Save Elephant Foundation (SEF) သည် ထိုင်းနိုင်ငံ အခြေစိုက် ဆင်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့အစည်း တခုဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ SEF သည် အာရှဆင်များ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ကယ်တင်ရေး လုပ်ငန်းများ၊ ဆင်များ လေ့ကျင့် သင်ကြားရေးဆိုင်ရာ ပညာပေး လုပ်ငန်းများ၊ ဆင်များ ပါဝင်ပတ်သက်နေသည့် ခရီးသွား လုပ်ငန်းများအား ပညာပေးခြင်းများ၊ လူထုနိုးကြားမှုဆိုင်ရာ အသိပညာပေး လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်နေသည့် အဖွဲ့တခုလည်း ဖြစ်သည်။
SEF သည် ၂၀၁၄ ခုနှစ်တွင် မြန်မာ့ဆင်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်းအဖြစ် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ရောက်ရှှိလာခဲ့ပြီး ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။ ဆင်အများစု တည်ရှိရာ ပဲခူးရိုးမနှင့် နီးစပ်သည့် ပဲခူးတိုင်း အတွင်းတွင်လည်း ဆင်ဆေးရုံတရုံ ဆောက်လုပ်ခွင့်ရရန် အစိုးရထံသို့ တင်ပြထားပြီး ဆင်ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပြုလုပ်ပေးသွားရန် အစီအစဉ်ရှှိကြောင်း သိရသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် “Global March For Elephants And Rhinos” ကို ရန်ကုန်တွင် ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ပေးခဲ့သည်။ SEF ကို တည်ထောင်သူမှာ ထိုင်းအမျိုးသမီး Ms. Sangluen Lek Chailert ဖြစ်သည်။ သူသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကတည်းက အကြိမ်ကြိမ် လာရောက်ခဲ့ဖူးသူ ဖြစ်ပြီး မြန်မာ့ဆင်များအကြောင်း လေ့လာခဲ့သူ ဖြစ်သည်။
SEF ၏ ဆင်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ထိုင်းနိုင်ငံအတွင်း လှုပ်ရှားခဲ့ပုံများ၊ မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် ရှှိသည့် အစီအစဉ်များ၊ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတို့၏ စိန်ခေါ်မှုများ အကြောင်းကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က ယင်းဖောင်ဒေးရှင်း တည်ထောင်သူ Ms. Sangduen Lek Chailert နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ဒီ Save Elephant Foundation ကို တည်ထောင်ပြီး နောက်ပိုင်း ဆင်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ဆင်ပြုစု စောင့်ရှောက်ရေး ကိစ္စတွေကို ထိုင်းနိုင်ငံမှာ အများကြီး ဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။ အဲဒီတော့ အခုချိန်မှာ အဲဒီလို ကိစ္စမျိုး တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက လူတွေရဲ့ နိုးကြားမှုက ဘယ်လိုအခြေအနေ ရှှိနေပြီလဲ။
