မိုက်ခရို မန်နေဂျာတွေ အကြောင်း
This article has been converted from Zawgyi One to Unicode
၆ နှစ်လောက် ကျနော် အလုပ်လုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီမှာ ဆမ်ဟာ အထွေထွေ မန်နေဂျာအုပ် (Operation Manager) ပါ။ ဝန်ထမ်း ၃၀၀ ကျော်လောက်ရှိတဲ့ အဲဒီကုမ္ပဏီမှာ သူဟာ အရာရှိဖြစ်ပါတယ်။ ဆမ်ဟာ ကုမ္ပဏီတခုလုံးရဲ့လုပ်ငန်း အသေးစိတ်တွေကို နားလည်သူဖြစ်ပါတယ်။ ရာထူးအဆင့်ဆင့်တက် ပြီးမှ အကြီးဆုံးရာထူးရရှိခဲ့တဲ့ ဆမ်ကို ဝန်ထမ်းတွေက လေးစားကြပါတယ်။ ဆမ်ဟာ လခစား ဝန်ထမ်းဖြစ်ပေမယ့် စနေ၊ တနင်္ဂနွေလို အားလပ်ရက်တချို့မှာတောင် အနားမယူဘဲ အလုပ်ကိုလာပြီး အလုပ်လုပ်လေ့ရှိသူဖြစ်ပါတယ်။ ဆမ်ရဲ့အားသာချက်က အောက်ခြေသိမ်း နားလည်သူဖြစ်ပြီး၊ ဆမ်ရဲ့အကြီးမားဆုံးအားနည်းချက်က သူဟာ မိုက်ခရိုမန်နေဂျာ(Micro Manager) ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
မိုက်ခရို မန်နေဂျာကို မြန်မာလို အနီးစပ်ဆုံးပြန်ဆိုမယ် ဆိုရင် “နေရာတိုင်းပါ မန်နေဂျာ”လို့ ဆိုနိုင်ပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် မန်နေဂျာတယောက်ဟာ အလွန်အကျူး အလုပ်သမားတွေအပေါ်မှာ စောင့်ကြည့်တယ်။ လုပ်ငန်းတခုကို လက်အောက် ငယ်သားတွေကို လုပ်စေပြီး စီမံရမယ့်အစား အသေးစိတ်လိုက်လုပ်တယ်။ သူများလုပ်တာကို စိတ်တိုင်းမကျနဲ့ စိတ်မချဖြစ်တယ်။ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တသီတပိုးကြီး ထမ်းပိုးထားတယ် ဆိုတဲ့ လူစားမျိုးကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီ မန်နေဂျာတွေကြောင့် လက်အောက်ငယ်သား ဝန်ထမ်းတွေဟာ ငါတို့ကို မျက်စိဒေါက်ထောက် ကြည့်နေပါလားဆိုတဲ့ အသိစိတ်ပျော်ဝင်ပြီး လုပ်ငန်းကို ယုံကြည်မှုရှိရှိ လုပ်ကိုင်စေဖို့ကို တွန့်ဆုတ်ကြပါတယ်။ လုပ်ငန်းတွင်ကျယ် သွက်လက်မှုကို ဦးစားပေးရမယ့်အစား အသေးစိတ်ကိစ္စတွေမှာ ဝင်ရောက်ပါဝင်ခြင်းဖြင့် အဲဒီမန်နေဂျာဟာ အလုပ်သမားတွေ စွမ်းရည် မြင့်တက်လာစေဖို့အတွက် အဟန့်အတား ဖြစ်စေပါတယ်။
မန်နေဂျာတွေ၊ ဆူပါဗွိုက်ဇာတွေအတွက်တော့ တခုခုလုပ်မယ်ကြံရင် ဆမ်ကို မေးကြည့်ရမယ်ဆိုတာမျိုးနဲ့ တီထွင်မှုရှိတဲ့ အကြံဉာဏ်တွေဟာ ရုံးစာပွဲပေါ်မှာပဲ အဆုံးသတ် သွားတတ်ကြပါတယ်။ အရာရာတိုင်း ဆမ်ပါနေရတဲ့အတွက် သူဟာ တနေ့ကို ၁၂ နာရီလောက် အလုပ်ထဲမှာ ရှိနေရပြီး ရံဖန်ရံခါ ညနက်သန်းခေါင် တယ်လီဖုန်းတွေကို ဖြေဆိုပြီး ညွှန်ကြားချက်ပေးနေရတဲ့အတွက် သူဟာ အလုပ်နဲ့မိသားစုပျော်ရွှင်မှုကို မျှတစွာ အသုံးမချနိုင်သူ ဖြစ်ပါတယ်။ လက်အောက်ငယ်သား မန်နေဂျာတွေကို မူဘောင်အတွင်းက ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အရေးကို မပေးခဲ့တဲ့အတွက်ကြောင့် သူတယောက်တည်း အလုပ်အမြဲများနေလေ့ရှိသူ ဖြစ်ပါတယ်။
