ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက် တည်ဆောက်နေတဲ့ ကုလားတန် စီမံကိန်းရဲ့ ဆက်လက် လုပ်ကိုင်မယ့် ကုလားတန်ခေါ် ကစ္ဆပနဒီ မြစ်ကြောင်းတလျှောက် တူးဖော်ရေးလုပ်ငန်းတွေအပေါ်မှာ ဒေသခံတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကုလားတန် စီမံကိန်းရဲ့ အဓိကကျတဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေဟာလည်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ်နိုင်မှာ ဖြစ်တယ်လို့ ဆိပ်ကမ်း တည်ဆောက်နေတဲ့ Essar ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ မစ္စတာ Sanjay Waghmare က ဧရာဝတီကို ပြောပါတယ်။
စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း တွေ ပြီးစီးရင် ကုန်တင်သင်္ဘောကြီးတွေ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ဖို့ မြစ်ကြောင်းတလျှောက် တူး ဖော်ရဦးမှာပါ။ အဲဒီလို တူးဖော်ရင် မြစ်ကြောင်းထဲက သဲတွေကိုကမ်းပေါ်တင်တဲ့အခါ မြစ်ကြောင်းတလျှောက် မှာရှိတဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ယာ၊ ကိုင်းကျွန်း စိုက်ခင်းမြေတွေအပေါ် ဖုံး လွှမ်းသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
“မြစ်ကြောင်းကို မကြာခင် တူးဖော်တော့မယ်ပဲ ကြားတာပါ၊ ဘယ်လိုတူးမယ်ဆိုတာ သေချာမသိရ တော့ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် ရာသီအလိုက် လုပ်ကိုင်စားလာတဲ့ စိုက်ခင်းတွေ၊ လယ်ယာမြေတွေ ပျောက်ဆုံးသွားမှာကို တအားစိုးရိမ်တယ်”လို့ ပလက်ဝ ဒေသခံတဦးက ဧရာဝတီကို ပြောပါတယ်။
မြစ်ကြောင်းတူးဖော်ရေး စီမံကိန်းမှာ စစ်တွေ ဒေသမှ ကုလားတန်မြစ်ကြောင်းအတိုင်း တူးဖော်မှာ ဖြစ်ပြီး အဲဒီကတဆင့် ချင်းပြည်နယ် ပလက်ဝ အထက်ပိုင်းကနေ အိန္ဒိယနယ်စပ်အထိ တူးဖော်မှာ ဖြစ်ပါတယ်။ အဲဒီ တူးဖော်ရေး လုပ်ငန်းတွေအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၇၀ဝ အထိ အကုန်ခံ တည်ဆောက်သွားမယ်လို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် အစိုးရ သတင်းစာ တွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် မြစ်ကြောင်းတလျှောက်က ပြည်သူ တွေ ထိခိုက်နစ်နာမှုမရှိဘဲ ဘယ်လိုတူးဖော် ဆောင် ရွက်သွားမယ်ဆိုတာကိုတော့ အစိုးရအာဏာပိုင်တွေ အနေနဲ့ ပွင့်လင်းမြင်သာအောင် ရှင်းလင်းပြောဆိုမှု တွေ မရှိတဲ့အပေါ်မှာလည်း ဒေသခံတွေက စိုးရိမ် မကင်း ဖြစ်ကြတာပါ။
မြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်မျိုးနွယ်စုဝင် တွေနဲ့ ချင်းတိုင်းရင်းသား အများစုဟာ လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်တာ၊ တံငါလုပ်ငန်းနဲ့ အသက် မွေးနေကြတာကြောင့် မိမိတို့ လုပ်ငန်းခွင်တွေ ထိခိုက်ပျက်စီးသွားမှာကို ပူပန်နေကြပါတယ်။ ဒါ့အပြင် စီမံကိန်း လုံခြုံရေးကို အကြောင်းပြုပြီး စစ်တပ်တွေ၊ ရဲတပ်ရင်းတွေ တိုးချဲ့တည်ဆောက်လာ မှာ၊ မြေသိမ်းမှု၊ လယ်သိမ်းမှုတွေ ဖြစ်ပေါ်လာမှာကို လည်း ဒေသခံတွေက မလိုလားကြပါဘူး။
ကုလားတန်မြစ်ရဲ့ ဘေးတဖက်တချက်က မြေတွေဟာ သဘာဝ မြေဆီဩဇာတွေ ကောင်းမွန်တာ ကြောင့် ကိုင်းကျွန်း၊ စိုက်ခင်းတွေ လုပ်ကိုင်တဲ့ တောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အောင် မြင်ဖြစ်ထွန်းပြီး စားဝတ်နေရေး၊ သားသမီးတွေရဲ့ ပညာရေး၊ လူမှုရေး စတဲ့ လူမှုဘဝ ပြဿနာတွေကို ဖြေရှင်းပေးနေတဲ့ အဖိုးမဖြတ်နိုင်တဲ့ မြစ်ကြီးတစင်း လို့လည်း ဆိုရမှာပါ။ ကစ္ဆပနဒီခေါ် ကုလားတန်မြစ် ဟာ ရခိုင်ပြည်ထဲက အဓိကကျတဲ့ မြစ်ကြီးလေးသွယ် အနက် အရှည်ဆုံးနဲ့ အရေးပါဆုံး မြစ်ကြီးတစင်း လည်း ဖြစ်ပါတယ်။
မြစ်ကြောင်းတလျှောက်မှာ စိမ်းစိုတဲ့ စိုက်ခင်း တွေကို တွေ့ရသလို ထူထပ်တဲ့ တောင်တန်းကြီးငယ် အသွယ်သွယ်ကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒါ့ အပြင် မြစ်ရေတွေဟာလည်းပဲ ရေချိုဖြစ်တာကြောင့် မြစ်ကြောင်းတလျှောက် နေထိုင်ကြသူတွေဟာ အဲဒီ ရေကိုပဲ သောက်သုံးရေအဖြစ် ဘိုးစဉ်ဘောင်ဆက် အသုံးပြုလာခဲ့ကြတာပါ။
တကယ်လို့ ကုလားတန်မြစ်ကြောင်းတလျှောက် တူးဖော်တော့မယ်ဆိုရင် အဲဒီမြစ်ရေကို အသုံးပြုနေ ကြတဲ့ ဒေသခံတွေအတွက် သောက်သုံးရေပြဿနာ လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အစိုးရအနေနဲ့ အဲဒီ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေအတွက် ဘယ်လို ဆောင်ရွက်မှုမျိုးကိုမှ ကြိုတင် ပြင်ဆင်ထားတာ မတွေ့ရသေးပါဘူး။
အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ လုပ်ဆောင် ချက်တွေ၊ တာဝန်ယူ၊ တာဝန်ခံမှု အားနည်းတာတွေ ကြောင့် မကျေနပ်မှုတွေ၊ ဆန္ဒပြ ကန့်ကွက်မှုတွေဟာ လည်းပဲ နောက်ဆက်တွဲ ပြဿနာတွေအဖြစ် ပေါ် ထွက်လာနိုင်ဖွယ် ရှိပါတယ်။
စစ်တွေဆိပ်ကမ်း စတင် တည်ဆောက်စဉ်ကလည်း စစ်တွေမြို့ ဆေးရုံကြီးနဲ့ နီးကပ်နေတာ၊ မြို့ခံတွေ အပန်းဖြေအနားယူနေတဲ့ မြို့ရဲ့ အချက် အချာကျတဲ့ နေရာတွေနဲ့ နီးကပ်တာကြောင့် နေရာ ပြောင်းရွှေ့တည်ဆောက်ပေးဖို့ ဒေသခံတွေက ကန့် ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် အောင်မြင်မှု မရ ခဲ့ကြပါဘူး။ အဲဒီအပေါ်မှာလည်း ဒေသခံတွေက ကျေနပ်မှုမရှိကြသေးဘူးလို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။
