အစ္စလာမ်သည် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုတခုဖြစ်သည်ဟု ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူက မကြာခဏ မှတ်ချက် ပြုလေ့ရှိပါသည်။ ထိုသို့ပြောဆိုခြင်းမှာ မွတ်စလင်လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သော ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) ကို အဓိကရည်ရွယ်ခြင်း ဖြစ်သည်။ RSO သည် မြန်မာအစိုးရ တပ်ဖွဲ့များကို တိုက်ခိုက်မှုများ အတွက် တာဝန်ရှိသည်ဟု ယူဆကြသလို မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲ (jihad) ကို မြှင့်တင်နိုင်ရန် အတွက် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေသည် ဟု စွပ်စွဲမှုများလည်း ရှိခဲ့သည်။
လက်တွေ့တွင် အဆိုပါ အဖွဲ့အစည်းများ ကလည်း ပြည်တွင်းမှ ဆန့်ကျင်ရေး အဖွဲ့အစည်းများကို အထောက်အပံ့ ပြုနေကြောင်းနှင့် မြန်မာနိုင်ငံ၏ ကမ်းခြေများသို့ (jihad) ကိုတင်ပို့နေကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် ရိုဟင်ဂျာများ၏ အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ ဒုက္ခများကို လျော့ပါးစေခြင်း အစား အစွန်းရောက် အစ္စလာမ်မစ် ခြိမ်းခြောက်မှု အဖြစ် အလေးပေးခြင်း၏ ယုံကြည်လက် ခံနိုင်မှု အတိုင်းအတာနှင့် ပတ်သက်၍ မေးခွန်းများ ရှိလာ သည်။
ရိုဟင်ဂျာ စစ်သွေးကြွမှု
၁၉၇၀ နှစ်များမှစ၍ မြန်မာအစိုး ရတပ်များက ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးတခု ဆင်နွဲခဲ့သည့် အတွက် မွတ်စလင် အများစု ပါဝင်သော ဒုက္ခသည် ၂၅၀ဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ဒုက္ခသည် ပြဿနာနှင့် စိတ်ပျက်စရာ အခြေအနေများကြောင့် အမျိုးသားရေးဝါဒီ အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ သည်။ RSO သည်လည်း အဆိုပါ အဖွဲ့အစည်းများထဲမှ တခုဖြစ်ပြီး ပိုမို၍ အလယ်အလတ် ကျသည့် အဖွဲ့တခုဖြစ်သော ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (Rohingya Patriotic Front – RPF) မှ နေ၍ ၁၉၈၂ ခုနှစ်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်ခဲ့သော်လည်း RSO အဖွဲ့က မြန်မာနိုင်ငံ အတွင်းမှ ရိုဟင်ဂျာများ အခွင့်အရေး ပိုမိုရရှိနိုင်ရေး အတွက် ဆောင်ရွက်ရန် အားထုတ်ခဲ့သည်။
ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် လှုပ်ရှားနေသော Jamaat-e-Islami ကဲ့သို့သော အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည် ဟု ဆိုကြသော်လည်း RSO အဓိက လှုပ်ရှားသည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇား (Cox’s Bazar) ခရိုင်အတွင်းမှာ ဖြစ်သည်။ ထိုနေရာကို အခြေပြု၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်၍ အစိုးရတပ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ ပြုလုပ်ကြသည်။