ဆမ်ရဲ့ အဓိက လုပ်ဆောင်ရမယ့်လုပ်ငန်းက ဌာနတွေ ဟန်ချက်ညီညီ ဖွံ့ဖြိုးအောင် ကြီးကြပ်ဖို့နဲ့၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဘတ်ဂျက်နဲ့ကိုက်ညီမှု ရှိ မရှိကို စိစစ်ဖို့ ဖြစ်ပေမယ့် ဆမ်ဟာ ထုံးစံအတိုင်း ပါလေရာ ငါးပိချက်အဖြစ်နဲ့သာ အချိန်ကုန်နေခဲ့ရပါတယ်။ ဆမ်လို လူမျိုးကို စီမံခန့်ခွဲမှု ဘာသာရပ်မှာတော့ မိုက်ခရိုမန်နေဂျာ(Micro Manager) လို့ခေါ်ဆိုပါတယ်။ တကယ်တော့ မိုက်ကရိုမန်နေဂျာတွေဟာ အဖွဲ့အစည်းအတွင်းမှာ လူသားအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးမချသူတွေဖြစ်ပြီး ငါလုပ်မှ ရမယ်ဆိုတဲ့စိတ် မသိစိတ်မှာ ကိန်းအောင်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အမြဲ အလုပ်များနေရတာကို ဂုဏ်ယူတတ်ပြီး ကိုယ့်စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ကိုယ်တိုင်အရာအားလုံးကို လိုက်လုပ်နေရတယ် ဆိုတာကို ဝန်ခံလေ့မရှိပါဘူး။ ကျန်တဲ့လူ ငါ့လောက် မလုပ်နိုင်ပါဘူးဆိုတဲ့ သွေးနားထင်ရောက်တတ်သူတွေ ဖြစ်ပါတယ်။
အခြားလက်အောက်ငယ်သားတွေရဲ့ စိတ်ထဲမှာလည်း ဆမ်ဟာ ငါတို့အပေါ်မှာ ယုံကြည်မှု အားနည်းလို့ ငါတို့လုပ်သမျှကို မိုက်ကရို စကုတ်နဲ့လိုက်ကြည့်နေတယ်လို့ ယူဆပြီး တခုခု ဆုံးဖြတ်လုပ်လို့ အမှားအယွင်းဖြစ်မှာကို စိုးရိမ်ပူပန်ကြတဲ့အတွက်ကြောင့် ခေါင်းရှောင်တဲ့ အလေ့အထ အဖွဲ့အစည်းအတွင်းမှာ အခြေတွယ်လာပါတယ်။
မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာရော ဘယ်လို အမျိုးအစား မိုက်ခရိုမန်နေဂျာတွေ ဘယ်လောက်များများ နေရာယူထားသလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ရေဒီယိုအင်တာဗျူးတွေ၊ နေ့စဉ်လွှတ်တော်နဲ့ပါတီလုပ်ငန်းတွေ၊ နိုင်ငံခြားခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေ၊ အခမ်းအနားတွေ၊ လူထုတွေ့ဆုံပွဲတွေနဲ့ အင်မတန်ကို အလုပ်များသူဖြစ်ပါတယ်။ တချို့သော အလုပ်တွေကို သူ့ပါတီက အခြားလူတွေကို ဘာကြောင့်များမလုပ်ခိုင်းတာလည်းဆိုတာ စဉ်းစားစရာပါ။
