လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတဲ့ စကားလေးက အလွတ်ပြောခဲ့တာ မဟုတ်မှန်း သေချာလေရဲ့။ လူမှန်ရင် ပူပင်သောက ကင်း တယ်ရယ်လို့မှ မရှိကြလေဘဲ။ စိုးရိမ်သောက ပူပင်ရတဲ့ အပေါ်မှာ တုံ့ပြန်ပုံကွာခြားတာသာ ရှိမယ်၊ ပုထုဇဉ်လိုင်စင် ရထားသမျှတော့ ကင်းလွတ်ခွင့် မရနိုင်ပေဘူး။ ခန္ဓာကိုယ်အပူက ဖြေသာနိုင်သေးရဲ့၊ စိတ်အပူက လေအေးစက်နဲ့ ဖြေလို့ ရတာမျိုးမှ မဟုတ် တာ။
ဒါကြောင့်လည်း ဆေးပညာမှာ စိုးရိမ်သောက ပူပန်ရခြင်းကို ရောဂါတခုလိုသတ်မှတ်ရ ပြန်ပါတယ်။ ဒီနေရာမှာ လူကြီးတွေကကိုယ့် ပူပန်မှုမှ ပူပန်စရာထင်တတ်ပြီး ကလေးရဲ့ စိုးရိမ်သောကကို သိပ်အရေးမကြီးသလို ထင်တတ်ကြပါတယ်။ အမှန်တော့ အရွယ်နဲ့ အတွေ့အကြုံအရ စိုးရိမ်သောက ဖြစ်စေတဲ့ အခြေအနေကို ခံနိုင်ရည်က ကလေးတွေမှာ ပိုပြီး ဂရုစိုက်ရမယ် ဆိုတာ သိစေချင်ပါတယ်။
စိုးရိမ်ပူပန်ရခြင်းဆိုတာ ဘာလဲ
စိုးရိမ်သောက ဆိုတာ လူသားရဲ့ ပုံမှန်တုံ့ပြန်မှု တခုပါ။ အရေးကြီးတဲ့ ဇီဝလုပ်ငန်းတခုပေါ့၊ အန္တရာယ် ဒါမှမဟုတ် ခြိမ်းခြောက်မှုတခု ကြုံရင် သတိပေးတဲ့ ဖြစ်စဉ်ပါ။ အဲဒီလို အချိန်မှာ ကိုယ်ရောစိတ်ပါ တုံ့ပြန် လာပုံတွေကို ကြည့်ရင် မူးဝေလာတာ၊ နှလုံးခုန် မြန်လာ တာ၊ အသက်ရှူ ကျပ်လာတာ၊ ချွေးစေးတွေ ပျံပြီး လက်တွေ ခြေတွေ တုန်လာတာ ဖြစ်ဖူးကြမှာပါ။
ဒါဟာ ဦးနှောက်က ဒီအခြေအနေမျိုးတွေမှာ ထွက်လာတတ်တဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတွေကြောင့် ဖြစ်လာရတာပါပဲ။ ဒီဖြစ် စဉ်က အလိုအလျောက် ဖြစ်လာတာပါ။ အဲဒါနဲ့အတူ တကယ် ရှောင်လွှဲမရတဲ့ အခြေအနေလို့ လက်ခံပြီးရင် ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမလဲ ဆိုတာကိုပါ ဦးနှောက်က လိုက်ပါဆောင်ရွက်ပါတယ်။ ပြန်ချမလား၊ ထွက်ပြေးမလား ဆိုတာမျိုး ပေါ့။ အဲဒီလို ဆုံးဖြတ်ချက် ချတဲ့အခြေအနေ ရောက်ပြီးရင်တော့ လူက ပြန်လည် တည်ငြိမ်သွား ပါတယ်။
ပုံမှန် စိုးရိမ်ပူပန်မှု
လူတိုင်းမှာ စိုးရိမ်ပူပန်မှုကို တချိန်မဟုတ် တချိန် ခံစားနေကြရတာ ပါပဲ။ အသက်အရွယ် မရွေး ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ အခြေ အနေ တခုခုနဲ့ ကြုံတိုင်း ခံစားရတာမျိုးပါ။ ကလေးတွေမှာလည်း ကြုံရတာ ပါပဲ။ စာမေးပွဲ ဖြေချိန်၊ ကျောင်း ပြောင်းရွှေ့ချိန်တွေ မှာဆို သိသာပါတယ်။ ဒီ အခြေအနေတွေက ပုံမှန် ပူပန်မှုတွေ ဖြစ်စေပါတယ်။
