ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုဖြစ်စဉ်တွင် တရားခံဟု စွပ်စွဲခံထားရသည့် မြန်မာ အလုပ်သမား ၂ ဦး၏ DNA(မျိုးဗီဇ)အား ပြန် လည် စစ်ဆေးခွင့်ကို ကော့စမွေခရိုင် တရားရုံးက ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာ၂ ဦး ဖြစ်သူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့သည် ပြစ်မှု ကျူးလွန်ကြောင်း ပြောဆိုနိုင်မည့် မျက်မြင်သက်သေ မရှိခြင်းကြောင့် ၎င်းတို့၏ DNA အား ပြန်လည်စစ်ဆေးခွင့်ပြုရန် ထိုင်းရှေ့နေများ ကောင် စီ က တောင်းဆိုခဲ့ရာ ဧပြီလ ၃၀ ရက် ရုံးချိန်း၌ ခွင့်ပြုမိန့် ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသည့် မြန်မာ သံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က“ဒီအမှုမှာ DNA ပြန်စစ်ခွင့် ပြုပေး လိုက်ရင် နောင်လည်းပဲ အဲဒီလို တောင်းဆိုတဲ့ အစဉ်အလာတွေ ဖြစ်ကုန်မှာစိုးလို့ စစ်ဆေးခွင့် အမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းပြချက် ပေးပါတယ်”ဟု ပြောသည်။
အကယ်၍ DNA ပြန်လည် စစ်ဆေးလိုပါက ထိုင်းနိုင်ငံ၏ အကျဉ်းဦးစီးဌာနထံ လျှောက်ထားခွင့် တောင်းခံနိုင်ပြီး အကျဉ်းဦးစီး ဌာနက ခွင့်ပြုပါက စစ်ဆေးခွင့် ပြုမည်ဟု တရားရုံးက ပြောဆိုကြောင်းလည်း ဦးအောင်မျိုးသန့်က ပြောပြသည်။
၎င်းကဆက်လက်၍“ရရှိထားတဲ့ DNA ဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ရထားတာ မဟုတ်ဘူးလို့ ကျနော်တို့ဘက်က အရင်ကတည်း က ပြောထားပြီးသားပါ။ နောက်ပြီးတော့ စစ်ဆေးခွင့် ပြုလိုက်၊ မပြုလိုက်ဆိုတော့ ဒီ DNA ဟာ ပိုပြီးတော့ မသေချာဘူးဆိုတာ ပြောလို့ရပါတယ်”ဟုလည်း ပြောဆိုသည်။
အမှုနှင့် ပတ်သက်၍လည်း ခိုင်လုံသည့် မျက်မြင် သက်သေ အထောက်အထား မရှိခြင်း၊ စစ်ဆေးထားသည့် DNA သည်လည်း လုပ် ထုံးလုပ်နည်းအရ ဆောင်ရွက်ထားခြင်း မဟုတ်ခြင်းတို့ကြောင့် မှန်သည်ဟု ရာနှုန်းပြည့် သတ်မှတ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အမှုကို ဥပဒေကြောင်းအရ သုံးသပ်ပါက ကွင်းလုံးကျွတ် လွတ်မြောက်သွားနိုင်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေ ၆၅ ဦး၊ တရားခံဘက်မှ ၃၁ ဦး တင်ထားကြောင်း သိရသည်။
တရားလိုပြ သက်သေများကို ဇူလိုင်လ ၈ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး အမှုတခုလုံးအား အောက်တိုဘာလတွင် အပြီးကြား နာ စစ်ဆေး၍ စီရင်ချက်ချမည်ဟု ကော့စမွေခရိုင် တရားသူကြီးက ပြောဆိုထားသည်။
တရားလိုဘက်မှ သက်သေ ၆၅ ဦးအနက် လိပ်ကျွန်း၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၇ ဦး ပါဝင်ပြီး ၎င်းတို့အနက် ကိုမောင်မောင်၊ ကိုအောင်လင်းဇော်၊ ကိုညီညီအောင် ဆိုသူတို့ကို စစ်ဆေးပြီး ဖြစ်သည်။
ကျန်သည့် ၄ ဦးသည်လည်း မျက်မြင်သက်သေများ မဟုတ်သည့်အတွက် တရားခွင်၌ ပြန်လည် မေးခွန်းထုတ်သွားမည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ထို့အတူ တရားခံများဘက်ကလည်း သေဆုံးသူများ၏ သူငယ်ချင်းများ ဖြစ်သည့် ဗြိတိသျှ နိုင်ငံသား ရှောင်နှင့် ခရစ္စတိုဖာ တို့အား သက်သေထွက်ဆိုခွင့်ပြုရန် ကော့စမွေ တရားရုံးသို့ ဧပြီလအတွင်းကပင် တောင်းခံထားသော်လည်း ယနေ့အထိ အကြောင်းပြန်မှု မရှိသေးပေ။
၎င်းတို့၏ ထွက်ဆိုမှုသည် အလွန် အရေးပါနေခြင်းကြောင့် သက်သေ ထွက်ဆိုခွင့်ပြုရန် တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။
ရှောင်သည် အမှုဖြစ်ပွားခဲ့သည့် ရက်တွင် လက်၌ ဒဏ်ရာရခဲ့ပြီး ၎င်းကိုင်ဆောင်သည့် ဂစ်တာတွင်လည်း သွေးများပေနေသည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာများ၌ ပျံ့နှံ့သွားခဲ့သဖြင့် ၎င်းသည် ခိုင်လုံသည့် သက်သေ ဖြစ်လာနိုင်ကြောင်း သုံသပ်မှုများ ထွက်ပေါ်ခဲ့သည်။
ဗြိတိသျှနိုင်ငံသား ၂ ဦးဖြစ်သူ ဒေးဗစ်မီလာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာရစ်ချ်(၂၃)နှစ်တို့သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင် ကျွန်း (ခေါ်) လိပ်ကျွန်း၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် ညပိုင်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။