ဖြေ ။ ။ ပြောရရင် ထိုင်းနိုင်ငံလိုမျိုး အဲဒီလို ကိစ္စတွေအတွက် ဥပဒေ မရှှိခဲ့တဲ့ နိုင်ငံမျိုးမှာ ဒီကိစ္စတွေ လုပ်ရတာ သိပ်ခက်ခဲပါတယ်။ တိရစ္ဆာန်တွေအတွက် ဥပဒေက မနှစ်က ဒီဇင်ဘာလကမှ ဥပဒေ ပြဌာန်းခဲ့တာပါ။ အစောပိုင်းမှာ “အသိပညာ နိုးကြားရေး လှုံ့ဆော်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ စပြီး လုပ်တယ်။ ဒီအကြောင်းတွေက ပြောဖို့ အချိန်တန်ပြီ။ ဆင်တွေရဲ့ ပြဿနာတွေကို ပြောပြဖို့ လိုပြီ။ ပြဿနာတွေက သိပ်ကြီးပါတယ်။ အထူးသဖြင့် ဆင်တွေ ပါဝင် ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေလုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် ပြဿနာက သိပ်ကြီးပါတယ်။ အဲဒီလို လုပ်ငန်းရှင် တော်တော်များများက ချမ်းသာကြွယ်ဝကြတယ်။ မာဖီးယား ဂိုဏ်းတွေလိုမျိုးတောင် ရှှိပါတယ်။ အဲဒါကြောင့် ဆင်တွေရဲ့ ပြဿနာတွေအကြောင်း လူတွေကို ပြောပြတဲ့အခါ သေချာတယ်၊ သူတို့ အရှိုက်ကို ထိတော့တာပဲ။ သူတို့ကတော့ ဘယ်တော့မှ ကျေနပ်မှာ မဟုတ်ဘူး။ အခက်အခဲတွေ သိပ်ကို ရင်ဆိုင်ရပါတယ်။
အမြဲတမ်းလိုလို အတိုက်အခိုက် ခံရတယ်။ နေ့တိုင်းလိုလိုပါပဲ။ ကျမကိုပဲ ထိခိုက်တာတောင် မဟုတ်ပါဘူး။ ကျမရဲ့ မိသားစု၊ ကျမ သူငယ်ချင်းတွေ၊ ကျမ စီးပွားရေးတွေ။ ကျမ ဒီဖောင်ဒေးရှင်း မထောင်ခင်က ကျမရဲ့ ကိုယ်ပိုင် လုပ်ငန်းတခု ရှှိတယ်။ Social Enterprise လို လုပ်ငန်းတခုပါ။ ခရီးသွား လုပ်ငန်းတခုလည်း ရှှိခဲ့တယ်။ ဆင်တွေ ပါဝင်ပတ်သက်တာပါပဲ။ အဲဒီကနေပဲ ဆင်တွေအကြောင်း လေ့လာခွင့် ရခဲ့တာပါ။ တိရစ္ဆာန်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်တာပါပဲ။ ဒါပေမယ့် ဒီအကြောင်း လူတွေကို ပြောပြတဲ့ အခါကျတော့ ကျမတို့ရဲ့ စီးပွားရေးကို ကြိမ်းသေ ထိခိုက်လာတယ်။ အဲဒါကြောင့် ကျမနားက ကျမအလုပ်မှာ ပါဝင် ပတ်သက်သူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း မနေရတော့ပါဘူး။
မေး ။ ။ သိပ်ကို စိန်ခေါ်မှုကြီးတာပါ။ အဲဒီတော့ နှစ်တွေ ကြာလာပြီးတဲ့နောက် လူတွေရဲ့ နိုးကြားမှုကရော ဘယ်လိုရှှိလာသလဲ။ လက်ရှှိ အခြေအနေကို ဆိုလိုတာပါ။
ဖြေ ။ ။ လူတွေကို အသိပညာ ပေးတဲ့အခါ အချိန် သိပ်ယူရပါတယ်။ ပထမဆုံးအနေနဲ့ ကျမရဲ့ နည်းလမ်းတွေကို လူတွေ ယုံကြည်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာက အစပါ။ ပညာပေးခြင်းက ပြောင်းလဲမှု တစုံတရာ ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ အဲဒါကြောင့် ပညာပေးပါတယ်။ ဈေးကွက်ကို ပညာပေးတယ်။ အထူးသဖြင့် နိုင်ငံခြားသား ခရီးသွားတွေပါ။ ဆင်တွေ အနှိပ်စက်ခံရတယ်ဆိုတာ ခရီးသွားလုပ်ငန်းကနေ အဓိက သက်ရောက်တာလည်း ပါပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေကို အဓိကထား ပညာပေးပါတယ်။ သူတို့ကို တခြားသတ္တဝါတွေရဲ့ အခွင့်အရေးတွေကို လေးစားပြီး တာဝန်သိသိနဲ့ ခရီးသွားစေချင်တယ်။ အဲဒီတော့ သူတို့သိအောင် ပြောပြပါတယ်။
