ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို အာမခံနဲ့ ခေါ်ထုတ်ခွင့်ရရှိပြီဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မြန်မာလူငယ်နှစ်ဦးကို ကော့စမွေတရားရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်းက ရုံးထုတ်ခဲ့ရာ တရားခွင်မှာ အစိုးရရှေ့နေက အာမခံရရှိမည့် ကိစ္စကို မကန့်ကွက်သည့်အတွက် မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ကို တရားရင်ဆိုင် နေဆဲကာလ အာမခံဖြင့်နေနိုင်ဖို့ မြန်မာအဖွဲ့ အနေနဲ့ ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ဘက်က ကလေးနှစ်ယောက်အတွက် တရားရင်ဆိုင်ကာလအတွင်း အချုပ်က လွတ်ခွင့်တောင်းပါတယ်။ တရားလို ဖြစ် တဲ့ အစိုးရ ရှေ့နေဘက်က ဒါကို ကန့်ကွက်မှုမရှိတဲ့အတွက် အာမခံနဲ့ ခေါ်ထုတ်ခွင့်ရခဲ့တာပါ။ ဒါကြောင့် ကျနော်တို့ အနေနဲ့ တရားရုံးကို တင်ပြီးတော့မှ တရားရုံးက ခွင့်ပြုတယ်ဆိုရင် အာမခံရမှာပါ”လို့ မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။
မြန်မာလူငယ်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီကလည်း စွပ်စွဲခံတရားခံတွေကို အာမခံ အမြန် ဆုံးလျှောက်ဖို့ တိုက်တွန်းလိုက်ပြီး မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့ ကလည်း သံအမတ်ကြီး ဦးဝင်းမောင်နဲ့ အမြန်ဆုံး ဆွေးနွေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အတွင်းဝန် ဦးထွန်းအေးက“ကျနော်တို့ လျှောက်ပိုင်ခွင့်ရှိတယ်။ ပေးတာမပေးတာကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ ကလေးနှစ်ယောက် အာမခံရရှိရေးအတွက်ကိုတော့ သံအမတ်ကြီးနဲ့တိုင်ပင်ပြီး ကြိုးပမ်းသွားမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာလူငယ်နှစ်ဦးအာမခံရရေး တဦးကို ဘတ် ၅ သိန်း အာမခံကြေး ပေးဆောင်ရမှာဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံ မြန်မာနှစ်ဦး အတွက် စိုးရိမ်နေရတဲ့ လုံခြုံရေး အခြေအနေကိုလည်း ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ မြန်မာသံရုံး အထူးစုံစမ်းရေး အဖွဲ့နဲ့ သံအမတ်ကြီးတို့ကြားမှာဆွေးနွေးကြရဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အစိုးရရှေ့နေများ ဘက်ကတော့ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မောင်ဝင်းဇော်ထွန်ုးနဲ့ မောင်ဇော်လင်း တို့ရဲ့ အမှုနဲ့ ပတ် သက်ပြီး စစ်ဆေးချက်တွေ မပြည့်စုံသေးတဲ့ အတွက် ရမန်တပတ် (၁၂) ရက် ထပ်တိုးပေးဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ သိရ ပါတယ်။
သူတို့နှစ်ဦး ကော့စမွေ အကျဉ်းထောင်မှာ ချုပ်နှောင်ထားတာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ၄၈ ရက် (ရမန် ၄ ပတ်) ပြည့်ခဲ့ပြီဖြစ်ပြီး အခုတကြိမ် အပါအဝင် ယမန် ၅ ပတ်ရှိပြီ ဖြစ်ပါတယ်။
နောက်တကြိမ် ရုံးချိန်းရက်ကို ဒီဇင်ဘာ ၂ ရက်နေ့ ချိန်းလိုက်တယ်လို့ သိရပါတယ်။
မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးကတော့ သူတို့ဟာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဖြစ်စဉ်မှာ လုံးဝ ပတ်သက်မှုမရှိတဲ့ အတွက် သူတို့လွတ်မြောက်ရေး ကြိုးပမ်းပေးဖို့ မြန်မာသံရုံး စုံစမ်းရေး အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းခေါ် Koh Tao ကျွန်းမှာ အလုပ်လုပ်ခဲ့ကြ သူတွေ ဖြစ်ကြပြီး အဆိုပါ ကျွန်းပေါ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုမှာ လူသတ် တရားခံ တွေ အဖြစ် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။