ဘာဖြစ်မှာပါလိမ့်၊ ဘယ်လိုများ ကြုံရမှာ ပါလိမ့်၊ မျှော်လင့်မထားတဲ့ ကိစ္စ တခုခု ကြုံလေမလား ဆိုတဲ့ အတွေးတွေ ပေါ်လာမှာပါပဲ။ တချို့ စိုးရိမ်ပူပန်မှုတွေကတော့ ပုံမှန်ဖြစ်သလို၊ လှုပ်ရှားတက်ကြွမှုတောင် ဖြစ်စေပါတယ်။ ဂရုစိုက်ပြီး ဘယ်လို အကောင်းဆုံး လုပ် မလဲ ဆိုတာမျိုးကို စဉ်းစားလာတာပေါ့။ ဒါပေမယ့် စိုးရိမ်ပူပန်စရာတွေက ပြင်းထန်ပြီး မကြာခဏကြုံလာရပြီဆိုရင် လုပ်နိုင်ကိုင်နိုင် တဲ့ အရည်အသွေးတွေပါ ကျဆင်းလာတတ် ပါတယ်။ ပျော်ရွှင် ကောင်းမွန်တဲ့ ဘဝ ပျောက်ဆုံး သွားရတဲ့အထိ ဖြစ်တတ်ပါတယ်။
စိုးရိမ်သောက ဝေဒနာ
စိုးရိမ်ပူပန်တတ်ခြင်းက ပုံမှန်ထက် လွန်ကဲပြီး ရောဂါတခု ဖြစ်လာတတ် ပါတယ်။ စိတ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေထဲမှာ တွေ့ရ အများဆုံး ဝေဒနာ တခုပါပဲ။ စိုးရိမ်သောက လွန်ကဲတဲ့ ရောဂါကို ဆေးပညာအရ အမယ်ကွဲတွေ သတ်မှတ်ထား ကြပေမယ့် အခြေခံ တူ တာကတော့ ရေရှည် ပြင်းထန်လာရင် နေ့စဉ်ဘဝကို ပုံမှန် မလည်ပတ်နိုင်တော့တာ ပါပဲ။
ဒီရောဂါရဲ့ လက္ခဏာတွေက တဖြည်းဖြည်းမှ ပေါ်လာတာမျိုး ရှိသလို ရုတ်တရက်လည်း ပေါ်ပေါက်နိုင်ပါတယ်။ ကလေးတွေမှာ ကျတော့ စိုးရိမ်သောက ရောဂါ ရှိနေပြီလား ဆိုတာကို အကြောင်း မသိမချင်း ခန့်မှန်းသိရှိဖို့ ခက်ခဲပြန် ပါတယ်။
ကလေးတွေမှာ တွေ့တတ်တဲ့စိုးရိမ်သောက ဝေဒနာတွေမှာ – “အထွေထွေ စိုးရိမ်ပူပန်မှု” ဒါကတော့ အတွေ့ အများဆုံးပါ။ ကလေး က သာမန်ထက်ပိုကဲပြီး ကျောင်းသွားဖို့ စတဲ့အထွေထွေ တွေကို ပူပန်လွန်နေတာမျိုးပါ။ အဲဒီအခါမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ အနေနဲ့ တွေ့ရတတ်တာက ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်၊ ကြွက်သားတွေ တောင့်တင်း တယ်၊ ပင်ပန်း နွမ်းလျ နေတတ်ပါတယ်။ ဒါကြောင့် ကျောင်းပျက်များ လာတာ၊ လူနဲ့သူနဲ့ လှုပ်ရှားလုပ်ကိုင်တာတွေ လျော့ပါးလာတာ တွေ့ရပါတယ်။ ဒါက ဝန်ထုပ်ဝန်ပိုး ဖြစ် လာပြီး ကလေးရဲ့ ရေရှည် ဘဝကိုပါ ထိခိုက် စေပါတယ်။
“စိတ်စွဲလွန် ဝေဒနာ” စိုးရိမ်ပူပန်မှု လွန်ကဲပြီး တခုခုကို အစွဲလွန်လာ တာပါ။ တခုခုကို အမြဲ စိုးရိမ် နေတတ်တာ၊ တခုခုကို ခဏ ခဏ အဖန်ဖန်လုပ်မိ နေ တတ်တာမျိုး ပါ။ အလကားနေရင်း အကြိမ်များစွာ ဖုံခါနေတာတွေ၊ လက်ကို မပြတ်တမ်း ဆေးနေတာ တွေ၊ တံခါးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေတာမျိုးတွေ ပေါ့။