ဒီကမ္ဘာပေါ်က လူတော်တော်များများက စိတ်နှလုံး ကောင်းကြပါတယ်။ သူတို့တွေက မသိကြသေးတာပါ။ ကျမလိုပါပဲ။ ကျမလည်း နဂို မသိခင်တုန်းက သစ်ကုလားအုတ်လည်း စီးတယ်။ မြည်းလည်း စီးတာပဲ။ ကျမထင်ခဲ့တာ ငါတို့ကလူပဲ၊ လုပ်ချင်တာ လုပ်လို့ ရတယ်လို့ ထင်ခဲ့တာကိုး။ ဒါပေမယ့် ဒီအရာတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေ ဖြစ်တဲ့ သူတို့တွေ ဘယ်လို ခံစားရတယ် ဆိုတဲ့အကြောင်း မြင်တဲ့အခါ ဒီကိစ္စတွေဟာ ကမ္ဘာပေါ်မှာရှှိတဲ့ လူတွေအကုန် သိသင့်တဲ့ အကြောင်းအရာတွေပဲဆိုတာ ကျမ သိသွားတယ်။
နိုင်ငံခြားသား ခရီးသွားတွေကို သိအောင် ပြောပြသင့်တယ်။ ကိုယ်ဝန်ရှှိနေတဲ့ ဆင်တကောင်ကို တက်စီးတဲ့အခါ သိပ်ကို အန္တရာယ်များပါတယ်။ သူတို့တွေ ကိုယ်ဝန် ပျက်ကျနိုင်ပါတယ်။ သူတို့ စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။ တော်တော်များများကတော့ နေမကောင်း ဖြစ်သွားတတ်ကြပါတယ်။ အသက်ကြီးတဲ့ ဆင်တကောင်ကို တက်စီးရင် သူတို့ရဲ့ ကျောရိုးတွေကို အရမ်း ထိခိုက်စေပါတယ်။ လူတွေက ဒီပြဿနာတွေအကြောင်း သိတဲ့အခါ ကိုယ်ချင်းစာမယ်။ ဟုတ်တာပဲ … ငါသာ ခါးနာနေရင် ဒါမှမဟုတ် တင်ပါးဆုံရိုး နာနေရင် ဆိုတာမျိုး စဉ်းစားမိကြမယ်။
ညှဉ်းပမ်း နှိပ်စက်မှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကျမတို့ မရှှိချင်ကြပါဘူး။ ကျမရဲ့ အလုပ်က တိရစ္ဆာန်တွေ ကိုယ်စား ပြောဆိုပေးမယ်။ လူတွေကို ဘာတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်း ပြောပြမယ်။ တိရစ္ဆာန်တွေဟာ ဘာကြောင့် ကျမတို့ရဲ့ ကိုယ်စား ပြောဆိုပေးမှုတွေ လိုအပ်သလဲ ဆိုတဲ့အကြောင်း ဒါတွေကို အသိပညာပေးဖို့ လိုပါတယ်။
မေး ။ ။ ခရီးသွားလုပ်ငန်းအပြင် တခြား ဘယ်သူတွေကို ပညာပေးဖြစ်သေးလဲ။
ဖြေ ။ ။ ပထမဆုံးကတော့ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေကိုပါ။ ဒုတိယကတော့ စာနယ်ဇင်းသမားတွေပါ။ သူတို့က လူတွေအတွက် အန္တရာယ် အရှှိဆုံးနဲ့ အကူညီနိုင်ဆုံး လူတွေ ဖြစ်ပါတယ်။ ပြီးတော့ ခရီးသွားတွေ ပြီးတော့ ကျောင်းတက်နေတဲ့ ကလေးတွေ။
မေး ။ ။ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက သွားလိုက်ပြန်လိုက် လုပ်နေခဲ့တာလို့ သိရတယ်။ အစိုးရ အရာရှှိတွေ ဆင်ဦးစီးတွေနဲ့ စကားပြော ဖြစ်တယ်။ အဲဒီတော့ အစိုးရရဲ့ ဒီဆင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေအပေါ် ဘယ်လို ထင်မြင်ချက် ရှိပါသလဲ။