တချို့ဧည့်သည်တွေကို ပါတီတွင်းက ဗဟိုကော်မတီဝင်လောက်နဲ့လက်ခံတွေ့ဆုံရုံနဲ့ လုံလောက်ပါတယ်။ ပါတီဗဟိုကော်မတီဝင်တွေကို အဲဒီလိုလုပ်ငန်းတွေမှာ ပါဝင်စေခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ် ဝန်ထုတ်ဝန်ပိုးကို လျှော့ပါးစေမှာ ဖြစ်ပါတယ်။ ဒါမှ ပါတီတည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ် စည်းရုံးရေးကိစ္စတွေကို ဒီချုပ် ဥက္ကဌအနေနဲ့ ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်မှာပါ။ လွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်သလို ရံဖန်ရံခါ နိုင်ငံခြားတိုင်းပြည်ကို ခရီးသွားလာရလေ့ရှိသူပါ။
NLD မှာ ဒေါ်အောင်ဆန်းစုကြည်နေရာကို ဘယ်လိုအစားထိုးမယ်၊ ဘယ်သူနဲ့အစားထိုးယူမလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာတိုင်း NLD အနေနဲ့ တိကျတဲ့အဖြေကို ယနေ့တိုင် မပေးနိုင်သေးပါဘူး။ ထူးချွန်ပြီး ထက်မြက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီရဲ့ Institution ကို အားကောင်းအောင် မလုပ်နိုင်ဘူးလို့ အကဲခတ်တွေက ဝေဖန်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုမန်နေဂျာမျိုးလဲဆိုတာ စဉ်းစားစရာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ အလုပ်တာဝန်တွေကို ခွဲခြမ်းထမ်းဆောင်စေခြင်းအားဖြင့် အခြားပါတီခေါင်းဆောင်တွေရဲ့ အရည်အသွေးကိုမှု မြှင့်တင်ပေးရာ ရောက်ပါမယ်။ ဒါမှ စုပေါင်းခေါင်းဆောင်မှု ပီပီပြင်ပြင် ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
၈၈ ပွင့်လင်း အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တချို့ ဖေ့စ်ဘုတ်ပေါ်မှာ အလုပ် အရမ်းများတဲ့အကြောင်း ငြီးငြူသံ ရံဖန်ရံခါ ကြားရလေ့ရှိပါတယ်။ တချို့ဆို ပွဲလမ်းသဘင်နီးရင် ညလုံးပေါက် အလုပ်လုပ်ရတယ်လို့ဆိုပါတယ်။ အခမ်းအနား စာလုံး စက္ကူကပ်တာကအစ နိုင်ငံခြား ခရီးစဉ်သွားတာအဆုံး ဒီလူ ဒီလူတွေနဲ့ပဲလုပ်နေမယ်ဆိုရင် အဲဒီခေါင်းဆောင်တွေ မအားလပ် ဖြစ်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဉာဏ်ရည်ထက်မြက်ပြီး ခေတ်နဲ့အညီလုပ်နိုင်ကိုင်နိုင်တဲ့ မျိုးဆက်သစ်လူငယ်တွေ တဦးချင်းစီ နိုင်ငံရေးလုပ်ငန်းမဟုတ်တဲ့ နေရာဒေသအသီးသီးမှာ ထူးချွန် အောင်မြင်နေတာတွေ့တော့ သူတို့ကို ဘာကြောင့် နောင်တော်မျိုးဆက်ဟောင်းကြီးတွေ နေရာပေး မစည်းရုံးနိုင်တာလဲဆိုတာ အံ့သြမိတယ်။ အစည်းအဝေး၊ အခမ်းအနား၊ နိုင်ငံခြားခရီးစဉ်၊ ရေဒီယိုအင်တာဗျူး စတာတွေမှာ ဒီလူတွေချည်းပဲ လုပ်နေတာကို တွေ့နေရခြင်းအားဖြင့် ၈၈ ပွင့်လင်းခေါင်းဆောင်များရဲ့ စီမံခန့်ခွဲမှုပုံစံအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