မြန်မာ နိုင်ငံအတွင်းမှ တခြားသော လက်နက်ကိုင် အဖွဲ့များ ထက်လည်း စစ်ရေးအင်အား နည်းပါးသည်။ ထို့ကြောင့် ၉-၁၁ အကြိုကာလက အစိုးရကို လက်နက်ကိုင် တိုက်ခိုက်သည့် အဖွဲ့များ နှိမ်နင်းရေး လောကတွင် ခြိမ်းခြောက်နိုင်မှု နည်းသည့် အဖွဲ့တခုအဖြစ် သဘောထားခဲ့ကြသည်။ ထို့ပြင် ၂၀ဝ၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် လုံခြုံရေး အဖွဲ့များက RSO အဖွဲ့၏ လေ့ကျင့်ရေးစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အတွက် အင်အား သိသိသာသာ ကျဆင်းခဲ့ရသည်။
အစွန်းရောက်တွေနဲ့ ဆက်သွယ်သလား
ယခုအခါ လေ့လာဆန်းစစ်သူ အများအပြားက RSO တွင် အခြေခံအားဖြင့် စစ်ရေးစွမ်းဆောင်ရည် ပျောက်ကွယ် သွားပြီဟု လက်ခံကြသော်လည်း RSO က ဒေသတွင်းနှင့် တခြားဒေသမှ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် နီးကပ်သော ဆက်သွယ်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုမှုများ ရှိနေဆဲဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာအစိုးရက အမေရိကန်နိုင်ငံသို့ Arakan Rohingya National Organisation (ARNO) အမည် ရှိသည့် အဖွဲ့အစည်းတခုနှင့် ပတ်သက်၍ သတင်းများ စတင်ဝေမျှခဲ့သည်။ ARNO သည် RSO ၏ အဖွဲ့ခွဲများနှင့် တခြား ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
၂၀ဝ၂ ခုနှစ်က ပုံမှန် မဟုတ်ဘဲ ဝေမျှပေးခဲ့သော အမေရိကန် ကြေးနန်း သတင်းတခုတွင် “၎င်း၏ ရည်ရွယ်ချက်မှာ Al-Qaeda နှင့် ဆက်သွယ်မှု ရယူရန် ဖြစ်ပြီး Al-Qaeda ၏ အထောက်အပံ့ဖြင့် ARNO နှင့် တခြား မြန်မာ လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံနယ်စပ်တွင် လှုပ်ရှားကြသည်” ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၂၀ဝ၂ ခုနှစ် တွင် မြန်မာ စစ်ထောက်လှမ်းရေးမှ ပေးပို့ခဲ့သည် ဟု မှတ်တမ်း တင်ထားသည့် အဆိုပါသတင်းတွင် ARNO အဖွဲ့တွင် လက်နက်ကိုင် အဖွဲ့ဝင် ၁၇၀ ရှိပြီး ၎င်းတို့၏ ကိုယ်စားလှယ် ၅ ဦးက ၂၀ဝ၀ ပြည့်နှစ်၊ မေလတွင် al-Qaeda နှင့် တွေ့ဆုံခဲ့ကြောင်း၊ ၂၀ဝ၁ ခုနှစ်က လစ်ဗျားနှင့် အာဖဂန်နစ္စတန်တွင် ပြောက်ကျားတိုက်ပွဲ သင်တန်း တက်ရောက်ရန် အဖွဲ့ဝင် ၉၀ ခန့်ကို ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားသည်။
တာလီဘန် ကိုယ်စားလှယ် ၂ ဦးလည်း စစ်တကောင်း (Chittagong) သို့ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာလ အတွင်းက လာရောက်ခဲ့သည် ဟု ဆိုသည်။ အဆိုပါသတင်းများကို မြန်မာထောက်လှမ်းရေး ထံမှ ရရှိခဲ့သည့် အမေရိကန်အစိုးရ အရာရှိများက ယေဘုယျအားဖြင့် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု လက်ခံခဲ့ကြသော်လည်း ၎င်းတို့သည် သေချာအောင် အတည်ပြုထားခြင်း မရှိသလို ဝါဒဖြန့်ချိရေးကို အလေးပေးသည့် မြန်မာစစ်တပ်၏ သတင်းရင်းမြစ် တခုမှ လာသော ခိုင်မာမှု မရှိသည့် ဆက်သွယ်မှုများ အဖြစ် သဘောထားခဲ့ကြသည်။
လတ်တလော ထွက်ပေါ်ခဲ့သည့် သတင်းများကလည်း အဆိုပါ ဆက်သွယ်မှုများအပေါ် သံသယ ဝင်စရာ ဖြစ်စေခဲ့ သည်။ ၂၀၁၃ ခုနှစ်က ထွက်လာခဲ့သည့် ဓာတ်ပုံများကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လေ့ကျင့်ရေးစခန်းတခုမှ RSO တပ်သားများဟု မှားယွင်းဖော်ပြခဲ့သောပုံသည် လွန်ခဲ့သော နှစ်များအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Jamaat-e-Islami တိုက်ခိုက်ရေးသမားများ လေ့ကျင့်နေသည့် ပုံဖြစ်သည်။ ထို့အပြင် သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှု အများစုမှာ မြန်မာနိုင်ငံအတွင်းတွင် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းတွင် ဖြစ်နေသည်။
