မြန်မာ့တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ ကျယ်ပြန့်လာမှုက ဖျက်ဆီးနိုင်ကြောင်း ကမ္ဘာ့ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC)က သတိပေးလိုက်သည်။
UNODC ၏ သြဂုတ် ၁၈ ရက်က ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံက ရာဇဝတ်မှုဖြစ်စဉ်များသည် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစား အားထုတ်မှုများကို ဖျက်ဆီးနေပြီး လူသား၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်လျက်ရှိနေသည်”ဟု အရှေ့တောင် အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglasက ပြောဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ ဒေသအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ကြီးလျက်ရှိပြီး ဆင်းရဲသော နိုင်ငံဖြစ်သည့် အတွက် ရာဇဝတ်မှုနှင့် မူးယစ်ဆေး ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ထိန်းချုပ်ရန် လိုအပ်ကြောင်းလည်း UNODC ၏ ထုတ်ပြန်ချက်က ထောက်ပြသည်။
တရားမဝင် မူးယစ်ဆေးမှောင်ခို တိုက်ဖျက်ရေးကို မြန်မာနိုင်ငံသည် UNODC နှင့် လက်တွဲ ဆောင်ရွက်သွားမည် ဆိုသော် လည်း ထိုင်း-လာအို-မြန်မာ ၃ နိုင်ငံ နယ်စပ်ချင်း ဆက်စပ်နေသည့် ရွှေတြိဂံဒေသ နှင့် တရုတ်-အိန္ဒိယ နယ်စပ် ဒေသများသည် မူးယစ် မှောင်ခိုလုပ်ငန်း၊ သစ်နှင့်လူမှောင်ခို ကူးမှုဆိုင်ရာ ကွန်ရက်ကြီးတခုအဖြစ် အထင်အရှားရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသများ တွင်လည်း ဘိန်းစိုက်ပျိုးမှုများ ရှိလာနေကြောင်းလည်း သိရ သည်။
UNODC က အရှေ့တောင်အာရှ ကွင်းဆင်း လေ့လာချက်အရ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ် တန် ထုတ်လုပ်ထားကြောင်း ခန့်မှန်းထားပြီး ကမ္ဘာပေါ်၌ အာဖဂန်နစ္စတန် ပြီးလျှင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသများတွင် ဘိန်းစိုက်ခင်း ဧရိယာများ ပိုမိုကျယ်ပြန့်လာနေပြီး ဘိန်း ထွက်နှုန်း လည်း မြင့်မားလာနေသည်ဟုလည်း ဆိုသည်။
အဆိုပါ ဒေသများသည် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင် သူပုန်များနှင့် အစိုးရစစ်တပ်ကြား နှစ်ပေါင်းများစွာ စစ်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဘိန်းတောင်သူများက အစိုးရ စစ်တပ်၊ ပြည်သူ့စစ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ အခွန် ပေး ဆောင်ရခြင်း များလည်း ရှိနေသည်ဟု သတင်းများက ဖော်ပြသည်။
ထို့အပြင် ယခင်စစ်အစိုးရက စီမံကိန်းချ လုပ်ဆောင်ခဲ့သည့် ဘိန်းအစားထိုး သီးနှံ ပန်းဂျုံ စီမံကိန်းသည်လည်း အောင်မြင်မှု မရှိ ကြောင်း၊ ဘိန်း တောင်သူများအနေဖြင့် ဘိန်းမှလွဲ၍ အခြားသီးနှံစိုက်ပျိုးပြီး ဘဝရပ်တည်ရန် လမ်းပန်းဆက်သွယ်ရေး၊ ထွက် ကုန် ဈေးကွက်တင်ရေး စသည့် အခက်အခဲအမျိုးမျိုးလည်း ရှိနေကြောင်း သိရသည်။
နိုင်ငံရေး အပြောင်းအလဲများသည်လည်း ဆင်းရဲတွင်းနက်နေသည့် ဒေသခံ လူ့အဖွဲ့အစည်းများအတွက် အာမခံချက် ရှိသည့် စီးပွားရေး အကျိုးအမြတ်ပုံစံအဖြစ် အသွင်မပြောင်းပေးနိုင်သေးကြောင်း၊ မြန်မာနိုင်ငံတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် မှောင်ခို လုပ် ငန်းမှ လည်ပတ်ရရှိသည့် ငွေကြေးများကို ခဝါချသည့် လုပ်ရပ်များက တရားဝင် စီးပွားရေးကို ပုံပျက်ပန်းပျက် ထိခိုက်စေသည့် အပြင် ယင်းငွေကြေးများသည် အစိုးရအရာရှိများအား လူသိရှင်ကြား အဂတိလိုက်စားမှုဖြစ်စေပြီး တည်ငြိမ်မှုကိုလည်း ထိခိုက် စေကြောင်း UNODC က ထည့်သွင်း ပြောဆိုသွားသည်။
လွန်ခဲ့သည့် ဇွန်လတွင် မြန်မာအစိုးရက ဖမ်းဆီးသိမ်းဆည်းရမိသော အမေရိကန် ဒေါ်လာ သန်း ၁၃၀ တန်ဖိုး ရှိ ဘိန်းစိမ်း ၁.၃ တန်၊ ဘိန်းဖြူ ၂၂၅ ကီလို ဂရမ်(၅၀၀ ပေါင်)နှင့် မက်သာအဖက်တမင်း စိတ်ကြွ ဆေးပြား ၁.၂ တန်ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ် ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမည်ဟု ကြေညာ ထား သော်လည်း UNODC ၏ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်တွင် ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက် ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြ ထားသည်။