ယခု မိုးကြိုကာလတွင် မုန်တိုင်းနှင့် မိုးကြိုးအန္တရာယ် ဖြစ်ပေါ်စေသည့် မိုးတိမ်တောင်များသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပေါ်နိုင်သဖြင့် လာမည့် မေလ နောက်ဆုံးပတ်အထိ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ ပြောသည်။
ဧပြီ ၂၀ မှ မေ ၁၅ ရက်သည် မုန်တိုင်းဖြစ်ပေါ်တတ်သည့် ကာလဖြစ်ရာ လာမည့် မေလကုန်အထိ သတိထားရန် လိုအပ်ကြောင်း သိရသည်။
“တို့ဆီမှာ ရေဒါတိုင်းတာချက် မရှိတော့ ဘယ်နေရာတွေမှာ ဖြစ်မယ်ဆိုတာ နေရာ အတိအကျမရှိဘူး။ ဒါပေမယ့် ဒေသခံတွေက ကိုယ့်နားမှာ မိုးတိမ်တောင်တွေ ဖြစ်နေလားဆိုတာ သတိထားရမယ်။ မိုးခြိမ်းသံ ကြားမယ်ဆိုရင် သတိထား၊ အထူးသဖြင့် လယ်သမားတွေ၊ ကောက်စိုက်သမတွေ သတိထားသင့်တယ်” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
ယခုနှစ် မိုးကြိုကာလတွင် ရှမ်းပြည်နယ်နှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် အညာဒေသတွင် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပူချိန် မြင့်မားပြီး ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်တက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်လက်ရှိ အချိန်အထိ ယနေ့ ၂၂ ရက်နေ့သည် အပူဆုံးနေ့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် ယနေ့အတွက် အပူချိန် အမြင့်ဆုံးဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်နယ်နှင့် တိုင်း အသီးသီးတွင် ယနေ့ဖြစ်ပေါ်လျက်ရှိသည့် အမြင့်ဆုံး အပူချိန်များမှာ အနိမ့်ဆုံး ၃၄ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး ၄၄ ဒီဂရီ စင်တီဂရိတ်အထိ အသီးသီးရှိသည်။
ထို့ပြင် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်းမှာလည်း မြန်မာတနိုင်ငံလုံးတွင် လွန်ကဲအဆင့် ရောက်ရှိနေပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့သည် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။