ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့နယ် အတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၄ နှစ် ဗီဇာသက်တမ်း ကုန် ဆုံးမည့် ပြဿနာ ရှိနေခြင်းကြောင့် အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်ရမည်ကို ထိုင်း စီးပွားရေး လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြသည်။
“ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဒီကိစ္စကို မဖြေရှင်း ရသေးဘူး၊ ဒါကြောင့် စက်မှုလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပြီ”ဟု စမွတ်ဆခွန်ခရိုင် အလုပ်သမားရေးရာ အကြီးအကဲ တဦးဖြစ်သည့် နိုင်စူဝမ်းဒွမ်းတာက ပြောဆိုသည်။
ဗီဇာ ၄ နှစ် သက်တမ်း ကုန်ဆုံးသူ မြန်မာ အလုပ်သမား ၃ သောင်းခန့် ရှိသည်ဟု စမွတ်ဆခွန်ခရိုင် နိုင်စူဝမ်းဒွမ်းတာက ပြောကြား ကြောင်း breakingnews.nationchannel.com အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
မဟာချိုင် ဒေသတွင် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ တသိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း၊ ယခုပြဿနာကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်စူဝမ်း က ဆက်ပြောသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ သဘောတူထားသည့် နားလည်မှု စာချွန်လွှာ(MOU) အရ ဗီဇာ သက်တမ်း ၄ နှစ် ပြည့်သွားသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အားလုံး မိခင်နိုင်ငံသို့ ၁ လ ပြန်လည် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ နောက် တကြိမ် ပြန်လည် ဝင်ရောက် အလုပ်လုပ်ကိုင်ရမည် ဖြစ်သည်။
မဟာချိုင်သည် ရေထွက်ပစ္စည်း အပါအဝင် အထည်ချုပ်စက်ရုံ အများအပြားရှိသည့် နေရာလည်း ဖြစ်သည်။
အလုပ်ရှင်များသည် အလုပ်သမားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ကျော်လွင်က “အလုပ်ရှင်တွေကလည်း သူတို့ အလုပ်သမားတွေကို အကြာကြီး မပြန်စေချင်ဘူး။ အလုပ်သမားတွေ အနေနဲ့လည်း သက်သာ ချောင်ချိရေး ဖြစ်စေချင်တဲ့ အတွက် နယ်စပ်တွေကိုပဲ ခဏပြန်သွား၊ အမြန်ဆုံး ပြန်သွားတဲ့ စနစ်ကို ကျင့် သုံးမယ်ဆိုပြီးတော့ ညှိနှိုင်း ဆောင်ရွက်ထားတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းညှိနှိုင်းချက် မည်သည့် အချိန်တွင် အကောင်အထည် ဖော်ဆောင်မည်ကိုမူ ပြောကြားခြင်း မရှိပေ။ သို့သော် နယ်စပ်ဒေသများတွင် ရုံးများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် ချွန်ဘူရီ ခရိုင်ရှိ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း ၄ နှစ် ကုန်ဆုံး၍ အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
မဟာချိုင်မြို့နယ် အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN)မှ တာဝန်ခံ ကိုဇော်က “ချွန်ဘူရီမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေကို အလုပ်ရှင်က အလုပ်ဖြုတ်လိုက်တာတွေ ရှိတယ်၊ ဗီဇာသက်တမ်း ကုန်သွားပြီဆိုရင် အလုပ်ရှင်က လက်မခံရဲဘူး”ဟု ပြောသည်။
လက်မခံရဲသည့် အလုပ်ရှင်တချို့ကလည်း MWRN အဖွဲ့အစည်းထံသို့ ဆက်သွယ်မေးမြန်းကြကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့်ရှိပြီး ၁ သန်း ၇ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားကြောင်း၊ ယင်းတို့အထဲမှ ဗီဇာသက်တမ်း ၄ နှစ် ကျော်လွန်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း သိရသည်။