“ကြောက်ရွံ့မှု” ပုံမှန်ကြောက်ရွံ့တာမျိုး မဟုတ်ဘဲ တခုခုကို အကြောက်လွန်တာမျိုးပါ။ အမြင့်ကို ကြောက်တာ၊ ခွေးမြင်တာနဲ့ ကြောက်တာ၊ လေ ယာဉ် စီးဖို့ကြောက်တာ မျိုးတွေပေါ့။ ဒါကို အားပေးပြီး ဖေးမလုပ်ဆောင်ပေးတာမျိုး မရှိရင် အဲဒီကြောက်စိတ်က တသက်တာ စွဲနေ တတ် ပါတယ်။
“လူရှေ့သူရှေ့ မထွက်ရဲတာ” လူထူရင် ရှေ့ထွက်ဖို့၊ စကားပြောဖို့ တုန်ရီနေအောင် ကြောက်တာမျိုးပါ။ အများစု ဖြစ်တတ်ပေမယ့် အလေ့အကျင့် ရှိလာရင် သက်သာ လာတတ် ပါတယ်။
“ထိတ်လန့်တကြား ဖြစ်တတ်တာ” ဒါကတော့ မြင်သာတဲ့ အခြေအနေ မဟုတ်ပါဘူး။ ရုတ်တရက် နှလုံးခုန် မြန်လာတာ၊ အသက်ရှူ ကျပ်လာတာ၊ မူးဝေလာတာ၊ ထုံကျဉ်လာတာတွေ ပေါ့။
“ထိခိုက်နာကျင်မှု တခုခုကြောင့် ဖြစ်လာတဲ့ စိုးရိမ်သောကဝေဒနာ” ဒါကတော့ စိတ်ရောကိုယ်ပါ နာကျင် ထိခိုက်စေတာတွေကနေ ဖြစ်လာတာပါ။ အဲဒီ အဖြစ်အပျက်ကို ခဏခဏ ပြန်မြင်နေတာ၊ အိပ်မက်ဆိုးတွေ အမြဲမက်တာ၊ အလိုလို ကြောက်နေတာတွေ တွေ့ ရပါတယ်။
ကလေးတွေမှာ ပူပန်စရာ အခြေအနေတွေ ကြုံရပေမယ့် အမြဲတမ်းတော့ စိုးရိမ်သောက ရောဂါသည် ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ စိုးရိမ်သောက ရှိနေပြီလို့ ပြောစရာ လက္ခဏာတွေမှာ –
– စိုးရိမ်ပူပန်မှု လွန်ကဲတာတွေက ရက်များစွာ ခံစားရတာ
– ညတွေမှာ အိပ်မပျော်ဘဲ နေ့ဘက်တွေမှာ အိပ်ချင်နေတတ်တာ
– နိုးနေတဲ့ အချိန်တွေမှာလည်း ဂနာမငြိမ်တာနဲ့ အားကုန်ခန်း နွမ်းလျနေတာ
– အာရုံစိုက်လို့ မရတာ
– စိတ်တိုနေတတ်တာ အစရှိတာတွေ တွေ့ရမှာပါ။
အဲဒါတွေ နိစ္စဓူဝ ဖြစ်လာရင်တော့ ကလေးရဲ့နေ့စဉ်ဘဝဖြစ်တဲ့ကျောင်းမှာ အာရုံစိုက်တာ၊ အိပ်တာ၊ စားတာတွေ ထိခိုက် လာတော့ မှာပါ။ ပိုပြီး ဆိုးတာက ကလေးတွေခမျာ သူတို့ ဘယ်လို ခံစားနေရတယ် ဆိုတာ လူကြီးတွေကို ပြောလေ့ မရှိတာပါ။ တခြားသူ တွေ..၊ အထူးသဖြင့် မိဘတွေက သူတို့ ပြောတာကို နားလည်လက်ခံပေးဖို့ မရွံ့မရဲ ဖြစ်ကြလို့ပါ။
သူတို့ကို “ညံ့လိုက်တာ၊ လူကြောက်၊ ဒါလေးများ” ဆိုတဲ့ မှတ်ချက်တွေ ပေးမှာ စိုးရွံ့ကြတာပါ။ အဲဒီလို ထုတ်ဖော် ပြောပြဖို့ ဝေးလာ ရာကနေ ပိုပြီး အထီးကျန်၊ ပိုပြီး နားလည်ရခက်သူတွေ ဖြစ်ကြရတာပါ။ ဒါပေမယ့်လည်း ဒါတွေကို စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ ဒီခေတ် အခါမှာ ပြုပြင် ဖေးမပေးနိုင်လာပါပြီ။
စိုးရိမ်သောကရဲ့ အကြောင်းရင်းတွေ
