရင်ကတည်းက ခွေးလေခွေးလွင့်တွေကို သက်ဆိုင်ရာဌာန ခွင့်ပြုချက်တွေနဲ့ ပို့ခဲ့တာပါ။ စည်ပင်ဌာနရဲ့ တရားဝင် ဖြတ်သန်းခွင့် စာရွက်တွေလည်း ကျမတို့ဆီမှာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
စည်ပင်ဌာနက ဦးထွန်းလင်းကို ခွေးလေခွေးလွင့်များအား ဖမ်းဆီးပြီး စွန့်ပစ်ခိုင်းကြောင်း၊ နယ်စပ်ဘက်သို့ သွားရောက်ရင်း တရုတ်နိုင်ငံတွင် ခွေးဈေးကွက်ကို သိရှိခဲ့ရာမှ စဉ့်ကိုင်တွင် ခွေးလေခွေးလွင့်များကို ဖမ်းဆီးကာ တရုတ်နိုင်ငံဘက်သို့ ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေး စည်ပင်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ပလိပ်မြို့ ရှိ စည်ပင်သို့ ဆက်သွယ်ရန်သာ ပြောကြားခဲ့သည်။
မန္တလေး ပတ်ဝန်းကျင်ရှိ ခွေးလေခွေးလွင့်များကိုလည်း လိုက်လံဖမ်းဆီးပြီး ယင်းခြံတွင် လှောင်ထားကာ တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ တရုတ်နိုင်ငံသို့ တပတ်လျှင် ခွေးကောင်ရေ ၄၀၀ တင်ပို့ကြောင်း၊ ကားတစီးလျှင် ခွေးကောင်ရေ ၂၀၀ ပါကြောင်း ဦးထွန်းလင်းက ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု သိရှိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ခွေးတကောင်လျှင် ကျပ် ၁ သောင်းကျော် ရရှိပြီး ခွေချောခွေးသန့်ဆိုလျှင် ကျပ် ၂ သောင်းကျော် ရကြောင်း၊ ဖမ်းဆီးထားသည့် ခွေးများတွင် အိမ်မွေးခွေးများပါလာပြီး ပိုင်ရှင်က လာရောက် ခေါ်ထုတ်လျှင် ခွေးတကောင် ကျပ် ၇ ထောင်ဖြင့် ထုတ်ပေးကြောင်းလည်း သိရသည်။
ခွေးချစ်သူ တဦးဖြစ်ပြီး ခွေးများကို ကယ်ထုတ်ရန် ကြိုးစားခဲ့သည့် ရန်ကုန်မှ မမြတ်သက်မွန်က “ကျမက ဒီခွေးတွေကို သနားလို့ ဝယ်မယ်လုပ်တော့ တကောင်ကို ကျပ် ၇၀၀၀ ဆိုပြီး ပြောတယ်။ ရှေ့ကလူတွေ ဝယ်တုန်းက တကောင်ကို ၃၀၀၀ တဲ့။ ကျမလည်း ရှိစုမဲ့စုလေးတွေ စုပြီး ခွေး အကောင် ၆၀ ဝယ်လိုက်တာပါ။ ကျန်တဲ့ခွေးတွေကို ဝယ်ဖို့ လုပ်နေတုန်းမှာပဲ သူက နောက်နှစ်ရက်ဆိုရင် ဒီခွေးတွေကို တရုတ်ပြည် ပို့တော့မှာ ဖြစ်တဲ့အတွက် ကျမလည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဌာန ၁၁ ခုကို စာရေး တင်လိုက်တာပါ။ နောက်ပြီး သတင်းမီဒီယာတွေကိုလည်း ဖွင့်ပြောလိုက်တယ်။ အဲဒီ အတောတွင်းမှာပဲ ခွေးဖမ်းတဲ့သူကို လာဖမ်းသွားတာပါ” ဟု ပြောသည်။
ခွေးများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသဖြင့် မမြတ်သက်မွန်သည် မန္တလေးသို့ လာရောက်ပြီး ခွေးများကို ကယ်တင်ရန် ကြိုးစားနေသူဖြစ်ကြောင်း၊ ယခုအခါ ကယ်တင်ထားသည့် ခွေး ၁၀၀ ကျော်ကို ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။
“တရုတ်တွေက ခွေးသားကို တအားကြိုက်ကြတယ်။ ဈေးကွက်မှာ မြန်မာပြည်ဘက်က ခွေးဆိုရင် ဈေးကောင်း ပေးဝယ်ကြတယ်။ မြန်မာပြည်ဘက်က ခွေးတွေက ဆေးဖက်ဝင်တယ်လို့ ပြောတယ်။ အသားကလည်း စားကောင်းတယ်ပေါ့” ဟု မမြတ်သက်မွန်က ဆက်ပြောသည်။