၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့က နိုင်ငံရေးပါတီ ထူထောင် မည်ဟု ပြောဆိုခဲ့ပြီး ယင်းပြောဆိုချက် အပေါ် ပြည်သူများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့် နေကြသော်လည်း ယနေ့အထိ အကောင် အထည်ဖော်နိုင်ခြင်း မရှိပေ။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်က ယခုနှစ် ဇွန်လအတွင်း သွားရောက်ခဲ့သည့် အမေရိကန် ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ထူထောင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်ရှိ အခြေအနေတွင် တိုင်းပြည် တည်ဆောက်ရေး၊ နိုင်ငံရေးအင်အားစုများ ညီညွှတ်လာစေရန် ကြိုးပမ်း နေရပြီး ပါတီနိုင်ငံရေး ဆောင်ရွက်ရန် ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင် တချို့က ဧရာဝတီသို့ ပြောဆိုကြသည်။
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် နိုင်ငံရေး ပူးတွဲ ဆောင်ရွက်ရန် ဆွေးနွေးခဲ့သော် လည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ ဒီမိုကရေစီ ဘက်တော်သားဟု ကြွေးကြော်နေသူများ ကြားတွင် အယူအဆမျိုးစုံဖြင့် ပါတီ၊ အဖွဲ့အစည်း မျိုးစုံကွဲပြား နေခြင်း၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့သည် အရပ်ဖက် လူ့အဖွဲ့အစည်းတွင်သာ ပါဝင်ဆောင်ရွက်ရန် အားသန်နေခြင်းတို့ကြောင့် နိုင်ငံရေးပါတီ ထူထောင်ရန် နှောင့်နှေးကြန့်ကြာနေရကြောင်း သိရှိရသည်။
”စိန်ခေါ်မှု တွေက နေရာတိုင်းမှာ ရှိနေတယ်။ ပိုကြီးလာဖို့ပဲ ရှိတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့က ဒီမိုကရေစီ အင်အားစု တွေ စုပေါင်းပြီး တော့မှ တပ်ပေါင်းစုပုံစံ သွားနိုင်ဖို့လိုတယ်။ NLD ဦးဆောင်တဲ့ တပ်ပေါင်းစု လုပ်နိုင်ရင် အကောင်းဆုံးပဲ။ တပ်ပေါင်းစု မူသွားဖို့ NLD ပါတီကို အကြိမ်ပေါင်းများစွာတင်ပြခဲ့တယ်။ အကြိမ်တိုင်းမှာ NLD က ငြင်းပယ်ခဲ့တယ်။ တပ်ပေါင်းစု မူက ဖြစ်နိုင်ခြေ အတော်နည်းနေတယ် ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျက
ပြောသည်။
နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ၈၈ မျိုးဆက်ကျောင်းသားများ နိုင်ငံရေးပါတီတရပ် ထူထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီနှင့် မဟာမိတ်ဖွဲ့ နိုင်ငံရေး ဆောင်ရွက်မည်ဆိုပါက တိုင်းပြည် အနာဂတ် နိုင်ငံရေး အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ထူထောင်ခြင်းသည် အရပ်ဘက် လူမှုအဖွဲ့အစည်း ထက် ပိုမို ခက်ခဲသည့်အပြင် စိန်ခေါ်မှုများ ပိုများသောကြောင့် ပါတီနိုင်ငံရေး ဆောင်ရွက်ရန် တွန့်ဆုတ်နေသည်ဟု ထင်မြင်ကြောင်း ဧရာဝတီသို့ ပြောသည်။
”ပါတီ နိုင်ငံရေးကို လုပ်ဖို့ဆိုရင် ပါတီရှိရပါမယ်။ ၈၈ မျိုးဆက်တွေထဲက ပါတီထောင်ဖြစ်ခဲ့ရင် NLDပါတီနဲ့ မဟာမိတ် ဆက်ဆံရေးကို ထူထောင်ရပါမယ်။ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို နာယကတင်တာမျိုး လုပ်နိုင်ရင် ကောင်းပါတယ်။ နောက် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုတာ NLDနဲ့ လက်တွဲမှဖြစ်မယ်ထင်ပါတယ်။ သီးခြားရပ်တည်၊ ဝင်ပြိုင်ရင်တော့ နိုင်ခြေ အတော့်ကို နည်းပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဒေါ်အောင်ဆန်းစုကြည် ခေတ်အလွန် တိုင်းပြည်၏ နိုင်ငံရေး တွင် ဦးဆောင်ရမည့် မျိုးဆက်မှာ ၈ လေးလုံးမှ စတင်ပြီး ယနေ့အချိန်အထိ ပါဝင်လာခဲ့သော နိုင်ငံရေး မျိုးဆက်သစ်တခုက တိုင်းပြည်အနာဂတ်ကို ပုံဖော်ရမည်ဖြစ်ကြောင်း ပြောသည်။
၈ လေးလုံး ကာလ အတွင်း ပေါ်ပေါက်လာခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုဇေယျကမူ ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း ဖြတ်သန်းခဲ့သူအားလုံး စုစည်းထားသော နိုင်ငံရေးပါတီတရပ်ကို ၂၀၁၄ ခုနှစ်တွင် ထူထောင် မည်ဖြစ်ကြောင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် လာရောက် ပူးပေါင်းပါဝင်မည် ဆိုပါက နွေးထွေးစွာ ကြိုဆိုကြောင်း၊ တနိုင်ငံလုံး ပြန့်ကျဲနေတဲ့သူများကို စုစည်း၍ ညီညွှတ်ရေးကို အလေးပေး လုပ်ဆောင်မည် ဖြစ်ကြောင်း ကိုဇေယျက ဆိုသည်။
“ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတာ ကျနော်တို့ လူ့ဘောင်သစ် ထောင်ဖို့ကို ၈၈ စက်တင်ဘာလ အာဏာသိမ်းခါနီးမှာ သဘောတူပြီးတော့ လူ့ဘောင်သစ်အနေနဲ့ တရားဝင်ရပ်တည်ခဲ့ကြတာပါ။ အခုလည်း ကိုမင်းကိုနိုင်တို့နဲ့ ကျနော်တို့ သဘောထားက မဝေးပါဘူး ” ဟု ကိုဇေယျက ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တရားဝင် ဖိတ်ခေါ်သော်လည်း ၈၈ မျိုးဆက်ကျောင်းသားများကမူ လတ်တလော အခြေအနေတွင် လူ့ဘောင်သစ်ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရေးကို ဆုံးဖြတ်ချက်မပေးနိုင်သေးဟု ပြောဆိုကြသည်။
”လူ့ဘောင်သစ်ဒီမိုကရက်တစ်(ပါတီ)ကို ထောင်ခဲ့တဲ့အထဲမှာ ကျနော်က တယောက်အပါအဝင်ပါ။ ဗဟို အလုပ် အမှု ဆောင်ရော စည်းရုံးရေးမှူးရော ကျနော်လုပ်ခဲ့ပါတယ်။ အခု အချိန်မှာက နိုင်ငံရေး အာဏာရဖို့ အပြိုင် အဆိုင် ကြိုးစား တာထက် နိုင်ငံပြုရေးက အရေးကြီးနေတယ်။ ဒီမိုကရေစီကို တည်ဆောက်ဖို့အတွက် ပြိုင်ဆိုင်တာက ပိုကောင်းတယ်။ အခုတိုင်းပြည်မှာလိုအပ်တာက ဒီမိုကရက်တိုက်ဇေးရှင်းဗျ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးကမူ”သူငယ်ချင်း အချင်းချင်း ခင်ရုံနဲ့တော့ တိုင်းပြည်တခုကို
တည်ဆောက် လို့ မရနိုင်ဘူးလေ။ လူဘောင်သစ်နဲ့ ကျနော်တို့ဆိုတာလည်း ညီအစ်ကိုတွေပဲလေ။ တခုရှိတာက ဒီမိုကရက်တစ် နိုင်ငံတခုကို သွားတဲ့အခါမှာ ပန်းတိုင်းပွင့်ဖို့လိုတာပေါ့ဗျာ။ ကိုယ်ချည်းပဲ ရှင်သန်နေလို့ ဘယ်ရမလဲ။ တခြား ပန်းတွေလဲ ရှင်သန်ခွင့် ရှိရမယ်။ ဒါမှ ရနံ့စုံတဲ့ပန်းခင်းကြီးဖြစ်မှာ ”ဟု ပြောကြားသည်။
နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန် ၈၈ မျိုးဆက်ကျောင်းသားအားလုံး အမြင်သဘောထား မတူညီ ကြသော်လည်း မတူသော အခြေအနေတွင် အားလုံး ဝိုင်းလုပ်နိုင်ခြင်းပင်လျှင် ဒီမိုကရေစီ ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်များသည် တဦးနှင့်တဦး သံယောဇဉ် အလွန်ကြီးကြကြောင်း၊ မတူညီမှုများနှင့် အတူ အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဆိုကြသည်။
”ကျနော်တို့မှာ အမြင်မတူတာတွေ သဘောထားကွဲလွဲတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က သံယောဇဉ်ကြီးတယ်ဗျ။ တယောက်နဲ့တယောက်စာနာမှု နားလည်မှု အပြည့်ရှိကြတယ်၊ လိုအပ်ရင် လူထုတောင်းဆိုချက်အရ နိုင်ငံရေးမှာဝင်ပါဖို့ ကျနော်တို့ ညီအစ်ကိုတချို့မှာ ပြင်ဆင်မှုတွေ ရှိထားတယ် ”ဟု ကိုဂျင်မီက ပြောဆိုသည်။
မြန်မာ့ နိုင်ငံရေးအင်အားစု တခုဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ၂၀၁၅ ရွှေးကောက်ပွဲ ဝင်ပြိုင်ပြီး ပါတီ နိုင်ငံရေးကို ဝင်ရောက်ရန် ပြင်ဆင်မှုများ ရှိနေပြီး ကိုမင်းကိုနိုင်နှင့် ကိုမြအေး ၂ ဦးမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွင် ဆက်လက် ပါဝင်နိုင်ပြီး ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ ၊ ကိုဂျင်မီနှင့် ကိုလှမျိုးနောင်တို့ အပါအဝင် အခြားသော ကျောင်းသားခေါင်းဆောင်များမှာ ပါတီသစ်တခု ထူထောင်၍လည်းကောင်း၊ တည်ရှိပြီးသား ပါတီတခုသို့ ဝင်ရောက်၍ လည်းကောင်း ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲကို ဝင်ကြဖွယ်ရှိ ကြောင်း သိရှိရသည်။
”နိုင်ငံရေး အင်အားစုတွေ ညီညီညွှတ်ညွှတ် လုပ်ဖို့ လိုနေတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေထဲကပဲ ပါတီတွေ အများကြီးဖြစ်လာရင် အင်အားစုတွေ ပြန့်ကျဲသွားလိမ့်မယ်။ အခုက ဒီမိုကရေစီအင်အားစုတွေ စုစည်းပြီး တခုတည်းသော နိုင်ငံရေးပါတီလုပ်နိုင်ဖို့က ဘယ်လိုမှ အခြေအနေမပေးဘူး။ မဖြစ်နိုင်တော့ဘူး”ဟု ကိုမင်းဇေယျက ပြောဆိုသည်။