“စီမံကိန်းက ထုတာထောင်းတာတွေကို ဆေးရုံ ကလူနာတွေ နားမခံနိုင်တာကြောင့် ကန့်ကွက်ကြ တော့ ညဘက် လူတွေအိပ်ချိန်မှာ ခိုးပြီးလုပ်ကြတယ်၊ ဒီလိုနဲ့ပဲ အခုဆို ပြီးစီးတော့မှာပေါ့၊ ကျနော်တို့က ဆိပ်ကမ်းကို မလိုလားတာမဟုတ်ပါဘူး၊ လူနေရပ်ကွက် နဲ့ဝေးတဲ့နေရာကိုပြောင်းပြီးလုပ်ဖို့အတွက် ကန့်ကွက် ရတာပါ”လို့ စစ်တွေမြို့ခံ ဦးကျော်စိန်ကပြောပါတယ်။
ကုလားတန် စီမံကိန်းကို ၂၀ဝ၈ ခုနှစ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတွေက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀ဝ၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ကုလားတန် စီမံ ကိန်းမှာ စစ်တွေဆိပ်ကမ်း စီမံကိန်း၊ ကုလားတန် မြစ်ကြောင်းတူးဖော်ရေး စီမံကိန်းနဲ့ ပလက်ဝ ဆိပ် ကမ်းစီမံကိန်း၊ ကားလမ်း စတာတွေ ပါဝင်ပါတယ်။ စစ်တွေဆိပ်ကမ်းနဲ့ တခြားတည်ဆောက်ရေးတွေ အတွက် အမေရိကန်ဒေါ်လာ ၂၁၄ သန်း သုံးစွဲသွား ဖို့လည်း အိန္ဒိယအစိုးရက သတ်မှတ်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ စစ်တွေဆိပ်ကမ်းကို အသုံးပြု ပြီး အရှေ့အာရှ၊ အရှေ့တောင်အာရှ အာဆီယံနိုင်ငံ တွေအပြင် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းနဲ့ပါ ချိတ်ဆက်ကုန်သွယ်မှု ပြုနိုင်တော့မှာမို့ အိန္ဒိယ အတွက် မဟာဗျူဟာမြောက်တဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကိုလည်း စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ဆိပ်ကမ်းတို့ကတဆင့် အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက် ပြည်နယ်တွေကို ပို့ဆောင်မှာဖြစ်ပါတယ်။
အိန္ဒိယ အစိုးရအနေနဲ့ ကုလားတန် စီမံကိန်းကို တည်ဆောက်တာဟာ ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းတွေရဲ့ လုံခြုံရေး အတွက် ပင်လယ်ပြင်မှာ တရုတ်စစ်တပ်တွေရဲ့ လွှမ်းမိုးလာမှုကို ထိန်းညှိလိုတဲ့အတွက် နိုင်ငံရေး မဟာဗျူဟာအရ တည်ဆောက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
စစ်တွေဆိပ်ကမ်း ပြီးစီးသွားရင် အိန္ဒိယအစိုးရ က မြန်မာအစိုးရကို တရားဝင် လွှဲပြောင်းပေးအပ်မှာ ဖြစ်ပြီး ဗဟိုအစိုးရကပဲ တိုက်ရိုက်ချုပ်ကိုင် စီမံခန့်ခွဲ တာ၊ အခွန်ကောက်ခံတာ၊ အလုပ်သမား ခန့်အပ်တာ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်မှာလည်း ဖြစ်ပါ တယ်။
ဗဟိုအစိုးရရဲ့ ချုပ်ကိုင်ထားမှုတွေကြောင့်ပင် လျှင် ရခိုင်ပြည်သူတို့ရဲ့ စီမံကိန်းအပေါ် မျှော်လင့် ချက်ကင်းမဲ့နေတာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်း ဟာ မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အကျိုးအမြတ်ပဲ ရရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူတွေရဲ့ အကျိုးခံစားခွင့် နည်းမှာဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေ လုပ်ပိုင်ခွင့်ရဖို့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပေးနိုင်ရင်တော့ ၂၀၁၅ ရွေးကောက် ပွဲအလွန် ကာလတွေမှာ အကျိုးတစုံတရာ ခံစားခွင့် ရလာနိုင်ပါတယ်။