မြန်မာအစိုးရကလည်း မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို နေထိုင်ခွင့် မပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သတိပေးထားခဲ့ပြီး ဖြစ်သည်။ ယခင်က RSO နှင့် ဆက်သွယ်မှု ရှိသည်ဟု သိကြသော အဖွဲ့များသည်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များ ဖြစ်ကြသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေဖြင့်လည်း တိုင်းပြည်၏ အရှေ့ဘက်ပိုင်းတွင် RSO အဖွဲ့ ရှိနေခြင်းကို နှစ်သက်လိမ့်မည် မဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု မရှိခြင်းကြောင့် အစိုးရအနေဖြင့် နယ်စပ်ရှိ အကြမ်းဖက် အဖွဲ့များကို နှိမ်နင်းရန် စွမ်းဆောင်ရည် အားနည်းခဲ့ရသည်။
ရိုဟင်ဂျာတို့၏ လက်နက်ကိုင် ခြိမ်းခြောက်မှုကို ဖော်ပြနိုင်ရန် မြန်မာအစိုးရက နောက်ထပ် ထုတ်ပြသည့် သတင်း အချက်အလက်များက တခြားနေရာမှ ဖြစ်သည်။ ၂၀၁၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်ခြင်း ကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်များကို ရိုဟင်ဂျာများ အပေါ် စာနာသည့် အဖွဲ့အစည်းများက လုပ်ကိုင်လာခဲ့ကြ သော်လည်း ရိုဟင်ဂျာများ ကိုယ်တိုင် မဟုတ်ပေ။
ထို့အပြင် ပါကစ္စတန် အခြေစိုက် Lashkar-e-Taiba က ရိုဟင်ဂျာ ဒုက္ခသည်များကို လူသစ် အဖြစ် စုဆောင်းရန် ကြိုးစားနေကြောင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြခဲ့ကြသည်။ ရိုဟင်ဂျာ ဒုက္ခသည် တချို့က ရှေးရိုးစွဲ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခဲ့သည်ဟု ယုံကြည် ရကြောင်း ၂၀၁၃ ခုနှစ်တွင် Bangladesh Enterprise Institute က မှတ်ချက်ပြုခဲ့သည်။ RSO ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၂၀ဝ၅ ခုနှစ် ကတည်းက တားမြစ်ပိတ်ပင် ထားသည့် ပါကစ္စတန်နှင့် အဆက်အသွယ် ရှိသော အကြမ်းဖက် အဖွဲ့တခု ဖြစ်သည့် Harkat-ul Jihad-e-Islami Bangla-desh နှင့် မဟာမိတ်ပြုခဲ့သည်ဟု ဆိုသည်။ တခြား သောသတင်းများကလည်း ကက်ရှ်မီးယား ခွဲထွက်ရေး အဖွဲ့တခု ဖြစ်သည့် Jaish-e-Mohammed ကလည်း ရိုဟင်ဂျာများကို လူသစ်အဖြစ် စုဆောင်းရန် ကြိုးစား နေသည် ဟု ဆိုကြသည်။
ထိုသို့သော သတင်းများ ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက် လှုပ်ရှားမှုများ မတွေ့ရှိရ သေးပါ။ RSO က ဦးဝီရသူ ပြောသလို မြန်မာနိုင်ငံ အတွက် သို့မဟုတ် မြန်မာစစ်တပ် အတွက် အမှန်တကယ် ခြိမ်းခြောက်မှု တခုဖြစ် သည်ဟု ယူဆရန် အထောက်အကူ ဖြစ်မည့် အရင်းအမြစ်လည်း မရှိသေးပါ။ ရိုဟင်ဂျာများကို ဂရုဏာသက်သည့် အဖွဲ့ အစည်းများက မြန်မာနိုင်ငံအပေါ် တိုက်ခိုက်ရန် အားထုတ်မှုများ ရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့ကို RSO သို့မဟုတ် တခြားရိုဟင်ဂျာ အဖွဲ့အစည်း တခုက ဦးဆောင်ခြင်း ဖြစ်သည်ဟု ယူဆနိုင်စရာ အလွန်နည်းပါသည်။