ဖြေ ။ ။ အစောပိုင်း နှစ်တွေတုန်းက သိပ်ကို ခက်ခဲပါတယ်။ ဘယ်သူ့ကိုပဲ သွားပြီး စကားပြောပြော၊ သာမန် အရာရှိ တယောက်ပဲ ဖြစ်ဖြစ် ကျမ သွားစကားပြောတဲ့အခါ အမြဲတမ်း လက်လျှော့ပြီး ထွက်သွားချင်စိတ် ဖြစ်မိပါတယ်။ ဒါပေမယ့် အိမ်ပြန် ရောက်တဲ့အခါ ပြန်စဉ်းစားတယ်။ ဆင်တွေ နာကျင် ခံစားနေရတာကို မြင်တဲ့အခါ လက်လျှော့လို့ မဖြစ်ဘူး၊ ပြန်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျမ အရှုံးပေးလို့ မဖြစ်ဘူး၊ အရှုံးပေးခွင့်လည်း မရှိဘူး။ ဆင်တွေကို မြင်တဲ့အခါ သူတို့မျက်လုံးတွေက စကားပြောနေတယ်။ သူတို့တွေ နာကျင်နေကြတယ်။ ကျမကို အကူအညီ တောင်းနေကြတယ်။ အဲဒါကြောင့် ကျမ မြန်မာနိုင်ငံကို အခေါက်ခေါက် ထပ်လာခဲ့တာ ဖြစ်ပါတယ်။ ကျောက်တုံးပေါ် ရေစက် ကျသလိုပေါ့။ ရေစက်ကျပါများလာရင် ပြောင်းလဲမှု တခုခုတော့ တနေ့နေ့မှာ ဖြစ်လာမှာပဲ။
ပထမဆုံး ဆင်ဦးစီးတွေကို ပညာပေးတယ်။ သူတို့နဲ့ စကားပြောတယ်။ ကျမ ကွန်ပြူတာကို ယူသွားပြီး ကျမရဲ့ စခန်းက ဆင်တွေကို ကျမဘယ်လို ကိုင်တွယ် ဆက်ဆံသလဲဆိုတာ ပြတယ်။ ဆင်ဦးစီးတွေက စစ်ဗိုလ်မှူးတွေလို၊ ဆင်တွေရဲ့ အရှင်သခင်တွေလိုမျိုး ပြုမူဖို့ လေ့ကျင့်ခံထားရတယ်။ သူတို့ရဲ့ အဲဒီလို စိတ်သဘောထားတွေကို ပြောင်းလဲပစ်ရမယ်။ ဆင်တွေရဲ့ အရှင်သခင် မဟုတ်ဘူး၊ ဆင်တွေရဲ့ သူငယ်ချင်း ဖြစ်ရမယ်။ ဆင်တွေကို ကိုယ့်ရဲ့ ညီအကို မောင်နှမတွေလို ဆက်ဆံရမယ်။ ကျမ ဆင်တွေကို ဆက်ဆံပုံကို သင်ပြတယ်။ ဆင်တွေကို ကျမရဲ့ မိသားစုလိုပဲ မြင်တယ်။ ဆင်တွေက သူတို့ကို ရိုက်မယ်၊ ဒေါသထွက်အောင် လုပ်မယ်ဆိုရင် လူတွေကို မယုံတော့ဘဲ ကလဲ့စားချေမှာပဲ။ သူတို့ကို မေတ္တာနဲ့ ချစ်မယ်ဆိုရင် မေတ္တာနဲ့ ဆက်ဆံမယ်ဆိုရင် သူတို့ကလည်း မေတ္တာပြန် ရောင်ပြန်ဟပ်မှာပဲ။ ဒါက ရေရှည်အတွက်ပါ။ ဆင်ဦးစီးတွေအတွက် သိပ်ကို အန္တရာယ် ကင်းပါတယ်။ ဆင်ဦးစီးတချို့ရဲ့ စိတ်သဘော ထားတွေကိုတော့ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
အခုဆို နေရာ တော်တော်များများမှာ သူတို့တွေ ပြောင်းလဲနေပါပြီ။ ကျမ ပြောချင်တာက ကျမ ဖြစ်စေချင်တာတွေ ဖြစ်ဖို့ ဆင်ဦးစီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကနေ စရပါတယ်။ ပြီးတော့ ပဲခူးရိုးမနားမှာ နေထိုင်တဲ့ မိသားစုတွေပါ။ သူတို့တွေက ဆင်တွေနဲ့ တနည်းမဟုတ် တနည်းနဲ့ ပါဝင် ပတ်သက်နေကြရပါတယ်။ သူတို့တွေက ဆင်ရိုင်းတွေကို ဆိုးတယ်လို့ ထင်ကြတယ်။ အထူးသဖြင့် ပဲခူးရိုးမ၊ ဘုတလင်နားမှာဆိုရင် ဆင်ဆို သိပ်ကြောက်ကြတယ်။ ဆင်ရိုင်းတွေကို ဆိုးတယ်လို့ ထင်ကြတယ်။ အဲဒါကြောင့် ကျမက ဆင်ရိုင်းတွေ လူတွေနေတဲ့ ရွာတွေထဲ ရောက်လာရတာဟာ သူတို့အတွက် နေစရာ မြေမရှိတော့လို့ဆိုတဲ့ အကြောင်းအရင်းကို သူတို့ နားလည်အောင် ရှင်းပြရတယ်။ အဲဒီတော့ ဆင်ရိုင်းတွေဟာ လူတွေနေတဲ့ နေရာဆီ ဘာ့ကြောင့် ရောက်လာရသလဲဆိုတဲ့ အကြောင်းကို ပညာပေးရတယ်။ မြေတွေကို ကာကွယ်ဖို့ ပြောရတယ်။ ကျမက ဆင်အတွက်ချည်းပဲ အလုပ်လုပ်တာ မဟုတ်ပါဘူး။ သစ်တောတွေနဲ့ သူတို့အတွက် သဘာဝ ပတ်ဝန်းကျင်တွေကို ကာကွယ်ဖို့လည်း ပြောဆို လုပ်ကိုင်ရပါတယ်။
မေး ။ ။ ဟိုးတလောကပဲ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဆင်ရိုင်း ၅ ကောင်နဲ့ ဆင်ပေါက်ကလေးတကောင် လူတွေနေတဲ့ နေရာ တွေဆီ ရောက်လာလို့ တောထဲ ပြန်ရောက်သွားအောင် လုပ်ခဲ့ရတယ်။ လူတွေကလည်း စိတ်ဝင်စားတော့ သူတို့အနောက်က လိုက်ကြည့်တာရှိတယ်။ သတင်းဓာတ်ပုံသမားတွေ နောက်က ဓာတ်ပုံ လိုက်ရိုက်ကြတာ ရှှိတယ်။ ဒါပေမယ့် ဆင်ပေါက်ကလေးကတော့ သူ့အုပ်စုနဲ့ ကွဲပြီး ကျန်ခဲ့တယ်။ တောထဲ ပြန်ပါမသွားဘူး။ အဲဒီအကြောင်းရော ကြားမိသေးလား။ ဘယ်လို ထင်မြင်မိလဲ သိချင်ပါ တယ်။
ဖြေ ။ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပဲခူးရိုးမဘက်ကို ကျမ စရောက်ခဲ့တယ်။ သစ်တောတွေဟာ အလှဆုံး သစ်တောတွေပဲ။ ဆင်ရိုင်းတွေအတွက် သိပ်ကောင်းတဲ့ စားကျက်ပဲ။ နှစ်တိုင်း ကျမ ရောက်တယ်။ ကျမ မျက်လုံးတွေနဲ့ သက်သေထူတယ်။ တဖြည်းဖြည်းနဲ့ မြေတွေ မရှှိတော့ဘူး။ တောမီးတွေ လောင်တယ်။ အခုဆိုရင် ဆင်တွေအတွက် မြေတွေ မရှိတော့လောက်အောင်ပဲ။ ဒီလို လူတွေနေတဲ့ နေရာဆီ ဆင်တွေ ရောက်လာတာ ဆင်တွေကို အပြစ်တင်လို့ မရဘူး။ သူတို့တွေ ဒီနေရာတွေ ရောက်လာပြီး စိုက်ခင်းတွေ ဖျက်ဆီးပစ်တယ်ဆိုပြီး ပြောဆိုကြတာတွေဟာ တကယ်တော့ ဒီလိုကိစ္စတွေကို အစိုးရက ဖြစ်အောင်ကို လုပ်ထားလို့ ဖြစ်တာ။ သစ်တောတွေအကြောင်း ပြောရမယ်။ ဆင်တွေက စိုက်ခင်းတွေကို ဖျက်ဆီးပစ်လို့ လူနေထိုင်တဲ့ နေရာတွေ ရောက်လာ လို့ ဆင်တွေကို အပြစ်တင်ချင်တယ် ဆိုရင် ပဲခူးရိုးမထဲက သစ်တောတွေ မရှိအောင် လုပ်ပစ်ခဲ့တဲ့သူတွေကို အပြစ်တင်ပါ။ ဒါအမှန် တရားပဲ။
ကျမကတော့ အဲဒီဆင်အုပ်က ဆင်ပေါက်ကလေးကို ဘာ့ကြောင့် ထားခဲ့ရသလဲဆိုတာ သံသယ ရှိတယ်။ နောက်ကွယ်မှာ အကြောင်းတခုခု ရှိကို ရှိလိမ့်မယ်။ လူတွေပြောတာ ကျမ ဘယ်တော့မှ မယုံတတ်ဘူး။ ဒီသတင်းတွေ ကြားတော့ တခုခုတော့ မှားနေပြီဆိုတာ ကျမ သိတယ်။ ဆင်တွေက ဘယ်တော့မှ သူတို့ အုပ်စုကနေ မခွာဘူး။ လူတွေက ခွဲလိုက်တယ်လို့ ကျမ သံသယ ရှှိတယ်။ တကယ်လို့ ထားပစ်ခဲ့တာ ဆိုရင်တောင် အကြောင်းတခုခုတော့ ရှိကို ရှိလိမ့်မယ်။
