အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့သည် နေပြည်တော်တွင် တတိယအကြိမ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ နေပြည်တော်ရှိ ပေါင်းလောင်း ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး တပ်ချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့တက် ရောက်ကြကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နှင့်အတူ ဦးဇော်မြင့်မောင် နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ကြကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ဧရာဝတီက ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်အောင်ရဲဝင်းကို အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆိုင်းငံ့ရေး ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့တွေ့ဆုံမှုအကြားတွင် ဆွေးနွေးခြင်းရှိ၊ မရှိ မေးမြန်းရာ ဗိုလ်ချုပ် အောင်ရဲဝင်း က အသေးစိတ် မသိရှိဟု ပြောဆိုသည်။
“တွေ့ဆုံ ပွဲမှာ ကျနော်လည်း ဝင်ထိုင်ရတာမဟုတ်တော့ မသိပါဘူး။ တွေ့ဆုံမှုနဲ့ပတ်သက်လို့ မြဝတီ Web portal မှာ တင် ထား ပါတယ်” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။
ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်သည့် NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ကို ဧရာဝတီက ဖုန်း အကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့သည် ဒီဇင်ဘာလ ၂ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၂၅ ရက်နေ့ တွေ့ဆုံခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော် မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက် ရောက်ခဲ့ ကြသည်။