ယုံလွယ်မယ့် ပုံပြင်
ရိုဟင်ဂျာတို့၏ စစ်အင်အားနှင့် အစ္စလာမ် အကြမ်းဖက်ဝါဒတို့က ယုံကြည် လက်ခံနိုင်လောက်စရာ နည်းပါး သော်လည်း ရိုဟင်ဂျာအရေးကို မြန်မာအစိုးရ၊ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ပြည်တွင်းအဖွဲ့အစည်း တချို့က ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်များ အတွက် အသုံးချနေခဲ့ကြခြင်း ဖြစ်သည်။
ပထမဆုံး အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အကြမ်းဖက်သမားများ အဖြစ် ပုံဖော်လိုသော မြန်မာ အစိုးရသည် အမေရိကန်ကဲ့သို့သော တခြားနိုင်ငံများထံမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထောက်အပံ့များ ယခင်က ရယူပြီး အသုံးချနိုင်ခဲ့သည်။ အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်မှုရရှိ လာသည့် အချိန်မှ စ၍ မြန်မာအစိုးရသည် အဆိုပါ အခြေအနေများနှင့် ကင်းအောင်နေလာသည်ဟု ထင်ရသော်လည်း RSO နှင့် ရိုဟင်ဂျာများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဆက်လက် အကျယ်ချဲ့နေဆဲ ဖြစ်သည်။ အကြမ်းဖက် ခြိမ်းခြောက်မှု ကစားပွဲက အမျိုးသားရေး သဘောထား အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး အများ၏ အာရုံစိုက်မှုကို အစိုးရ၏ အခြားနေရာမှ ကျရှုံးမှုများ ဆီမှ အာရုံပြောင်းသွားစေခဲ့သည်။
ပြည်တွင်းမှ ဩဇာရှိသည့် အဖွဲ့အစည်းတခုဖြစ်သော ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ အဖွဲ့ကလည်း RSO နှင့် အစ္စလာမ် ဘာသာက မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ အတွက် ခြိမ်းခြောက်မှုတခု ဖြစ်သည်ဟု အမြဲပြောနေခဲ့သည်။ ထိုကြောင့် ၉၆၉ အဖွဲ့ကို ထောက်ခံရန် အတွက် စီတန်းလှည့်လည် ကြွေးကြော်မှုများ ပြုလုပ်နိုင်ခဲ့သလို ထောက်ခံမှု ရရှိစေသည့် နည်းတခုလည်း ဖြစ်ပြီး ဥရောပတွင် လက်ယာပါတီများ လူထုထောက်ခံမှု ရရှိရန် ပြုလုပ်ပုံနှင့် များစွာ တူညီနေသည်။
အရှေ့အလယ်ပိုင်း၊ အလယ်အာရှနှင့် အရှေ့ တောင်အာရှမှ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များကမူ ရိုဟင်ဂျာတို့၏ အကျပ်အတည်းသည် သူတို့၏ ရည်ရွယ်ချက် ဖြစ်သည့် အစ္စလာမ် သဘောတရားများကို မြန်မာနှင့် တခြား နေရာများ သို့ ပို့ဆောင်နိုင်ရေးကို တရားဝင် ဖြစ်စေမည့် အရေးပါသော အထောက်အကူတခု အဖြစ် သဘောထားခဲ့ ကြသည်။
၂၀၁၄ ခုနှစ်တွင် al-Qaeda အဖွဲ့၏ ခေါင်းဆောင် Al-Zawahiri က အစိုးရကို ဆန့်ကျင်ထကြွရန် မြန်မာနိုင်ငံမှ မွတ်စလင်များကို တိုက်တွန်းခဲ့သည်။ ISIS နှင့် မဟာမိတ်ပြုထားသော Jemmaah Islamiyah အဖွဲ့၏ အဖွဲ့ခွဲတခု ဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ Jamaah Ansharut Tauhid အဖွဲ့၏ ခေါင်းဆောင် Abu Bakar Bashir က မြန်မာ အစိုးရနှင့် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