မေး ။ ။ ဒီ ဆင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အစိုးရ အရာရှိတွေနဲ့ စကားပြောဖူးတယ်လို့ သိရတယ်။ စစ်တပ်က လူတွေနဲ့လည်း စကားပြောဖူးတယ် ဆိုတော့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်လို ထင်မြင်ပါသလဲ။
ဖြေ ။ ။ သူတို့က လုပ်ထုံးလုပ်နည်းတွေကို ချမှတ်တဲ့သူတွေ။ အခု လောလောဆယ်အထိတော့ ခက်ခဲဦးမယ်လို့ ထင်မြင်တယ်။ ဌာန တော်တော်များများနဲ့ စကားပြောဖူးပါတယ်။ သစ်တော ဦးစီးဌာန၊ ဆင်တွေနဲ့ ပါဝင် ပတ်သက်နေတဲ့သူတွေ၊ သတ္တဗေဒ ပညာရှင်တွေ အကုန်လုံးနီးပါးပါပဲ။ ကျမကတော့ ကူညီနိုင်သလောက် ကူညီပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဆေးဝါးတွေ ယူလာတယ်။ ကျမရဲ့ ပရောဂျက်တွေကို လေ့လာနိုင်အောင် ဖိတ်ခေါ်ပေးတယ်။ တိရစ္ဆာန်ကု ဆရာဝန်တွေအတွက် ပညာတော်သင်တွေ ခေါ်ပေးတယ်။ ဆင်ဦးစီးတွေကို ဖိတ်ခေါ်ပြီးတော့ ဆင်တွေကို ဘယ်လို လေ့ကျင့် သင်ကြားပြီး ကိုင်တွယ်သင့်တယ်ဆိုတာတွေ သင်ပြပေးတယ်။ လုပ်စရာတွေ ပြောင်းစရာတွေကတော့ အများကြီးပါပဲ။ တခုခုကို ပြောင်းလဲချင်ရင် တညတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။ အချိန်ယူရပါတယ်။ ဒါပေမယ့် ကျမ ဘယ်တော့မှ လက်မလျှော့ဘူး။ ဘယ်တော့မှ မျှော်လင့်ချက် မပျောက်ဘူး။ ပြောင်းလဲလို့ ရနိုင်တယ်လို့ ကျမ မျှော်လင့်နေတုန်းပဲ။ ဒါပေမယ့် အခုချိန်မှာတော့ အစိုးရဘက်ပိုင်းကလဲ ပြောင်းလဲဖို့ စ စဉ်းစားနေပြီလို့ ကျမထင်မြင်တယ်။
မေး ။ ။ ဆိုလိုတာက သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ တိုးတက်လာပြီလို့ ပြောချင်တာပါလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ တိုးတက်စပြုလာပြီလို့ ဆိုရမှာပါ။ အလုပ်လုပ်ရတာ လွယ်ကူလာပါတယ်။
မေး ။ ။ အဲဒီတော့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ ။ ။ ဆင်တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ မြန်မာအစိုးရကို အများကြီး ကူညီပေးချင်ပါတယ်။ ဆင်ဆေးရုံ ဆောက်ပေး တာမျိုးပေါ့။ ပြီးတော့ ကျမအဖွဲ့ကို ဒီခေါ်လာပြီး ဆင်တွေကို လေ့ကျင့်ပေးတဲ့အခါ ကောင်းမွန်တဲ့ တွန်းအားပေး ထိန်းကျောင်းမှု ပုံစံ မျိုးနဲ့ လေ့ကျင့်တာမျိုးကို သင်ကြားပေးချင်တယ်။ ဆင်တွေကို အသုံးပြုတာ ရပ်ဖို့ဆိုပြီး ပြောတာ မဟုတ်ပါဘူး။ ဆင်တွေ အိုမင်း နေရင်ပဲဖြစ်ဖြစ်၊ နေမကောင်း ဖြစ်နေရင်ပဲ ဖြစ်ဖြစ်၊ မသန်စွမ်း ဖြစ်နေရင်ပဲ ဖြစ်ဖြစ် သူတို့ကို အလုပ်မခိုင်းသင့်ဘူးဆိုတာကို ပြောချင် တာပါ။ ဒါက ပထမဆုံး အဆင့်ပေါ့။