သူတို့ရဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ တိုင်းပြည်အပေါ်မှာ ထားတဲ့စေတနာတွေအပေါ်မှာ တန်ဖိုးထား လေးစားရပေမယ့် သူတို့ရဲ့ စီမံခန့်ခွဲမှုနဲ့ မျိုးဆက်သစ်တွေအပေါ်မှာ အားပေးအားမြှောက်ပြုမှုတွေအပေါ်မှာတော့ အားမလိုအားမရ ဖြစ်မိပါတယ်။
စီမံခန့်ခွဲမှုပုံစံမှာ မိုက်ခရိုစီမံခန့်ခွဲမှု ဖြစ်နေတာကို ဒီမိုကရေစီအင်အားစုတွေဆီမှာတင် မဟုတ်ဘဲ လက်ရှိအစိုးရရဲ့ ဝန်ကြီးတွေမှာလည်း တွေ့နေရပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်း ၃ နှစ်ကျော်အတွင်းမှာ ပြန်ကြားရေးဝန်ကြီး ၃ ဦးတိုင်ပြောင်းလဲခဲ့ပါတယ်။ မကြာသေးခင်က ပြန်ကြားရေးဝန်ကြီးအသစ်ဖြစ်လာတဲ့ ဦးရဲထွဋ်ဟာ ယခင်ရယူထားခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာထူးကို ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။ သူ့အရင်ပြန်ကြားရေးဝန်ကြီးရာထူးကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့တဲ့ ဝန်ကြီး ဦးကျော်ဆန်း၊ ဝန်ကြီးဦးအောင်ကြည်တို့နေရာကို အစားထိုးဝင်လာတဲ့ ဝန်ကြီးအသစ်အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ပိုပြီး အာရုံစိုက်လုပ်ကိုင်ရမယ့်အစား အရင်လုပ်ခဲ့တဲ့ ရာထူးကိုပါ လက်မလွှတ်ပဲ ဆက်လက်ဆုတ်ကိုင်ထားတာဟာ အင်မတန်ကြီးမားတဲ့ စွန့်စားမှုတခုဖြစ်ပါတယ်။ ယခင်ဌာန ဝန်ကြီးတွေရဲ့သင်ခန်းစာကို မယူနိုင်တာလား၊ အလုပ်လောဘကို မလျှော့ နိုင်တာလားဆိုတာ စဉ်းစားစရာပါ။
တကယ်တော့ ဒီရာထူးနှစ်ခုဟာ လူနှစ်ယောက် လုပ်ကိုင်သင့်တဲ့လုပ်ငန်းဖြစ်ပေမယ့် သူ တဦးတည်းတာဝန်ယူရတာကို ဦးရဲထွဋ်အနေနဲ့ ကျေနပ်နေပုံရပါတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံတွေမှာ ဒီလိုတာဝန်မျိုးကို လူတဦးတည်းဆီမှာ စုပုံထားလေ့ မရှိပါဘူး။ တာဝန်နှစ်ခုစလုံးမှာ ဟိုမရောက် ဒီမရောက်နဲ့ မအောင်မမြင် ဖြစ်မှာစိုးတဲ့အတွက် ကြောင့်ပါ။ ဦးရဲထွဋ် အောင်မြင်အောင် လုပ်နိုင် မလုပ်နိုင်ဆိုတာ အချိန်က အဖြေပေးပါလိမ့်မယ်။
လူတဦးတည်းဆီမှာ လုပ်ပိုင်ခွင့်အာဏာ စုပုံရောက်ရှိနေတာဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် အလားအလာကောင်း မဟုတ်ပါ။ နောက်လိုက်တွေကို နေရာပေးတဲ့ အလေ့အထ အစိုးရအတွင်းနဲ့ အတိုက်အခံအဖွဲ့အစည်းတွေတွင်းမှာ မွေးမြူယူဖို့လိုပါတယ်။ လက်တွေ့ကျင့်သုံးဖို့လည်း လိုအပ်ပါတယ်။ အလုပ်တွေကို စုပြုံယူထားတဲ့သူဟာ မိုက်ခရိုမန်နေဂျာ(Micro Manager) ဖြစ်လာတတ်တယ်ဆိုတာကို စီမံခန့်ခွဲအုပ်ချုပ်ရသူတွေ အမြဲသတိပြုဖို့ လိုပါတယ်။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် အခြေချ နေထိုင်လျှက်ရှိသည့် မြန်မာစကားပြန်တစ်ဦးဖြစ်သည်။)