ဆိုမာလီမှ အကြမ်းဖက်အဖွဲ့တခု ဖြစ်သည့် Al Shabaab ကလည်း မေလ အတွင်းတွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ လက်တွင်းရှိ မြန်မာနိုင်ငံမှ မွတ်စလင်များ လုံခြုံဘေးကင်းမှု ရရှိရေးကို တောင်းဆိုခဲ့ သည်။ တကမ္ဘာလုံး အတိုင်းအတာဖြင့် ဘာသာရေးစစ်ပွဲ (jihad) ပြုလုပ်လိုသည့် အယူအဆကို ပြန့်ပွားစေ လိုသည့် အဆိုပါ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များက ရိုဟင်ဂျာအရေးကို သူတို့၏ အကျိုးအတွက် အသုံးချခဲ့ကြခြင်း ဖြစ်သည်။
အထက်ပါ အဖွဲ့အစည်းများ အားလုံးတွင် ယုံမှတ်မှု တခုမှတဆင့် အကျိုးအမြတ် ရယူလိုခြင်းများ ရှိနေသည်။ သို့သော်လည်း ထိုအကြောင်း တခုတည်းက ရိုဟင်ဂျာကိစ္စတွင် လက်နက်ကိုင် တိုက်ခိုက်နိုင်သည့် ခြိမ်းခြောက်မှု ရှိလာနိုင်သည် ဟု သက်သေ အထောက်အထားတခု မဟုတ်ပါ။ ထို့အပြင် ရိုဟင်ဂျာနှင့် RSO တို့၏ ကြေညာချက်များ တွင်လည်း အဆိုပါ စိုးရိမ်မှုများ လျော့ပါးစေရန် အားထုတ်ထားသည်ကို တွေ့ရသည်။
မကြာသေးမီကပြုလုပ်ခဲ့သည့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် RSO အဖွဲ့ခွဲတခု၏ ခေါင်း ဆောင်ဖြစ်သော Muhammad Yunus က နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများထံမှ အကူအညီ တောင်းခံခဲ့ခြင်းမရှိဟု ငြင်းပယ်ခဲ့သည်။ RSO တွင် လက်နက်ကိုင်တပ်ဖွဲ့ မရှိဟုလည်း ပယ်ချခဲ့သည်။
ထိုသို့ ဆက်သွယ်မှုများ လုံးဝမရှိကြောင်းလည်း သက်သေ အထောက်အထား မပြနိုင်သည့် အချိန်တွင် ရိုဟင်ဂျာများ ကိုယ်တိုင်သည်လည်း အကြမ်းဖက် တိုက်ခိုက်မှုများကို ၎င်းတို့၏ နာမည်တပ်၍ လုပ်ဆောင်လာခဲ့လျှင် ဆိုသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်က အဖြစ်အပျက် ကဲ့သို့သော ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ အပြန်အလှန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအရ ရိုဟင်ဂျာ အများစုအနေဖြင့် အကြမ်းမဖက်ဘဲ ဆက်နေရန် ဖြစ်လာခဲ့သည်။
အရှိကို အရှိအတိုင်း
ယခင် စစ်အစိုးရ၏ လက်အောက်တွင် ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရသည့် အတွက် ရိုဟင်ဂျာများသည် ကမ္ဘာပေါ်မှာ (jihad) လှုပ်ရှားမှုများ၊ အစ္စလာမ် အစွန်းရောက်အုပ်စုများနှင့် အကြီးအကျယ် ကင်းကွာနေခဲ့ ရသည်။ အသိုင်း အဝိုင်း၏ ဩဇာလွှမ်းမိုးမှု အင်အားကောင်းခြင်း ကလည်း ရိုဟင်ဂျာများကို အစွန်းရောက်ဝါဒမှ အကာအကွယ် ပေးခဲ့သည်။ ယခုအချိန်အထိ မြန်မာအစိုးရက ၎င်းတို့၏ စိတ် ပျက်စရာ လက်ရှိအနေအထားကို ကူညီထောက်ပံ့ခြင်း မပြုသေး သလို ၎င်းတို့၏ ယာယီနိုင်ငံသား အဖြစ်ကိုလည်း ပယ်ဖျက်ခဲ့သည်။
ထို့ကြောင့် ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့ဘာသာ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုကြသေးသော်လည်း ရေရှည်တွင် ဆက်လက် ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများနှင့် မမျှတမှုများကြောင့် အစ္စလာမ်ဘာသာ အနေအဖြင့် ဖြစ်စေဖိနှိပ်မှုများကို တန်ပြန်သည့် အနေဖြင့် ဖြစ်စေအစွန်းရောက်သည့် အနေအထားသို့ ရောက်ရှိသွား နိုင်သည်။
ထို့ကြောင့် ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရန် အတွက် အထူး အလေးပေးရန် လိုအပ်နေသည်။ လတ်တလောနှစ်များ အတွင်း အာဖဂန်နစ္စတန်နှင့် အီရတ်တွင် ကြုံတွေ့ခဲ့ရသော မညီမျှမှုများကို ဖြေရှင်းနိုင်မှု မရှိခြင်းနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဗျူဟာများ အတွင်းမှ နစ်နာမှုများကြောင့် တိုးလာသည့် ပြဿနာများ၊ ရက်စက်သော လက်နက်ကိုင် သောင်းကျန်းမှုများနှင့် တခြားကိစ္စများ ပေါ်ထွက်လာသည်ကို မြင်ခဲ့ရပြီး ဖြစ်သည်။
