မန္တလေးမြို့ ပြည်ကြီးတံခွန် ရပ်ကွက်ကြီးထဲက ခြံကြီးတခြံကို ရှေ့က လှမ်းကြည့်လိုက်ရင် ဝင်ပေါက် တည့်တည့်မှာ အိမ်အကြီးကြီးရှိပေမယ့် အနောက်ဘက်မှာတော့ သစ်ပင်တွေ အုပ်ဆိုင်း နေတာကြောင့် အထဲကို ဘာမှ မမြင်ရပါဘူး။
ခြံရဲ့ နောက်ဘက်ကို သွားဖို့ဆိုလည်း အရှေ့က အိမ်ကို ဖြတ်ပြီးမှသာ သွားလို့ရတဲ့ အတွက် ခြံအနောက်ဘက်မှာ ဘာတွေထားတယ်၊ ဘာတွေ ရှိနေတယ်ဆိုတာ အပြင်လူတယောက်က သိနိုင်ဖို့ ခက်ခဲပါတယ်။
အဲဒီ ခြံအနောက်ဘက်မှာ သံဆန်ခါနဲ့ ကာထားတဲ့ သဲကျင်းတခုနဲ့ ရေကန်တခု ရှိနေပြီး၊ အမိုးသာရှိတဲ့ တဲ တချို့ ထဲမှာတော့ တောရိုင်းတိရစ္ဆာန်တွေ ထည့်တဲ့ လှောင်အိမ်လေးတွေ ရှိနေပါတယ်။ ဒီခြံက တရုတ်နိုင်ငံကို ပို့မယ့် တောရိုင်း တိရစ္ဆာန်တွေကို ခေတ္တ ထိန်းသိမ်းတဲ့ ခြံပါ။ ခင်မင်ရင်းနှီးသူတွေက တဆင့် ခြံထဲကို ကျနော် ရောက်သွားတော့ အဲဒီမှာ သင်းခွေချပ်နဲ့ လိပ်တွေကို တွေ့ရတယ်။
ခြံပိုင်ရှင်က တရုတ်နိုင်ငံဘက် ကုန်သွယ်နေသူ တဦးပါ။ သူက ပြောပြတာက တောရိုင်းတိရစ္ဆာန်တွေကို တရုတ်ပြည်က ဝယ်လက်တွေ ရှိနေတာကြောင့် ပုံမှန်ရဖို့ မလွယ်ပေမယ့် လာရောက် ရောင်းချသူတွေ ရှိရင် တခါတရံ ရှားပါးတဲ့ ဝက်ဝံလို တောရိုင်းတိရစ္ဆာန်တွေထိ တင်ပို့ ရောင်းချတယ်လို့ ပြောပါတယ်။
“မန္တလေးက ခရီးတထောက်နားတဲ့ စခန်းတွေလို ဖြစ်နေတာ။ မြန်မာနိုင်ငံ အရပ်ရပ်က ဖမ်းလာတဲ့ တောရိုင်း တိရစ္ဆာန် တွေပဲ ဖြစ်ဖြစ်၊ အိန္ဒိယဘက်က ဝင်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေပဲ ဖြစ်ဖြစ် တာချီလိတ်နဲ့ မိုင်းလား ဘက်တွေကို ဦးတည် ပို့ကြတယ်” လို့ ကမ္ဘာ့သားရိုင်း တိရစ္ဆာန်များ ကာကွယ်ထိန်း သိမ်းရေး လုပ်နေတဲ့ TRAFFIC (The Wildlife Trade Monitoring Network) အဖွဲ့က Senior Communications Officer ဖြစ်တဲ့ Elizabeth John က ပြောပါတယ်။
TRAFFIC အဖွဲ့ရဲ့ သုတေသနပြု လေ့လာ တွေ့ရှိချက်တွေ အရ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ တရုတ် တိုင်ပေ စတဲ့ နိုင်ငံတွေ ကနေ ဥရောပအထိ အပြန်အလှန် ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်စတဲ့ ခရီးသွား လမ်းကြောင်း အကုန်လုံး ကနေ အပြန်အလှန် ရောင်းဝယ်ဖောက်ကား နေကြတယ် လို့ ဆိုပါတယ်။
မြန်မာပြည် အရှေ့ဘက်စွန်း တရုတ်-မြန်မာ နယ်စပ်မြို့ မိုင်းလားဟာ တောရိုင်း တိရစ္ဆာန် ရောင်းဝယ် ဖောက်ကားရေးမှာ ကမ္ဘာကျော် ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်ရေးရာမှာ ဩဇာရှိပြီး လေးစားရတဲ့ National Grographic မဂ္ဂဇင်းက မကြာခင်က ရေးသားဖော်ပြတဲ့ ဆောင်းပါးမှာ ကာစီနို၊ ပြည့်တန်ဆာ၊ တောရိုင်း တိရစ္ဆာန် ဈေးကွက်တွေနဲ့ မိုင်းလားဟာ ပိုက်ဆံပေါ လာနေတဲ့ တရုတ်နိုင်ငံရဲ့ လူလတ်တန်းစားတွေ အတွက် နိဗ္ဗာန်ဘုံသဖွယ် ဖြစ်လာနေခဲ့တယ် လို့ ရေးထားပါတယ်။
