နိုင်ငံရေး အကျဉ်းသားအားလုံး ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွှတ်ပေးရန် အတွက် အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရ သည့် ကိုတင်ထွဋ်ပိုင် က ယနေ့ နံနက် ၇ နာရီမှစတင်ပြီး အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေကြောင်း Generation Youth အဖွဲ့က ပြောသည်။
“သာယာဝတီ အကျဉ်းထောင်မှာ ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြနေသလို ကိုတင်ထွဋ်ပိုင်ကလည်း မတရားဖမ်းဆီးထားတဲ့ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေ စတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒပြမယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့ ရန်ကင်းတရားရုံး ရုံးထုတ်မှာ ကိုနိုင်ဇော်ကြည်ဝင်းကတဆင့် မှာလိုက်တယ်။ ဒီနေ့ သူစပြီး ဆန္ဒပြနေ ပါပြီ”ဟု Generation Youth အဖွဲ့မှ ကိုနန္ဒအောင်က ဧရာဝတီကို ပြောပြသည်။
ကိုတင်ထွဋ်ပိုင်သည် လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ် သံရုံးအနီးတွင် ဆန္ဒပြမှုကြောင့် ဦးနေမျိုးဇင်၊ ဦးသန်းဆွေ၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ဒေါ်စန်းစန်းဝင်း တို့နှင့် အတူ ပြီးခဲ့သည့် မေလအတွင်းက ဒဂုံ မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ၄ လစီ ချမှတ်ခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရ သည်။
အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်မှိုင်းဆန်းက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က စပြီး သာယာဝတီ အကျဉ်းထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြ နေသည်။
လက်ရှိတွင် ကိုအောင်မှိုင်းဆန်းကို သာယာဝတီအကျဉ်းထောင် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဂလူးဂို့စ်များနှင့် အကြောဆေးများ ထိုးပေးခြင်းများ သာယာဝတီ အကျဉ်းထောင် အာဏာပိုင်များက လုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။
“ကိုအောင်မှိုင်းဆန်းရဲ့ သဘောဆန္ဒ မပါဘဲ အတင်းခေါ်သွားပြီး ဂလူးဂို့စ်သွင်းတာတွေ လုပ်တယ်။ အခု ကိုအောင်မှိုင်းဆန်းက သူ နေတဲ့ တိုက်ကို ပြန်ပို့ခိုင်းတာ မပို့ပေးဘူးလို့တော့ သိရတယ်။ တခြားအခြေအနေကတော့ မနက်ဖြန် ရုံးထုတ်မှ သိရမှာပါ”ဟု ကိုအောင်မှိုင်းဆန်း၏ ဇနီး မလဲ့လဲ့နွယ်က ပြောသည်။
ကိုအောင်မှိုင်းဆန်းနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုသန်းထိုက်၊ ကိုမျိုးထက်ပိုင်နှင့် ကိုမျိုးမြတ်စံတို့ကလည်း နိုင်ငံရေး အကျဉ်း သား လွတ်မြောက်ရေး အတွက် အစာငတ်ခံ ဆန္ဒပြမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
“ကျနော်တို့ နောက်ဆုံး သိရသလောက်ကတော့ ကိုမျိုးထက်ပိုင်နဲ့ ကိုမျိုးမြတ်စံတို့ နှစ်ယောက်လည်း အခု အကျဉ်းထောင် ဆေးရုံ ရောက်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ မနက်ဖြန် သိရမှာပါ။ နောက်ပြီး ကျနော်တို့ သိရသလောက် တခြားသူတွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ ကြားရပါတယ်”ဟု ဗကသ အဖွဲ့ဝင် တဦးဖြစ်သည့် ကိုရှိုန်းရာဇာထွန်းက ပြောသည်။
လာမည့် ၅ ရက်နေ့တွင်လည်း မြင်းခြံထောင်တွင် ရောက်ရှိနေသည့် ဗကသ မှ ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့ နှစ်ဦးကလည်း ကိုအောင်မှိုင်းဆန်း တောင်းဆိုမှုကို ထောက်ခံသည့်အနေနှင့် အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုကို စတင်မည်ဟု ဗကသ အဖွဲ့ဝင်များထံမှ စုံစမ်းသိရသည်။
ဗကသ အနေနှင့် ကိုအောင်မှိုင်းဆန်း အစာငတ်ခံဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူများဘက်မှ အစာငတ်ခံ ဆန္ဒပြမှုကို အကြမ်းမဖက်ရန်၊ သတင်းအချက်အလက် ဖြတ်တောက်ခြင်း မပြုရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်နှင့် ရေဖြတ်တောက် မှုများ မပြုလုပ်ရန် အောက်တိုဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် တောင်းဆိုထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လက်ပံတန်းအထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်ခဲ့ရာတွင် ကိုအောင်မှိုင်းဆန်းလည်း တဦး အပါအဝင် ဖြစ်သည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၆၀ ကျော်ကို ဖမ်းဆီးထားသေးကြောင်း သိရသည်။