စီမံကိန်းနဲ့ဆက်စပ်ပြီး ဒေသခံတွေရဲ့ နစ်နာမှု တွေကို ကူညီတဲ့အနေနဲ့ ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက မြန်မာအစိုးရကို အမေရိကန် ဒေါ်လာ သန်း ၁၀ဝ လှူဒါန်းထားတယ် ဆိုတာလည်း သတင်းစာတွေမှာပဲ ဖတ်ဖူးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ချင်းပြည်နယ်အတွက်လည်း ဒေါ်လာ သန်း ၅၀ လှူဒါန်းထားတယ်လို့ သိရပါ တယ်။
ကုလားတန် စီမံကိန်းနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ အောက်ခြေအလုပ်ကြမ်းသမား အဆင့်ကနေ အတတ် ပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေအထိ နိုင်ငံခြားသားနဲ့ ပြည်မကခေါ်လာတဲ့အလုပ်သမားတွေကိုပဲ အသုံးပြု လေ့ရှိတယ်လို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။
ဆိပ်ကမ်းစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ စစ်တွေ မြို့ခံတဦးကတော့ တနေ့မှာ ၃၅၀ဝ ကျပ်၊ ၄၀ဝ၀ ကျပ်၊ ၅၀ဝ၀ ကျပ် စသဖြင့် အသီးသီး ရကြတယ်လို့ ပြောပါတယ်။
တည်ဆောက်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်တဲ့ ဒေသခံ အင်ဂျင်နီယာတွေ၊ အင်္ဂလိပ်စကား ပြောနိုင်တဲ့ လူငယ်တွေ ရှိပေမယ့် လုပ်ငန်းခွင်မှာ ပါဝင်ခွင့် မရကြဘူးလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပြောခွင့်ရသူ ဦးခိုင် ပြည်စိုးကလည်း ပြောပါတယ်။
“ဒီဒေသကလူတွေ အတွေ့အကြုံ မရှိဘူးဆိုရင် မွမ်းမံသင်တန်းတွေ ပေးရမှာပေါ့၊ ဒါဟာ အစိုးရရဲ့ တာဝန်ပဲ၊ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူး၊ အကူ အညီလိုတာကိုပဲ ပူးပေါင်းကူညီပေးဖို့ အဆင်သင့်ပါ၊ ဒါပေမယ့် ကျနော်တို့ကို အတိုက်အခံလို့ပဲ သဘော ထားပြီး အစိုးရအနေနဲ့ ဘာမှပူးပေါင်းဖို့ ကမ်းလှမ်း တာမျိုးမရှိဘူး” လို့ စစ်တွေမြို့ခံလည်း ဖြစ်တဲ့ ဦးခိုင်ပြည်စိုး က ဆိုပါတယ်။
ဆိပ်ကမ်းတာဝန်ခံ မစ္စတာ Sanjay Waghmare ကတော့ စီမံကိန်း ဧရိယာမှာ အလုပ်သမားစုစုပေါင်း ၂၀ဝ ဝန်းကျင်ရှိတဲ့အနက် အိန္ဒိယနိုင်ငံသား ၁၅၀ ဝန်းကျင်နဲ့ ဒေသခံ ၅၀ လောက်ရှိတယ်လို့ ဧရာဝတီ ကို ပြောပါတယ်။ အိန္ဒိယနိုင်ငံက ခေါ်လာသူတွေ အနက် အများစုဟာ လုပ်ငန်းခွင် ကျွမ်းကျင်ပြီးသား တွေ ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။ စီမံကိန်း အပေါ် ဒေသခံတွေက ကန့်ကွက်တာရယ်နဲ့ဘာတွေ အကျိုးကျေးဇူး ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ စီမံကိန်းတာဝန်ခံက ထင်မြင်ချက် မပေးလိုဘူးလို့ ဆိုပါတယ်။