တောတောင် ထူထပ်တဲ့ မိုင်းလားမြို့ရဲ့ လမ်းဘေးဆိုင်ကနေ အပျံစား ဟိုတယ်တွေအထိ စိတ်အနှောင့် အယှက်ဖြစ်ဖို့ ကောင်းလွန်းလှတဲ့ သားရိုင်း တိရစ္ဆာန်ပစ္စည်းမျိုးစုံ ခင်းကျင်းပြသထားပြီး တရုတ်ခရီးသွားတွေဟာ ဈေးဆစ် ဝယ်ယူနိုင်ကြတယ်။ ကျားအမြီး ယွမ် ၃ သောင်း (ဒေါ်လာ ၄၈၉၀)၊ ကျားသားရေ ယွမ် ၁ သိန်း (ဒေါ်လာ ၁၆၃၀ဝ)၊ ကြံ့ချို ယွမ် ၂ သိန်း ၈ သောင်း (ဒေါ်လာ ၄၅၆၄၀) ဈေးပေါက်နေပြီး ယွမ် ၁ ထောင် (ဒေါ်လာ ၁၆၃) ဈေးရှိတဲ့ ကျားရိုးစိမ် အရက်ကလည်း လိင်ဆက်ဆံရာမှာ ကောင်းတယ် ဆိုပြီး ရောင်းကောင်းတယ်လို့ National Geographic မဂ္ဂဇင်းက ရေးပါတယ်။
“မိုင်းလားမှာ တနှစ်ကို မျောက်လေပွေ အကောင် ၁ ထောင်လောက် ရောင်းနေကြတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင် ကုန်သွယ်နေတဲ့ ဝက်ဝံသည်းခြေတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံက ဖြစ်တယ်” လို့လည်း TRAFFIC က Elizabeth Johnက ပြောပါသေးတယ်။
မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး မျိုးသုဉ်းမယ့် အန္တရာယ်က ကာကွယ်ထိန်းသိမ်းဖို့ အတွက် လုံးဝကာကွယ်ထားတဲ့ တောရိုင်း တိရစ္ဆာန်တွေ၊ သာမန်ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ ရာသီအလိုက် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ဆိုပြီး အမျိုးအစား ၃ မျိုးခွဲ ခြားထားပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ကူးသန်း ရောင်းဝယ်မှုဟာ လူနေသိပ်သည်း လာခြင်းကြောင့် ဇီဝမျိုးစိတ်တွေ ပျက်သုဉ်းလာရခြင်း ပြီးရင် ဒုတိယမြောက် အကြီးဆုံး အန္တရာယ်ဖြစ်တယ် လို့ ဆိုပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံ အတွင်းက သဘာဝသစ်တောထွက် အရင်းအမြစ်တွေကို တရားမဝင် ကုန်သွယ်မှုတွေ ကြောင့် ဖမ်းဆီးအရေးယူ နိုင်ခဲ့တဲ့အမှုပေါင်းက ၁၂၉ မှု ရှိခဲ့တယ်။
ရှမ်းပြည်နယ်မှာ အများဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ဒုတိယ ဖမ်းဆီး ရမိတဲ့ အများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမှာ ဖမ်းမိတဲ့ အမှုတွဲ ၂၂ မှုနဲ့ ရန်ကုန်မှာ ဖမ်းမိတဲ့ အမှု ၄ မှုမှာလည်း နိုင်ငံတကာလေဆိပ်မှာ မိတဲ့ အမှုတွေလည်း ပါတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဖမ်းမိတယ် ဆိုပေမယ့် တကယ်တမ်း