အမေရိကန်နိုင်ငံထုတ် Apple အမှတ်တံဆိပ် ကုန်ပစ္စည်းများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။
ယနေ့ ဂျန်းရှင်း မော်တင် ဈေးဝယ်စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် Apple ထုတ်ကုန် အမှတ်တံဆိပ် ပစ္စည်းများ ရောင်းချမည့် MDrive ဆိုင်ဖွင့်ပွဲနှင့် သတင်းစာတွင် ရှင်းလင်းပွဲအပြီးတွင် Magellan Group ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ် မြန်မာပြည်တွင် Apple ထုတ်ကုန်များကို ပထမဆုံး တရားဝင် ကိုယ်စားလှယ်ယူ ရောင်းချခွင့် ရရှိထားသည့် MDrive အရောင်းဆိုင်၏ တာဝန်ရှိသူလည်း ဖြစ်သူ ကိုမြတ်ထူးက အထက်ပါ အတိုင်း ဧရာဝတီသို့ ပြောသည်။
“ကုမ္ပဏီဝန်ထမ်းဆိုရင် သက်ဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ၊ သူဌေးရဲ့ ထောက်ခံကြောင်း လက်မှတ်လိုတယ်၊ ဒါဆိုရင် တခြား ဘဏ်အကောင့်လည်း မလိုဘဲနဲ့ ထောက်ခံစာ တခုနဲ့တင် အရစ်ကျ စနစ်နဲ့ ရဖို့လုပ်ပေးမယ်။ နောက်တခုကတော့ ကိုယ်တိုင် ဖြစ်ဖြစ်၊ သက်ဆိုင်သူ တယောက်ကဖြစ်ဖြစ် ဘဏ်မှာ ငွေစုထားမယ်ဆိုရင် အာမခံပေးလို့ရမယ်” ဟု ကိုမြတ်ထူးက ရှင်းပြသည်။
ထို့အပြင် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ၎င်းတို့ ကုမ္ပဏီရှိ ကွန်ပျူတာ များကို Apple ထုတ်ကုန်များဖြင့် လဲလှယ်လိုပါက ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုကြောင်း လက်မှတ်ထိုးမည် ဆိုပါက Mdrive အရောင်းဆိုင်မှ အရစ်ကျ ဝယ်ယူမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း အာမခံငွေကို ဘဏ်တွင် အာမခံအဖြစ် တင်ထားပေးမည် ဖြစ်ကြောင်း၊ Apple ထုတ်ကုန် ပစ္စည်းများမှ မည်သည့်အမျိုးအစားကို မဆို တနှစ် အရစ်ကျ ကာလသတ်မှတ် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် ချိတ်ဆက်ထားသည့် ဧရာဝတီဘဏ်မှ တာဝန်ရှိသူကလည်း သတင်းစာ ရှင်းလင်းပွဲတွင် Apple ထုတ်ကုန်ပစ္စည်းများ အရစ်ကျ ဝယ်ယူမည့်သူများအတွက် ချေးငွေများ ထုတ်ပေးရန် အဆင်သင့် ရှိနေပြီဟု ပြောကြား သွားသည်။
MDrive အရောင်းဆိုင် အနေဖြင့် Apple ပစ္စည်းကိုင်ထားသည့် မည်သူမဆို အခမဲ့ အကောင့်ဖွင့်နည်း၊ ဂိမ်းများ၊ တခြား ဆော့ဖ်ဝဲလ် အသုံးပြုနည်းများ ကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဟု သိရသည်။
“မြန်မာနိုင်ငံမှာ အရစ်ကျစနစ်နဲ့ ရောင်းတာတွေ တဖြည်းဖြည်း တိုးလာတာ ကောင်းပေမယ့် ပစ္စည်းတခု ဝယ်မယ်ဆိုရင် အဆင့်ဆင့် ဖြတ်နေရတာ အချိန် အရမ်းကြာတယ်၊ ဆမ်ဆောင်းမှာ အရစ်ကျ ရောင်းတုန်းကလည်း ပစ္စည်းဝယ်ဖို့ တလကျော်လောက် စောင့်ရသလို ထောက်ခံချက်တွေလည်း အများကြီး တောင်းတယ်၊ AGD ဘဏ်နဲ့ ချိတ်ဆက် ရောင်းတာတွေလည်း အဲဒီလိုပဲပေါ့။ အာမခံချက်တွေ၊ အာမခံပေးမယ့်သူတွေ အများကြီး တောင်းနေတော့ အရစ်ကျ ဝယ်ဖို့ လူတွေ စိတ်မဝင်စားကြတော့တာ” ဟု MDrive အရောင်းဆိုင် ဖွင့်ပွဲသို့ တက်ရောက်လာသည့် ကိုဇော်မျိုးထွန်းက ပြောသည်။
လက်ရှိတွင် ဟန်းဆက်များ၊ ကင်မရာ၊ ဆိုင်ကယ်၊ လက်ပ်တော့၊ ကား နှင့် ဆင်းကတ် စသည့် ကုန်ပစ္စည်းများ အရစ်ကျ စနစ်ဖြင့် ရောင်းချမှုကို အာရှစိမ်းလန်းရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGD) နှင့် ပုဂ္ဂလိက ကုမ္ပဏီတချို့က ဆောင်ရွက်နေပြီး နာမည်ကြီး အမှတ်တံဆိပ်တခု ဖြစ်သည့် ဆမ်ဆောင်း ကုမ္ပဏီကလည်း ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက် ရှိသည်။
ထို့အပြင် ကားကုမ္ပဏီများနှင့် ပြင်ပ ဖုန်းအရောင်းဆိုင် တချို့ကလည်း သက်ဆိုင်ရာ ဘဏ်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူ၏ ထောက်ခံချက်ဖြင့် သော်လည်းကောင်း ကုန်ပစ္စည်းများကို အချိန်ကာလ သတ်မှတ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။