စစ်တွေဆိပ်ကမ်းကတော့ ၂၀၁၄ ခုနှစ် ဇွန်လ မှာ ပြီးစီးဖို့ ခန့်မှန်းထားပြီး ကုလားတန် စီမံကိန်းကြီး တခုလုံးကိုတော့ ၂၀၁၅ ခုနှစ်မှာ အပြီးသတ် လုပ် ဆောင်ဖို့ ခန့်မှန်းထားတယ်လို့ စီမံကိန်း တာဝန်ခံ ကဆိုပါတယ်။ စီမံကိန်းကြီး တခုလုံး ပြီးစီးသွားရင် စစ်တွေဆိပ်ကမ်းကို တန်ချိန် ၂ သောင်းကနေ ၈ သောင်းအထိ တင်ဆောင်နိုင်တဲ့ နိုင်ငံတကာသင်္ဘော ကြီးတွေ ဆိုက်ကပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတကာက ကုန်ပစ္စည်းတွေကို စစ်တွေ ဆိပ်ကမ်းက အိန္ဒိယကို တင်ပို့နိုင်မှာ ဖြစ်သလို အိန္ဒိယနိုင်ငံထွက် ကုန်ပစ္စည်းတွေကိုလည်း စစ်တွေ ဆိပ်ကမ်းကနေ နိုင်ငံတကာကို တင်ပို့နိုင်မှာပါ။ အဲဒီစီမံကိန်းဟာ ဒေသခံ ပြည်သူတွေအတွက် အကျိူးနည်းတယ် ဆိုပေမယ့် အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းတွေကိုတော့ ရခိုင်ဒေသတွေမှာ ဈေးနှုန်း သက်သာစွာနဲ့ အသုံးပြုလာရနိုင်ခြေ ရှိတယ်လို့ စစ်တွေမြို့ခံ တချို့က ပြောကြပါတယ်။ ကုန်သည် တချို့ကလည်း ဒေသထွက်ကုန်တွေကို တိုက်ရိုက် တင်ပို့နိုင်မှာမို့ စီမံကိန်းအပေါ် အကောင်းဘက်က ရှုမြင်သူတွေလည်း ရှိပါတယ်။
အစိုးရ အာဏာပိုင်တွေကတော့ စစ်တွေ ဆိပ်ကမ်း အပါအဝင် ကုလားတန် စီမံကိန်းပြီးစီးသွား ရင် ရခိုင်ပြည်နယ်ထဲက ထွက်ကုန်ပစ္စည်းတွေကို အိန္ဒိယကို တင်ပို့နိုင်မယ်လို့ ဆိုပေမယ့် ရခိုင်ဒေသမှာ ပြည်ပကို တင်ပို့နိုင်လောက်တဲ့ ထွက်ကုန်ပစ္စည်းတွေ မထုတ်လုပ်နိုင်သေးပါဘူး။ ရခိုင်ဒေသရဲ့ အဓိက ထွက်ကုန်ဖြစ်တဲ့ ဆန်စပါး၊ သစ်တော၊ ပင်လယ် ထွက်ကုန်ပစ္စည်း လုပ်ငန်းတွေဟာလည်း စစ်အစိုးရ တွေ လက်ထက်မှာ ပျက်စီးယိုယွင်းသွားခဲ့တာ ဆယ် စုနှစ်တွေ မကတော့ပါဘူး။
စစ်အစိုးရတွေ မတိုင်ခင် ကာလတွေမှာတော့ စစ်တွေဒေသရှိ ဆိပ်ကမ်းတွေကတဆင့် ဒေသ ထွက်ကုန် ပစ္စည်းတွေကို နိုင်ငံခြား တိုင်းပြည်တွေဆီ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံတကာက သင်္ဘောတွေနဲ့ကူးသန်း ရောင်းဝယ်ရေး လုပ်ခဲ့တဲ့ ပင်လယ်ထွက်ပေါက်ကြီး တခုလည်း ဖြစ်ခဲ့ပါတယ်။
ကုလားတန် စီမံကိန်း ပြီးသွားရင် စစ်တွေနဲ့ နီးစပ်တဲ့ ပုဏ္ဏားကျွန်းဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ဖို့ လျာထားတယ်လို့ အစိုးရအာဏာပိုင် တွေကပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ဘယ် စီမံကိန်းကိုမှ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဘတ်ဂျက် အခြေအနေ၊ ဒေသတွင်းမတည်ငြိမ်မှု တွေကို အကြောင်းပြပြီး အကောင်အထည် ဖော် ဆောင်မှု မရှိတဲ့အပေါ်လည်း အစိုးရကို ဒေသခံ တွေက ဝေဖန်မှုတွေ ရှိနေကြပါတယ်။
ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ပြီးရင် မြန်မာ နိုင်ငံရဲ့ ဒုတိယ အဆင်းရဲဆုံးဒေသ တခုဖြစ်နေပါ တယ်။ ရခိုင်ဒေသ ဆင်းရဲတာဟာ ဒေသတွင်း တည် ငြိမ်မှုမရှိတဲ့ အတွက်လို့ အစိုးရ အာဏာပိုင်တွေက ဆိုပါတယ်။ တကယ်တော့ ဒေသတွင်း တည်ငြိမ်မှုမရှိ တာဟာ ပြီးခဲ့တဲ့နှစ်ကမှ စတင်ခဲ့တာပဲဖြစ်ပြီး ရခိုင် ဒေသမှာ တခြားဒေသတွေလို စစ်ပွဲတွေမရှိဘူး၊ အမြဲတမ်း တည်ငြိမ်နေခဲ့တဲ့ ဒေသဖြစ်လို့ အစိုးရရဲ့ ပြောဆိုမှုဟာ မှားယွင်းနေတယ်လို့ ဒေသခံတွေက တုံ့ပြန် ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လည်း စီးပွားရေး ချွတ်ခြုံကျနေတာရဲ့ တစိတ်တပိုင်း ဖြစ်တာကြောင့် ပြည်သူတွေ အလုပ်အကိုင် အခွင့် အလမ်းတွေ ရရှိစေဖို့ စစ်တွေဒေသမှာ စက်မှုဇုန်တခု အကောင်အထည် ဖော်ပေးဖို့လည်း လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်တွင်းမှာ ကုလားတန် စီမံကိန်း၊ ရွှေ ဂက်စ် စီမံကိန်း အပါအဝင် စီမံကိန်း လုပ်ငန်းအများ အပြားကို တည်ဆောက်နေပေမယ့် ဒေသခံတွေ အတွက် အလုပ်ကြမ်းသမား နေရာတွေကိုတောင် လုပ်ကိုင်ခွင့် အပြည့်အဝ မရကြပါဘူး။
အလုပ်ရတဲ့ သူတွေဟာလည်းပဲ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေ ကခေါ်လာတဲ့ အလုပ်သမားတွေနဲ့ လုပ်ခလစာ တန်းတူခံစားခွင့် မရကြဘဲ ခေါင်းပုံဖြတ်ခံရတယ်လို့ ပြောကြပါတယ်။ ဒါကြောင့်လည်းပဲ အစိုးရနဲ့ နိုင်ငံ တကာ စီမံကိန်းတွေအပေါ်မှာ တဖြည်းဖြည်းနဲ့ ယုံကြည်မှု ကင်းမဲ့လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်ချုပ်ရေး စနစ်တွေကြောင့် ဒေသခံတွေ လယ်မဲ့၊ ယာမဲ့၊ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့အတွက် မိခင်ဒေသကို စွန့်ခွာပြီး ပြည်တွင်း၊ ပြည်ပ နေရာ အနှံ့ကို ထွက်ခွာသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နေရာဒေသ အများစုက အလုပ်လုပ်နိုင်တဲ့ သူတွေ ဟာ မိမိတို့ဒေသက အလုပ်လက်မဲ့ ပြဿနာကြောင့် တခြား ဒေသတွေကို ထွက်ခွာသွားရတဲ့အတွက် လူဦးရေ နည်းပါးလာနေမှု အပေါ်မှာလည်း ရခိုင် ဒေသခံတွေရဲ့ အနာဂတ် လူဦးရေအတွက် စိုးရိမ်မှု တခု၊ စိန်ခေါ်မှုတခု ဖြစ်လာနေပါတယ်။
ရခိုင်ပြည်သူတွေနဲ့ ရခိုင်ဒေသကို လက်တွေ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် တည် ဆောက်ပေးဖို့၊ လျှပ်စစ်မီးကို တခြားဒေသတွေနဲ့ ဈေးနှုန်းတန်းတူ သုံးစွဲနိုင်ခွင့်၊ ၂၄ နာရီ သုံးစွဲနိုင်ရေး နဲ့ ဒေသခံတွေ လက်တွေ့ အလုပ်လုပ်ကိုင်နိုင်မယ့် စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖန်တီးပေးဖို့ လို အပ်မှာပါ။
အဲဒီလိုမှမဟုတ်ဘဲ နိုင်ငံတကာ စီမံကိန်းတွေ သာ တိုးပွားလာပြီး ဒေသခံတွေအတွက် ဘာအကျိုး ရလဒ်မှ ထွက်မလာဘူးဆိုရင်တော့ ရခိုင်ဒေသတွင်းမှာ လူမှုပြဿနာပေါင်းစုံတွေသာ တိုးပွားလာနိုင်ဖွယ် ရှိပါတယ်။