ဖမ်းလို့ မမိဘဲ လွတ်သွားတဲ့ ကိစ္စတွေက အများကြီးရှိတယ်။ နယ်စပ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ အများကြီးမိတယ်။ ဖမ်းဆီးရမိမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်က နယ်စပ်ဒေသနဲ့ နယ်စပ်ဒေသကို ဦးတည်တဲ့ နေရာတွေမှာ ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံ တွေမှာ ရှိနေတဲ့ ဈေးကွက်တွေက ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ တောရိုင်း တိရစ္ဆာန်တွေကို တရားမဝင်ဖြစ်ဖို့ အခြေခံ အကြောင်းရင်း တရပ်ဖြစ်တာကို လေ့လာမိ တယ်” လို့ ဒေါက်တာနိုင်ဇော်ထွန်းက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးအစားတွေက ဆင်နဲ့ ဆင်ရဲ့အစိတ်အပိုင်းတွေက ကီလိုဂရမ် ၁ ထောင်ကျော်၊ ဆင်သေ ၄ ကောင်၊ သစ်ခွနဲ့ သစ်ခွခြောက်က ကီလိုဂရမ် ၄၈၀ဝ ကျော်၊ သင်းခွေချပ်အသေ ကီလိုဂရမ် ၁၂၀ဝ ကျော်၊ သင်းခွေချပ် အရှင် ၁၂၆ ကောင်၊ သမင်မျိုးစုံရဲ့ အရေခွံ၊ ခေါင်း၊ ဦးချိုနဲ့ ချိုက ၂၇၀ဝ ကျော်၊ ရေချို ရေငန်လိပ် မျိုးစုံက ၄၆၅၄ ကောင်၊ လိပ်ခွံက ၈၇ ခု၊ မြွေမျိုးစုံ ၂၅၄၃၃ ကောင်၊ မြွေအရေခွံ ၁၅၃ ခု၊ မြွေသားခြောက်က ကီလိုဂရမ် ၂၉၀ ကျော်၊ ဝက်ဝံအရှင် ၄ ကောင်၊ ဝက်ဝံ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ၈၂ တန်၊ခွေးမျိုးစုံက ၉၆ ကောင် ရှိတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။
ဒါပေမယ့် တကယ်တမ်း ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် သတ်ဖြတ်ပြီး ကုန်ကူးကြတဲ့ သူတွေကို ကြည့်လိုက်ရင် မူရင်း ဒေသခံတွေက အများစုဖြစ်ပြီးတော့ ငွေပင်ငွေရင်းနဲ့ အုပ်စုလိုက် ကုန်သွယ်ကြတဲ့ ကုန်သည် အများစုက လွတ်မြောက်နေတာကို တွေ့ရပါတယ်။
အဲဒီလို ဖြစ်နေတာကလည်း ယခင်အချိန်များက လက်ငင်းဖမ်းမိတဲ့ ကိစ္စတခုတည်းကို အခြေပြုအမှု တည်ဆောက်ပြီး အရေးယူခဲ့တဲ့ အတွက်ကြောင့် ယခု နောက်ပိုင်းမှာ နိုင်ငံတကာက သားငှက်ထိန်းသိမ်း ကာကွယ်ရေး လုပ်နေတဲ့ အဖွဲ့ တွေရဲ့ လမ်းညွှန်ချက်တွေနဲ့ နောက်ကွယ်က လူတွေကိုပါ အရေးယူနိုင်အောင် ဆောင်ရွက်နေတယ် လို့ ဒေါက်တာ နိုင်ဇော်ထွန်းက ဆိုတယ်။
“ဟုတ်ပါတယ်။ တကယ်အဖမ်းခံရတာက မူရင်းဒေသခံတွေ အများစုပါပဲ။ အခုနောက်ပိုင်းတော့ အင်တာပိုက ပေးထားတဲ့ မေးခွန်းတွေ အတိုင်း ဘယ်ကလာတယ်၊ ဘယ်ကို သွားမယ် ဆိုတဲ့အထိ လိုက်ဖို့ ကျနော်တို့ ကြိုးစားနေ ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဆင်သတ်ခဲ့တဲ့ ဂိုဏ်းကို တောက်လျှောက် ဖမ်းတာ အခုဆိုရင် ၁၇ ယောက် မိထားပြီးပါပြီ။ ဒါပေမယ့် သူတို့တွေက သူများခိုင်းလို့ လုပ်တဲ့သူတွေ။ သူတို့ နောက်ကလူတွေ အထိ လိုက်ဖို့လိုတယ်”လို့ လည်း ပြောပါတယ်။
တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ပြီးတရား မဝင်ကုန်သွယ်ကြတဲ့ ကုန်သည်အများစုဟာ အုပ်စုလိုက် ဂိုဏ်းတွေ အနေနဲ့ ပြုလုပ်တတ်ကြတဲ့ အပြင် အဲဒီ အဖွဲ့တွေမှာ လက်နက်စွမ်းအား၊ အဖွဲ့အချင်းချင်း သတင်း ဖလှယ်မှု စွမ်းအားနဲ့ ဆက်သွယ်ရေး စနစ်တွေကအစ အစိုးရဌာနတွေထက် ပိုမိုသာလွန်နေတယ် လို့ သူက ဆက်ပြောပြတယ်။
ဒါ့အပြင် အစိုးရဌာနတွေ အနေနဲ့ ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်ဖို့က ကာကွယ်ထိန်းသိမ်းရေး ဝန်ထမ်း အင်အား၊ ရန်ပုံငွေတွေ၊ သတင်းအချက်အလက် နည်းပညာတွေ၊ ပစ္စည်း ကိရိယာတွေ များစွာ လိုအပ်နေတာကြောင့် အခက်အခဲ ဖြစ်ရတယ် လို့ သူက ဆိုပါသေးတယ်။
“၂၀ဝ၀ ပြည့်နှစ် အကျော်လောက် တုန်းက ကျနော်တို့ ကမ္ဘာ့သားရဲ တိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး အဖွဲ့ Wildlife Conservation Society-WCS နဲ့ ပူးပေါင်းပြီးတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ကျားအရေတွက်ကို ထုတ်ပြန်လိုက် တာ သိပ်မကြာပါဘူး။ အဲဒီ ကျားတွေ ပျောက်သွားတယ်။ နိုင်ငံတိုင်းက စိုးရိမ်ရတဲ့ တိရစ္ဆာန်တွေရဲ့ စာရင်းတွေကို ထုတ်ပြန်ဖို့ ပြောနေပေမယ့် မသမာတဲ့ သူတွေက လာလုပ်မှာ စိုးလို့လည်း ဒီသတင်းမျိုး ထုတ်ပြန်ဖို့က ပြန်စဉ်းစား နေရတယ်။ နယ်စပ်တွေမှာ ဥပဒေက မသက်ရောက်တာ ကလည်း တကယ့်ကို အရေးတကြီး စဉ်းစားရမယ်။ ဒီအလုပ် တခုလုံးက သစ်တောဝန်ကြီးဌာနချည်း ဖြေရှင်းလို့ မရ။ ပြည်သူတွေရဲ့ အသိမြင် နိုးကြားပြီး ပူးပေါင်းပါဝင်ဖို့ လိုတယ်” လို့ ဒေါက်တာ နိုင်ဇော်ထွန်းက ပြောပါတယ်။
၂၀၁၃ ခုနှစ် မိုးကုန်ခါနီး အချိန်မှာ ကျနော်တို့ ဧရာဝတီသတင်းအဖွဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထဲက အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းထဲကို ရောက်တုန်းက ၁၉၈၄ ခုနှစ်က စတင် ထူထောင်ခဲ့စဉ် အချိန်မှာ ရှိနေခဲ့ဖူးတဲ့ ကျား၊ ကျားသစ်၊ ချေ(ဂျီ) ၊ သမင်၊ မျောက်၊ ပသျှူးဝက်ဝံ စတဲ့ တောရိုင်းတိရစ္ဆာန်တွေကို လုံးဝ မတွေ့ရှိခဲ့တော့ပါ။
ဆင်ရိုင်းအနည်းငယ်သာ နေထိုင်ကျက်စားနေကြောင်း သိခဲ့ရတာကြောင့် အဲဒီအချိန်က မိုင် ၆၀ ကျော် ကျယ်ဝန်းတဲ့ ဒီတောကြီးကို ပြည်သူ့စစ်အင်အား ၂၀ ကျော်က လက်နက်အင်အား ၂၀ ကျော် လောက်နဲ့ ကာကွယ် ထိန်းသိမ်းနေ တာက ဘယ်လိုမှ ထိန်းသိမ်းလို့ ရနိုင်မှာ မဟုတ်ဘူးလို့ အလောင်းတော် ကဿပ ဘုရားဂေါပကအဖွဲ့ကို ဦးဆောင်နေတဲ့ ဖိုဝင်တောင် ဆရာတော် ဥူးသုမနက မှတ်ချက်ပြု ခဲ့ဖူးပါတယ်။