တခြားတခုက ဆင်တွေလည်း ဆေရုံတက်ခွင့် ရှိသင့်ပါတယ်။ ဒီမှာ ကြည့်ရတာ ဆင်ဆေးရုံ ရှိပုံ မပေါ်ပါဘူး။ ဆင်တွေ အလုပ် လုပ်တဲ့နေရာ အနီးအနားမှာ ဆင်ဆေးရုံ ဆောက်ပေးချင်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အကုန်လုံးကို အာရှ ဆင်တွေအကြောင်း အသိပညာ နိုးကြားမှုတွေ ရှိအောင် လုပ်ပေးချင်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်ကို ဘယ်သူမှ မပိုင်ဆိုင်ပါဘူး။ ဒါက တိုင်းပြည်ရဲ့ သင်္ကေတပဲ ဖြစ်သင့်ပါတယ်။ ထိုင်းနိုင်ငံမှာလိုမျိုးပေါ့။ ဒါပေမယ့် ထိုင်းက ဆင်တွေက အခြေအနေ ပိုကောင်းတယ်လို့ မဆိုလိုပါဘူး။ သူတို့လည်း အသုံးချ ခံနေရတာပါပဲ။ အရိုက်ခံရတယ်။ အနှိပ်စက် ခံရတယ်။ အဲဒါကြောင့် ဆင်ပြဿနာတွေက အာရှ တခွင် ဖြစ်နေတာပါ။ အကုန်လုံး အတူတူ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ အကုန် အတူတူပါပဲ။ ဒီအာရှမှာ ဆင်ကောင်ရေတွေ သိပ်နည်းနေပြီဆိုတာ နားလည်သင့်ပါပြီ။ ကျမတို့ ဘာမှ မလုပ်ရင် ဒီကိန်း ဂဏန်းတွေက တနေ့ကျ ပျောက်သွားတော့မှာပါ။
မေး ။ ။ ဆင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့သူ၊ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးတွေအကြောင်း ကိုယ်စားပြု ပြောဆို ပေးတဲ့သူ တယောက်အဖြစ် ဖြစ်စေခဲ့တဲ့ တွန်းအားတွေက ဘာဖြစ်မလဲ။
ဖြေ ။ ။ ကျမ ဘဝကို ပြောင်းလဲစေခဲ့တဲ့ ဆင်ကလေး နာမည်က ဘွန်းမီးပါ။ သူက သစ်ဆွဲတဲ့ ဆင်လေးပါ။ သစ်ဆွဲဖို့အတွက် သူ ဘယ်လောက်ထိ နာကျင်ခံစားရတယ်ဆိုတာ ကျမတွေ့ခဲ့ရတယ်။ တောထဲမှာ သူ့ကို တွေ့တဲ့အချိန်တုန်းက သူက အရိုက်ခံရတဲ့အတွက် အော်ဟစ်နေခဲ့တယ်။ သူ ကျမကို ကြည့်တယ်။ သူဘယ်လောက် ဝမ်းနည်းပြီး နာကျင် ခံစားနေရတယ်ဆိုတာ ကျမကို ပြောပြနေတယ်။ အဲဒီအချိန်က စပြီး ကျမခေါင်းထဲမှာ သူအော်ဟစ်နေတဲ့ အသံတွေပဲ ကြားနေတော့တယ်။ အဲဒါတွေက ကျမ ခေါင်းထဲက မထွက်တော့ဘူး။ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ပေးဖို့ သူက ကျမကို လှုံ့ဆော်နိုးကြားစေခဲ့တာပါ။ အဲဒီ အချိန်တုန်းက ကျမ ၁၆ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို ကျမ မြင်မြင်ချင်းပဲ ချစ်သွားခဲ့တာပါ။ အဲဒီအချိန်က စပြီး ဆင်ဦးစီး လုပ်မယ်လို့ ကျမ ဆုံးဖြတ်ခဲ့တယ်။ သူ့အပေါ်ထားတဲ့ ကျမ အချစ်၊ မေတ္တာရဲ့ အစပါ။
မေး ။ ။ ဆင်တွေက ကိုယ်ပြောတာ နားလည်နိုင်ဖို့၊ ဆင်တွေနဲ့ ဆက်သွယ်ပုံ ဆက်သွယ်နည်းတွေက ဘယ်လို သင်ယူခဲ့တာလဲ။
ဖြေ ။ ။ တိရစ္ဆာန်တွေနဲ့ လူသားတွေက အတူတူပါပဲ။ သူတို့က လူတွေဆီက အမိန့်ဆိုရင် မနာခံချင်ကြဘူး။ ဒါပေမယ့် ကောင်းကောင်း မွန်မွန်နဲ့ ဆက်ဆံရင် လက်ခံတယ်။ ကျမ ဘယ်သိပ္ပံနည်းကနေမှ သင်ခဲ့တာ မဟုတ်ပါဘူး။ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကနေပဲ သင်ယူခဲ့တာပါ။ ကျမ ဆင်တွေဆီကနေ သင်တယ်၊ သူတို့ရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား ဒါတွေကနေ သင်ယူပါတယ်။ သူတို့ကို မေတ္တာနဲ့ လေ့ကျင့်ပေးလို့ရတယ်လို့ ကျမ ယုံကြည်တယ်။
