မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် အမျိုးသမီး ကဏ္ဍ ပါဝင်ရေး အတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ ရန်ကုန်မြို့ Excel ဟိုတယ်တွင် ကျင်းပသည့် “အမျိုးသမီးများ၏ ငြိမ်းချမ်းရေးဖိုရမ်” သို့ တက်ရောက်လာ မြန်မာအမျိုးသမီး ကွန်ရက်များနှင့် အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆို လိုက်သည်။
“အမျိုးသမီးများ၏ စွမ်းအားဖြင့် ရေရှည်တည်တံ့သော ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်”
ဆိုသည့် ခေါင်းစဉ်ဖြင့် “အမျိုးသမီးများ၏ ငြိမ်းချမ်းရေးဖိုရမ်” ကို စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ
ရန်ကုန်မြို့တွင် ကျင်းပသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲ လုပ်ဆောင်ရသည့် အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်လာရန်၊ လူ့အဖွဲ့အစည်း အတွင်းမှ အကြမ်းဖက်မှု ပုံသဏ္ဍန် ဖယ်ရှားရန်နှင့် တရားမျှတ၊ ညီညွတ်ပြီး ဒီမိုကရေစီ ရှိသော မြန်မာနိုင်ငံ ဖြစ်လာသည်အထိ လုပ်ဆောင်သွားကြရန် ဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များ ကွန်ရက် (မြန်မာ) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မာမာချိုက ဧရာဝတီသို့ပြောသည်။
“ဒီနှစ်က ပြည်နယ်နဲ့တိုင်း အသီးသီးက အမျိုးသမီးတွေကို ဖိတ်ကြားနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဆုရတဲ့ အမျိုးသမီး အသံတွေ ကိုလည်း ပိုကြားရမယ်။ စစ်မက် ဖြစ်တဲ့ ဒေသက အမျိုးသမီးတွေလည်း ပါလာတော့ သူတို့ခံစားရ တာတွေလည်း ကြားရမယ်။ ဆွေးနွေးကြမယ်။ ဆွေးနွေးလို့ရလာတဲ့ အသံတွေကိုလည်း သက်ဆိုင်ရာ အစိုးရ ဆီကို ပို့မှာပါ” ဟု ဒေါ်မာမာချိုက ဆိုသည်။
ဆက်လက်ပြီး ဒေါ်မာမာချိုက “ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ပုလဲကွန်ဒိုကနေ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို လမ်းလျှောက်ဖို့ရှိပါတယ်။ ကန်တော်ကြီးမှာလည်း အမျိုးသမီး အခွင့်အရေး အတွက် ပညာပေးပွဲတွေ၊ ဟောပြောပွဲတွေ လုပ်သွားမှာပါ” ဟု ထပ်မံပြောသည်။
အဆိုပါနေ့တွင် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သည့် အမျိုးသမီးခေါင်းဆောင် များအား ငြိမ်းချမ်းရေး ဆုပေးအပ်ခြင်း၊ ဂုဏ်ပြုခြင်း၊ မြန်မာနိုင်ငံ၏ စစ်မက် ပဋိပက္ခ ဖြစ်ပွားရာဒေသ အသီးသီးရှိ တိုင်းရင်းသူများ၏ ရင်ဖွင့်သံများကို ကြားနာခြင်း၊ ဖိလစ်ပိုင် နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသမီးများ ပါဝင်မှုကို ဝေမျှခြင်း၊ ငြိမ်းချမ်းရေး အတွက် အနုပညာ သရုပ်ဖော်ပြသခြင်း၊ ငြိမ်းချမ်းရေး လမ်းလျှေက်ပွဲများနှင့် ပညာပေးခြင်း စသည်တို့ကိုလည်း ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။
“မနှစ်က တင်ပြတဲ့အပေါ်မှာ အစိုးရအနေနဲ့ တုန့်ပြန်မှုအား မကောင်းဘူး၊ ဒီနှစ်တော့ ဘယ်လောက် တုန့်ပြန်မှာလဲ ဆိုတာကို မျှော်လင့်ရတာ ခက်ပါတယ်။ ခြုံပြီးကြည့်ရင်တော့ လက်ရှိအစိုးရက ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သတ်လို့ ထိထိရောက်ရောက် တုံ့ပြန်မှုတွေ မတွေ့ရပါဘူး” ဟု Burma Partnership ၏ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး အမျိုးသမီးများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တွေ့ဆုံ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်ရေး အတွက် ဆက်လက် ပြောဆိုသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး ဖြစ်သင့်သည့် အခြေအနေ၊ ဖြစ်သင့်သည့် ပုံစံများ ကိုလည်း ပြောဆို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဒေါ်ခင်ဥမ္မာက ဆိုသည်။
“ဖိုရမ်က နိုင်ငံရေး မှာ အမျိုးသမီးများ ပိုမို ပါဝင်လာအောင် ရည်ရွယ်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်မှု ပိုမြှင့်ချင်ပါတယ်” ဟု ဒေါ် ခင်ဥမ္မာက ထပ်မံဆိုသည်။
ယနေ့ ကျင်းပသည့် မြန်မာအမျိုးသမီး ငြိမ်းချမ်းရေး ဖိုရမ်သို့ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အမျိုးသမီးများ အဖွဲ့ချုပ်၊ ဖန်တီးအိမ် အဖွဲ့၊ ကရင် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၊ လားဟူအမျိုးသမီး အစည်းအရုံး၊ ပအိုဝ်း အမျိုးသမီး သမဂ္ဂ၊ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)၊ ထားဝယ် အမျိုးသမီးသမဂ္ဂ
အပါအဝင် အမျိုးသမီး ကွန်ရက်နှင့် အဖွဲ့အစည်းများမှ အမျိုးသမီး ပေါင်း ၃၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။