လက်ရှိ အချိန်မှာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်စာရင်းမှာ မပါဝင်သေးပေမယ့် အရေးတကြီး ကာကွယ် ထိန်းသိမ်းရမယ့် တောရိုင်းသတ္တဝါကတော့ ဆင်ရိုင်းတွေ ပါပဲ။
ဆင်ရိုင်းတွေကို ပစ်ခတ်သတ်ဖြတ်ပြီးတော့ ကုန်သွယ်နေကြတဲ့သူတွေကို တဖက်မှာ တားဆီး ကာကွယ်ရေး လုပ်ရင် တခြား ဘက်ကို သွားရောက် သတ်ဖြတ်ကြတာကြောင့်ပဲ စိုးရိမ်အမှတ်ကို ရောက်နေပြီလို့ ဒေါက်တာ နိုင်ဇော်ထွန်းက ရှင်းပြတယ်။
“ကျနော်တို့ ဘယ်လိုမှ တားလို့ မရသေးဘူး။ ဒီနားက တားရင် ဟိုနား သွားပစ်ကြတယ်။ နောက် တခုက ဆင်တွေ မှာက ဆည်တွေဆောက်လို့ စားကျက် ပျောက်တာလည်း ရှိနေတော့ လူတွေနားကို ဆင်းလာကြတယ်။ ကျနော်တို့က လုပ်တော့ လုပ်နေပေမယ့် တကယ့်ကို မထိန်းနိုင်သေးဘူး။ အဲဒီလူတွေကို ဘာ့ကြောင့်များ အခုချိန်ထိ မဖမ်း နိုင်တာလဲ ဆိုရင်တော့ ပထမဦးဆုံး ပြည်သူ့ရဲတပ်ဖွဲ့ကို မေးရမယ့် မေးခွန်းပဲ။ ဖမ်းတာ ဆီးတာမှာက ကျနော်တို့ကို ပေးထားတဲ့ အခွင့်အာဏာက အကန့်အသတ်နဲ့ ရှိတာ။ မြန်မာပြည်က သားရိုင်းတိရစ္ဆာန် တွေကို တရားမဝင် ကုန်သွယ်ရေးရဲ့ Transit Point ဖြစ်နေပြီ” လို့ ဒေါက်တာနိုင်ဇော်ထွန်းက ဆိုပါတယ်။
ရန်ကုန်မှာ နိုဝင်ဘာလတုန်းက တောရိုင်းတိရစ္ဆာန် တရား မဝင်ရောင်းဝယ်ဖောက်ကားမှု အလုပ်ရုံ ဆွေးနွေးပွဲတခုမှာ ဗြိတိန်နိုင်ငံက Department for Environment, Food and Rural Affairs က Deputy Director ဖြစ်သူ Jeremy Eppel က သဘာဝသစ်တောထွက် အရင်းအမြစ်တွေ တရားမဝင် ကုန်သွယ်နေတာ မှာ အကျင့်ပျက် ခြစားမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။
တကမ္ဘာလုံးမှာ တောရိုင်း တိရစ္ဆာန် အပါအဝင် သဘာဝ သစ်တောထွက် အရင်းအမြစ်တွေကို တရားမဝင် ကူးသန်းရောင်းဝယ်နေတာက မူးယစ်ဆေးဝါးနဲ့ လက်နက် တရားမဝင်ရောင်းချ နေမှုပြီးရင် တတိယ အကြီးဆုံး တရားမဝင် ကုန်သွယ်မှုလုပ်ငန်း ဖြစ်ပါတယ်။ ဒါကို တားဆီးကာကွယ်ဖို့ အလွန် အရေးကြီး နေပြီလို့ ကျွမ်းကျင်သူတွေက ဆော်ဩနေပါတယ်။
ဒေါက်တာနိုင်ဇော်ထွန်းက “ကျနော်တို့နိုင်ငံမှာ ဇီဝမျိုးစုံကြွယ်ဝတယ် ဆိုပေမယ့် တဖြည်းဖြည်းနဲ့ ယုတ်လျော့ ပျက်စီး လာတယ်။ အခုလို ဖြစ်လာတာ ကလည်း ရှေ့က မျိုးဆက်တွေက ဒါတွေကို စနစ်တကျ မထိန်းသိမ်း ခဲ့လို့ပဲ။ နောက် မျိုးဆက်တွေ အတွက် ထိန်းသိမ်းပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်” လို့ မှတ်ချက်ပြုပါတယ်။ ။