ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများက မဲလာပေးမည့် သူများအား သွားလာရေး အတွက် စီစဉ် ဆောင်ရွက်ခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။
“နိုင်ငံရေးပါတီတခုခုမှ သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဦးမှသော်လည်းကောင်း၊ ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တဦးဦး မှသော်လည်းကောင်း မဲဆန္ဒရှင်များ သွားလာရေးအတွက် ယာဉ်၊ ထော်လာဂျီ၊ စက်လှေ စသည့် တမျိုးမျိုးကို စီစဉ်ဆောင်ရွက်ပေးခြင်းကတော့ သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနိုင်ပြီးတော့ မဲဆွယ်ခြင်းသဘော သက်ရောက်နေပါသဖြင့် ဆောင်ရွက်ခွင့်မရှိပါ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။
မဲဆန္ဒရှင်များအား တရွာမှတရွာသို့ ဆန္ဒမဲပေးရန် သွားလာရေးအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ယာဉ်၊ ထော်လာဂျီများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့် မဲဆန္ဒရှင်များအား စီစဉ်ဆောင်ရွက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေအရ ကင်းလွတ်ခွင့်ရှိ၊ မရှိနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီက မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ဦးဝင်းကိုက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (က) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန် သော်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်နေရာ ပြောင်းရွှေ့မှု သို့မဟုတ် တခြားအခွင့်အရေးတခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းဟု ပြဋ္ဌာန်းပါရှိသည်။
“ဆိုလိုခြင်း အဓိပ္ပာယ်ကတော့ ဒီလို လွှတ်တော် ကိုယ်စားလှယ်လောင်းက သော်လည်းကောင်း၊ နိုင်ငံရေးပါတီ တခုခုက သော်လည်းကောင်း သူတို့ရဲ့အစီအမံနဲ့ ယာဉ်၊ ရထားများကို စီစဉ်ပြီးတော့ မဲဆန္ဒရှင်များကို ပို့ဆောင်ပေးခြင်းဟာ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို တနည်းတဖုံ လွှမ်းမိုးသက်ရောက်တဲ့ အခွင့်အရေးသဘောဖြစ်လို့ ပုဒ်မ ၅၈ (က) နဲ့ ငြိစွန်းနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်” ဟု ဦးဝင်းကိုက ဖြေကြားသည်။
ဆက်လက်၍ ဦးဝင်းကိုက တရွာမှတရွာသို့ ဆန္ဒမဲပေးရန် သွားလာရေးအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ယာဉ်၊ ထော်လာဂျီ၊ စက်လှေ အစရှိသဖြင့် စီစဉ်ဆောင်ရွက်ပေးရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဆောင်ရွက်ပေးလျှင်လည်း ဥပဒေနှင့် ညီ မညီကိုမူ ညှိနှိုင်းဆောင်ရွက်ရခြင်း မရှိသေးကြောင်း ထပ်ဆင့်ဖြေကြားခဲ့သည်။
သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ တွင် ပါဝင်သောအချက်များကို မည်သူမဆို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲကာလတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို နည်းဥပဒေများအဖြစ် ပြဋ္ဌာန်းကာ ရွေးကောက်ခံကိုယ်စားလှယ်များမှ လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိလျှင် တွေ့ရှိသူက နီးစပ်ရာရဲစခန်းသို့ တိုင်ကြားနိုင်ပြီး တရားစွဲဆိုမှုများ ပြုနိုင်သည်ဟုလည်း ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်တွင် ပါရှိသည့်အချက်များမှာ စစ်အစိုးရစနစ်အောက်တွင် ပြုလုပ်ခဲ့သည့် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ချမှတ်ခဲ့သည့် အချက်များနှင့် အတူတူပင် ဖြစ်သောကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း အကြား ဝေဖန်မှုများလည်း ရှိသည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှုပေါင်း ၂၈ မှု ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှုပေါင်း ၄ မှုရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။