၎င်းတို့သည် မြန်မာနိုင်ငံက သတိထားသင့်သည့် သင်ခန်းစာများ ဖြစ်ပါသည်။ လတ်တလောတွင် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာ ပေါ်လာခြင်းနှင့် အတူ အစွန်းရောက် အန္တရာယ်ရှိလာသည့် အချိန်တွင် မြန်မာအစိုးရက ဖြေရှင်းရန် အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မွတ်စလင် ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပြောင်းလဲ စေခြင်းနှင့် ပြေလည်ငြိမ်းချမ်းစေမည့် အကြောင်းများကို ပိုမိုလုပ်ဆောင်ခြင်းများဖြင့် စတင်သင့်ပါသည်။ နိုင်ငံသား အခွင့်အရေး ပြဿနာနှင့် ခွဲခြားသည့် ဥပဒေများကို ဖြေရှင်းခြင်း ကလည်း အရေးကြီးပါသည်။
ထို့နောက်တွင် ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ပြန်လည် တည်ဆောက်ခြင်း၊ တိုင်းပြည်မှ ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ပြန်လည် လက်ခံခြင်းများလည်း လိုအပ်ပါသည်။ အစိုးရက စာနာထောက်ထား မှုပေးရန်လည်း လိုပါသည်။ အဆိုပါ မူဝါဒများ ဗုဒ္ဓဘာသာ အမျိုးသားရေး အဖွဲ့အစည်းများ၏ ဩဇာနှင့် ၎င်းတို့ကို ထောက်ခံ သူများ ကြောင့် လွယ်ကူမည် မဟုတ်သလို လူကြိုက်များ လိမ့်မည်လည်း မဟုတ်ပါ။
သို့သော်လည်း လက်ရှိတွင် ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံခြင်းများ၊ ဖိနှိပ် ကန့်သတ်မှုများကို ဖြေရှင်းရန် အတွက် ထိုသို့ဆောင်ရွက်ရန် လိုအပ်နေပါသည်။ အမှန်တကယ်တွင်လည်း ရိုဟင်ဂျာများကို ဘေးဖယ် ထားခြင်း အစား ကောင်းမွန်သော အခြေအနေ ဖန်တီးပေးခြင်းက အင်အားကောင်းသော အသိုင်းအဝိုင်းတခု ဖန်တီးရန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အစွန်းရောက် အကြမ်းဖက်မှုများ၏ မျိုးစေ့ကို ဖယ်ရှားနိုင်ရန် အတွက် အလွန်လိုအပ် ပါသည်။
နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် အချိန်တွင် မြန်မာအစိုးရက နိုင်ငံအတွင်းမှ မွတ်စလင် ဆန့်ကျင်ရေး အဖွဲ့များ၏ လှုပ်ရှားမှုများကို ထိန်းသိမ်းကိုင်တွယ်ခြင်း အပါအဝင် ဆောင်ရွက်ရန် များစွာ ကျန်နေသေးသည်။
တခြားသော နိုင်ငံအများစု ကဲ့သို့ပင် အကြမ်းဖက်မှု တိုက်ဖျက်ရေးက အဓိက အလေးထားရမည့် အရာတခု ဖြစ်နေသည့် အချိန်တွင် မြန်မာအစိုးရနှင့် နိုင်ငံတကာမှ အစ္စလာမ် အကြမ်းဖက် အဖွဲ့အစည်းများ အပါအဝင် တခြားပုဂ္ဂိုလ် အဖွဲ့အစည်းများက အစွန်းရောက် ဇာတ်လမ်းများ နောက်သို့ လိုက်ပါလျက်ရှိပြီး၊ စိုးရိမ်ပူပန်မှုများကို လျော့ပါးသွားအောင် ပြုလုပ်မည့်အစား သူတို့ကိုယ်တိုင် ပြောထားခဲ့သည့် ခြိမ်းခြောက်မှုက ရေရှည်တွင် အန္တရာယ်ပိုများလာစေမည့် လမ်းကြောင်းပေါ်တွင် ရောက်နေပေသည်။
(The Diplomat အွန်လိုင်းမဂ္ဂဇင်းပါ Elliot Brennan နှင့် Christopher O’Hara တို့၏ The Rohingya and Islamic Extremism: A Convenient Myth ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)