မေး ။ ။ ဒီအလုပ်ရဲ့ ဘယ်အစိတ်အပိုင်းက စိန်ခေါ်မှု အကြီးဆုံး ဖြစ်မလဲ။
ဖြေ ။ ။ တိရစ္ဆာန်အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ တယောက်အနေနဲ့ ကျမက ဆင်တွေအတွက်ချည်းပဲ အလုပ် လုပ်တာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေ အကုန်လုံးအတွက် အလုပ်လုပ်တာပါ။ တိရစ္ဆာန်တွေ ညှဉ်းပမ်း နှိပ်စက်ခံရတဲ့အကြောင်း တခုခု ပြောလိုက်တာနဲ့ ကျမ အတိုက်ခိုက်ခံရတော့တာပဲ။ လူတွေက သူတို့ရဲ့ စီးပွားရေးကို ထိခိုက်တယ် ဆိုပြီး အုပ်စုဖွဲ့ပြီး ကျမကို တိုက်ခိုက်ကြတယ်။ ပထမတော့ လူမှုကွန်ရက်တွေကနေ တိုက်ခိုက်ကြတယ်။ နောက် ကိုယ်ထိလက်ရောက်ပေါ့။ ကျမရဲ့ ပိုင်ဆိုင်မှုတွေ၊ ကျမရုံးခန်း၊ ကျမကား။ ကျမရဲ့ ဆင်ပေါက်ကလေး တကောင်လဲ အသက် ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဆင်ပေါက်ကလေးက မိဘမဲ့ ဆင်ပေါက်ကလေးပါ။ အဲဒီလိုမျိုး အပြစ်မရှိတဲ့သူတွေ ဆုံးရှုံးရတဲ့အတွက်တော့ ကျမ နောင်တရတယ်။
ဒါပေမယ့် တိရစ္ဆာန်တွေအတွက် ကျမ အလုပ်လုပ်ပေးရတာ ဖြစ်တဲ့အတွက် သူတို့ကိုယ်စား ကျမ ပြောဆိုပေးရတာ အတွက် ကျမ နောင်တမရဘူး။ ဖိအားများလေလေ သူတို့အတွက် ပိုရပ်တည်ပေးပြီး ပိုလုပ်ပေးမှာပါ။ လူတွေက မေးကြတယ်။ တိရစ္ဆာန်တွေ အတွက် အလုပ်လုပ်ပေးတာ ကျမ နာကျင်ခံစားရသလားတဲ့။ ရိုးရိုးသားသား ပြောရရင် ကျမလည်း သာမန်လူ တယောက်ပဲလေ။ ကျမ သံမဏိ အမျိုးသမီးမှ မဟုတ်တာ။ ကျမမှာလည်း အကြောက်တရား ရှိတာပေါ့။ အကြိမ်ပေါင်း မြောက်မြားစွာ ကျမ ကြောက်ခဲ့ဖူးပါတယ်။ မအိပ်နိုင် မစားနိုင်တောင် ဖြစ်ဖူးပါတယ်။ ဒါပေမယ့် အဲဒါတွေ ပြီးလို့ ဆင်တွေရဲ့ မျက်လုံးတွေကို ကျမ ကြည့်လိုက်တိုင်း သူတို့တွေက ကျမထက် ပိုကြောက်နေကြတယ်။ သူတို့တွေက ကြောက်နေကြပေမယ့် ဖွင့်ပြောဖို့ စကား မပြောတတ်ကြဘူး။ အဲဒါကြောင့် ကျမစဉ်းစားတယ်။ ကျမ အရှုံးပေးလို့ မဖြစ်ဘူး။ ကျမ ပြန်ထတယ်။ အခုဆို ကျမ အရှေ့မှာ ဘာရင်ဆိုင်ရမလဲ ကျမ သိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျမ ရင်ဆိုင်မယ်။ အဲဒါကြောင့် ဒီအလုပ်ကို စလုပ်တဲ့ နေ့ကစလို့ ကျမ ခက်ခဲကြမ်းတမ်းတဲ့ ဘဝ ရင်ဆိုင်ရမယ်ဆိုတာ ကျမသိတယ်။
အခု ကျမဘယ်လို ခံစားရလဲ မေးရင် ကျမ ဆိုးဆိုးရွားရွားကို ခံစားရပါတယ်။ ဒါပေမယ့် နောက်တနေ့ ကျမ အိပ်ယာနိုးတဲ့အခါ ကျမ နောက်တခေါက် ပြန်မွေးဖွားလာတယ်။ ကျမက ဆင်တွေအတွက် မွေးဖွားလာတာ ဖြစ်ပါတယ်။ ကျမသေတဲ့အထိ သူတို့အတွက် ရပ်တည်ပေးသွားမှာပါ။ ကျမကို ဘယ်သူမှ တားဆီးလို့ မရပါဘူး။