မန္တလေးတိုင်းဒေသကြီး၊ ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များကို အစာအဆိပ်ချပြီး ဖမ်းဆီးမှုများရှိ နေကြောင်း မန္တလေးအခြေစိုက် ငှက်စောင့်ကြည့် လေ့လာသူများက ပြောသည်။
လက်ရှိတွင် ပလိပ်အင်းသို့ ဆောင်းခိုငှက်အမျိုးပေါင်း ၂၀ ကျော်အပြင် ရှားပါးမျိုးစိတ် ဖြစ်နေသည့် ဘဲရိုင်း၊ ငန်းမျိုးနွယ်ဝင် ငှက်အမျိုးအစားပေါင်း ၁၀ မျိုးကျော် ကျက်စားနေကြောင်း သိရသည်။ အစိုးရ အာဏာပိုင်များက ထိုငှက်များ ဖမ်းဆီးမှုအပေါ် ပညာပေးခြင်း၊ အရေးယူခြင်းများ ပြုလုပ်သည်ကို မတွေ့ရကြောင်း မန္တလေးအခြေစိုက် ငှက်များ စောင့်ကြည့်လေ့လာနေသူ ဦးဇေမောင်သိန်းက ပြောသည်။
“ကျနော်တို့က ဒါတွေမလုပ်သင့်ကြောင်း ပိုစတာကပ်တာမျိုး၊ ဟောပြောတာမျိုးလောက်ပဲ လုပ်နိုင်ကြတာ။ အဓိကက ဟောပြောနေရုံနဲ့ ရတာမှ မဟုတ်တာ။ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွေ ရှိနေတယ်။ ဒါကို အသက်ဝင်အောင်လုပ်ရမှာ။ အာဏာပိုင်တွေ ပါမှရမှာ။ ပြည်သူတွေကလည်း ဆင်းရဲတော့ ငွေရလွယ်တဲ့ အလွယ်အလုပ်ကို လုပ်ကြမှာပဲ။ အခုအထိ အာဏာပိုင်တွေဘက်က ဘာမှ လုပ်ဆောင်တာမျိုး မတွေ့မိသေးဘူး” ဟု ဦးဇေမောင်သိန်းက ဆိုသည်။
ပလိပ်အင်းအတွင်းတွင် ဆောင်းခိုငှက်များကို ဖမ်းဆီးရန်သုံးသည့် ဆိုဒီယမ်ဆိုင်ယာနိုက် အဆိပ်ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြက်ဒုံးများကို သေနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ပလိပ်အင်းရှိ ဆောင်းခိုငှက်များကို လေ့လာ ဓာတ်ပုံမှတ်တမ်းယူသူ Solo Mdy ဟု အမည်ဖော်ပြထားသည့် Facebook အကောင့်ပိုင်ရှင်က ပြောကြားသည်။
“စက်လှေသမားက ငှက်လည်ပင်းပြတ်နေတာကို ပြပြီး ဒါက ဒေသအခေါ် လည်ပြတ်ဆေးတဲ့။ ဆိုဒီယမ်ဆိုင်ယာနိုက်လို့ သိရတယ်။ ဆေးကိုစားမိရင် လည်ပင်းက သွေးကြောတွေ ပြတ်ပြီးသေတာ။ ကျနော်တို့တွေ့တော့ သေနေတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးတယ်။ ကျနော်တို့က ငှက်ချစ်သူတွေဆိုတော့ အဲဒါကိုတွေ့လိုက်တဲ့အခါ စိတ်တော်တော်မကောင်း ဖြစ်ရတယ်” ဟု ၎င်းက ဆိုသည်။
ပလိပ်အင်းမြောက်ဘက် စိတ္တရရွာဘက်သို့ သွားစဉ် ငှက်များကို ဆေးဖြင့်နေ့စဉ် ဖမ်းဆီးသတ်ဖြတ် နေသည်ကို တွေ့ရှိရပြီး ဆက်ဖြစ်နေပါက သားငှက်များ ပပျောက်သွားမည့်အပြင် ပလိပ်အင်း၏ အလှလည်း အကျည်းတန်နိုင်ကြောင်း ၎င်းက ပြောဆိုထားသည်။
ဆောင်းခိုငှက်များသည် မန္တလေးအနီးအဝိုက်တွင် ဧရာဝတီ၊ ပလိပ်၊ တောင်သမန်အင်း တို့သို့ လာရောက် ကျက်စားနေကြောင်း သိရသည်။
ရှားပါးငှက်များ မသတ်ဖြတ်ရေးအတွက် တနေရာတည်းကို ကွက်ပြီး အရေးယူပါက မသင့်တော်ဘဲ အစိုးရပိုင်းအနေဖြင့် ပြဌာန်းပြီးသား သားငှက်ထိန်းသိမ်းရေး ဥပဒေများကို တပြေးညီ အကောင်အထည်ပေါ်အောင် ဖောင်ဆောင်သင့်ကြောင်း မန္တလေးအခြေစိုက် ငှက်အသင်းမှ ဒု ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ပြောသည်။
“ငှက်ကြော်တွေ၊ စနိုက်ကြောတွေ ရောင်းနေကြတယ်။ ကနေ့အထိ လူတွေက ဒါတွေ မစားသင့်ဘူးဆိုတာ မသိကြဘူး။ ဇီးကွက်ဆိုရင်လည်း နိုင်ငံခြားသားတွေ အများကြီးလာတဲ့ ဦးပိန်တံတားမှာကအစ ရောင်းနေကြတယ်။ အခုလို မြန်မာနိုင်ငံဟာ နိုင်ငံခြားဧည့်သည်တွေ တိုးလာချိန်မှာ ဒါတွေကို မရှိစေချင်ဘူး။ ကိုယ့်နိုင်ငံ သိက္ခာကျစေတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
ငှက်များကို အဆိပ်ဖြင့် ဖမ်းဆီးရာတွင် အဆိပ်များ ရေထဲပျော်ဝင်နိုင်ပြီး တခြားသော သတ္တဝါများသို့ အနည်းနှင့်အများ အကျိုးသက်ရောက်နိုင်ပြီး တခြားငှက်များ၏ အသက်ကို ချက်ချင်း သေလောက်သည့် ပမာဏ မရောက်သော်လည်း ငှက်မျိုးပွားနှုန်းကို ကျဆင်းစေမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ငှက်များကို အဆိပ်ဖြင့် နေရာဒေသအနှံ့ ဖမ်းဆီးနေသည့်အတွက် မတားဆီးနိုင်ပါက ရှားပါးဆောင်းခိုငှက်များကို ဖမ်းဆီးခြင်းမှာ မျိုးပြုန်းမည့်အန္တရာယ်အပြင် ဂေဟစနစ်များကိုပါ ထိခိုက်စေနိုင်ကြောင်း ငှက်လေ့လာ စောင့်ကြည်သူများက သုံးသပ်သည်။