ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာဇဝတ်မှု အများဆုံး မြို့နယ် ၄ ခုဖြစ်သည့် လှိုင်သာယာ၊ တောင်ဒဂုံ၊ သန်လျင်နှင့် ကမာရွတ် မြို့နယ် တို့ကို ရဲတပ်ဖွဲ့ အင်အားများဖြင့် ဝန်းရံပြီး စစ်ဆေး ဆောင်ရွက်မှုများကို ယနေ့ ညနေ ၆ နာရီတွင် စတင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြော သည်။
ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေမှု၊ ဥပဒေပြင်ပ လုပ်ကိုင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအနေနှင့် အမြန်ဆုံး ထိထိရောက်ရောက် အရေး ယူ ဆောင်ရွက်ပေးသင့်ကြောင်း အဆိုနှင့် ပတ်သက်ပြီး၍ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက လက်ရှိဆောင်ရွက်နေဆဲ အခြေအနေများကို ပြန်လည် ရှင်းပြစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ခရိုင်တခုမှာ မှုခင်း ဖြစ်ပွားမှုများတဲ့ မြို့နယ်တခုခြင်းစီမှာ ရဲတပ်ဖွဲ့အင်အား များများ သုံးပြီး စတင်ဆောင်ရွက်ဖို့ ရှိ တယ်။ ကျနော်တို့ဘက်က ပြည်သူတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ပါ ဝန်းရံပြီး လှိုင်သာယာမြို့နယ် တခုလုံးကို သိမ်းပိုက် လိုက်မယ်။ အဲဒီမှာ စစ်ဆေးမှုတွေ နေ့ရော ညပါ ဆောင်ရွက်သွားမယ်။ အဲဒီလိုဆိုရင် လှိုင်သာယာ မြို့နယ်ထဲမှာရှိတဲ့ တရားခံတွေအနေနဲ့ တခြား မြို့နယ်တွေကို လူခွဲပြီး ထွက်ပြေးသွားနိုင်တယ်။ အဲဒီအခါမျိုးမှာလည်း ကျနော်တို့ အနေနဲ့ တမြို့နယ်ချင်း ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ် ” ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆိုသည်။
မေလ ၁ ရက်နေ့က စတင်ပြုလုပ်သည့် အစိုးရ ရက် ၁၀၀ စီမံချက် အရ ရာဇဝတ်မှု ပပျောက်ရေး ကြိုတင်ကာကွယ်မှု အနေဖြင့် ဖမ်းဆီး အရေးယူမှုပေါင်း ၂၀၀၀ ကျော် ရှိခဲ့သည်ဟုလည်း ၎င်းက ရှင်းပြသည်။
အဆိုပါ အမှုများထဲတွင် ပြေး ၄ ပြေးများအမှုများအဖြစ် တရားခံပြေး ၁၃၆ ဦး၊ စစ်ပြေး ၉၀ ဦး၊ ရဲပြေး ၁၁ ဦးနှင့် ရဲဘက် ပြေး ၉ ဦး စုစုပေါင်း ၂၄၆ ဦး၊ အနှိပ်ခန်း ဖမ်းဆီးမှုပေါင်း ၇ မှု၊ လိုင်စင်မဲ့ အရက်များ ဖမ်းဆီးမှု၊ ယစ်မျိုး ဖမ်းဆီး ရမိမှု ပေါင်း ၄၁၉ မှု ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်နက်ပုန်း ၁၅၄ မှု၊ လောင်းကစား ၁၇၇ မှု၊ မူးယစ်ဆေးပါး ၂၁၉ မှု၊ ပြည့်တန်ဆာ ၁၂၃ မှု၊ ခြေချုပ် ၁၅၀ မှု၊ ခိုးမှု၊ မသင်္ကာမှု ၄၁၈ မှု၊ ရဲအက် ၃၂၁ မှု၊ ယစ်မျိုး ၄၁၉ မှု နှင့် ဆင်ဆာမဲ့ ဗီဒီယို ဖမ်းဆီးမှု ၃၀ မှု ရှိကြောင်း သိရှိ ရ သည်။
လတ်တလော ရန်ကုန်တိုင်း ဒေသကြီး အတွင်း နယ်မြေ လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ပေါင်း ၅၇၈၀ ဦး ရှိပြီး ရဲနှင့် ပြည်သူ အချိုးသည် ၁ အချိုး ၁၂၇၄ ဖြစ်ကြောင်း၊ ဖွင့်လှစ်ခဲ့ပြီးသည့် ရဲစခန်းများမှာ မြို့မ ၄၅ ရုံ ၊ နယ်မြေ ၃၀ ရုံနှင့် ရဲကင်းပေါင်း ၁၉ ရုံ စုစုပေါင်း ၉၄ ရုံ ရှိကြောင်း သိရသည်။