ဘာကြောင့်လို့ အတိအကျပြောဖို့ ခက်ပေမယ့် ပညာရှင်တွေကတော့ ပတ်သက်ဆက်နွှယ်နေတယ်လို့ ထင်ရတဲ့ အကြောင်းတွေမှာ မျိုးရိုး၊ ဦးနှောက်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်၊ ဗီဇအရ တခုခုကို တုံ့ပြန်မှု၊ စိတ်ဖိစိးမှုများတဲ့ ဘဝအခြေအနေနဲ့ အမူအကျင့်တွေကို ညွှန်းပါတယ်။
မိသားစုမှာ စိုးရိမ်သောက ရောဂါ ရှိနေရင် ကလေးတယောက် အဖို့၊ သူလည်း ဖြစ်နိုင်ခြေ များတာမျိုး ပေါ့။ လူတိုင်း အဲဒီလိုဖြစ် တာတော့ မဟုတ်ဘူးပေါ့။ ငယ်ရွယ်စဉ်မှာ သူအချစ်ဆုံး မိဘလိုမျိုး တယောက်ယောက် ကွယ်လွန်တာ၊ မိဘတွေ ကွာရှင်းတာမျိုးတွေ၊ အရမ်းတွယ်တာ နေတဲ့ ဒေသကနေ ပြောင်းရွှေ့ရတာမျိုးတွေ ကလည်း အကြောင်းခံတွေ ပါပဲ။ အကြမ်းဖက် ဆက်ဆံခံရတာ မျိုးတွေလည်း ပါဝင်တာပေါ့။
မိသားစုဝင်ထဲက အကြောက်လွန်၊ အစိုးရိမ် လွန်နေသူတွေ ရှိနေရင်လည်း ကလေးကို ကမ္ဘာကြီးက ထိတ်လန့်စရာလို့ မြင်စေတာပါ။ အဆင်မပြေ၊ ကြမ်းတမ်းဆူပူနေတဲ့ မိသားစု အသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့ ကလေးတွေက ပိုဆိုးတဲ့ အနေအထားကို ရောက် ကြတာ တွေ့ရပါတယ်။ ကလေးရဲ့ အခြေအနေကို ကြည့်ပြီး စိတ်ရောဂါ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာကြည့် တာ က အကောင်းဆုံး ကုထုံးပါပဲ။
လုပ်ပေးသင့်တာတွေ
ကလေးတွေ အတွက် စိုးရိမ်ပူပန်မှုကို မိသားစုဝင်၊ အုပ်ထိန်းသူ အဖြစ် အကောင်းဆုံး ကူညီပေးနိုင်တဲ့ နည်းလမ်း ကတော့ သူတို့ရဲ့ ပြဿနာတွေကို အထောက်အကူ ဖြစ်စေတဲ့ ကိုယ်က တစုံတရာ ဆုံးဖြတ်ချက်မပေးဘဲ အသိအမှတ် ပြုပေးခြင်း ပါပဲ။ သူ့ရဲ့ နေ့စဉ် အပြုအမူ ခံစားချက်တွေကို နားလည်အောင် ကြိုးစားပေး ရမှာပါ။ တခြား အပေါင်းအသင်း မိတ်ဆွေတွေ၊ သူ့ရဲ့ ဆရာတွေနဲ့ စကား စမြည်ပြော၊ တိုင်ပင်ကြည့် တာလည်း ကောင်းတဲ့ နည်းပါပဲ။
သည်းခံတာ၊ အပြုသဘော ဆောင်တာတွေက ကလေးရဲ့ ဝေဒနာကို ကုသရာ ရောက်ပါတယ်။ တခါတရံမှာ ကိုယ့်ရဲ့ ဖိစိးမှုတွေကို ကိုယ်ဘယ်လို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာမျိုး ကလေးနဲ့ စကား စမြည် ပြောတာကလည်း အထောက်အကူ ပါပဲ။ ကလေးကို စိုး ရိမ် ပူပန်စရာ တွေထက် ပျော်ရွှင်စရာတွေ ပိုပြီးနေရာပေးဖို့ အမြဲ သတိပေး လမ်းညွှန်နေတာလည်း နည်းတခုပေါ့။ နည်းလမ်းမှန် တွေနဲ့ ကလေးကို စိုးရိမ်သောကတွေ ကျော်ဖြတ်နိုင်ဖို့ အထောက်အကူ ပေးတာက သူ့ရဲ့ အနာဂတ်ကို ပေါ့ပေါ့ပါးပါး ရင်ဆိုင် ကျော်ဖြတ် သွားနိုင်စေမှာပါ။ ။