သတင်း

ရန်ကုန်မြို့ပြ စီမံကိန်းအသစ် ရေးဆွဲမည်ဟု ဆို

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း အစိုးရအဖွဲ့က သမိုင်းအမွေအနှစ်နှင့် မြို့တော် စိမ်းလန်းစိုပြေရေးကို ဦးစားပေးထားသည့် စီမံကိန်းတခု ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင်းရှိ သမိုင်းအမွေအနှစ် အဆောက်အအုံများ ကို မပျောက်ပျက်စေရန် ထိန်းသိမ်းခြင်း၊ စိမ်းလန်းစိုပြေ သော မြို့တော်၊ လုံခြုံအေးချမ်းသည့် မြို့တော် တခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ပြ စီမံကိန်း အသစ်တခုကို ရန်ကုန်တိုင်း အစိုးရက တာဝန်ယူ ရေးဆွဲသွားမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး အပိတ် မိန့်ခွန်း တွင် ၎င်းက ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲရာမှာ သမိုင်း အမွေအနှစ်များနဲ့ စိမ်းလန်းပြီး လုံခြုံအေးချမ်းတဲ့ နေချင်စဖွယ်မြို့ ဖြစ်လာ စေရေး အတွက် ရန်ကုန်မြို့ပြ စီမံကိန်း အသစ်ကို ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ရေးဆွဲနေသည့် ယင်းစီမံကိန်းအသစ်နှင့် ပတ်သက်ပြီး မည်သည့်အခြေအနေမှ မသိရှိရ သေးကြောင်း ဆိပ်ကြီး ခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

သူက“ကျမတို့ အဲဒီစီမံကိန်း ကိစ္စကို ဘာမှ မကြားသိထားပါဘူး။ ဒီနေ့ ဝန်ကြီးချုပ်ပြောမှဘဲ ဒီလို ရေးဆွဲနေတယ်ဆိုတာ သိရတယ်။ ပြီးခဲ့တဲ့ လွှတ်တော်က အတည်ပြုထားတဲ့ စီမံကိန်းနဲ့ အခု ရေးဆွဲနေတဲ့ စီမံကိန်းက ဘာတွေ ကွာခြားလဲ ကျမတို့ မသိပါဘူး”ဟု ဆိုသည်။

ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးကမူ စီမံကိန်းအသစ်သည် ယခင် စီမံကိန်းအဟောင်းမှ တချို့ကို ကောက်နုတ်ကာ ပြန်လည်ပြင်ဆင်ရေး ဆွဲထားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“ကောင်းနိုး ရာရာတွေကို ကောက်နုတ်မယ်။ ပြည်သူ့အတွက် တကယ်တမ်း မလိုအပ်တဲ့ ကိစ္စမျိုးတွေ ရှိနေရင် ပယ်လိုက် မယ်။ ပြီးရင် ရန်ကုန်မြို့ပြ နေချင်စဖွယ် ဖြစ်တဲ့ စိမ်းလန်းစိုပြေရေးကို ဦးတည်တဲ့ ရန်ကုန်မြို့ပြစီမံကိန်းကို လုပ်မယ်လို့ သူက ဆိုလိုတာပါ”ဟု ဦးအောင်ဘုန်းကျော်စံဦးက ရှင်းပြသည်။

ယမန်နေ့က ပြောကြားခဲ့သည့် ဝန်ကြီးချုပ် မိန့်ခွန်းတွင် အထပ်မြင့် အဆောက်အအုံများနှင့် ပတ်သက်၍ မကြာမီ စိစစ်၍ ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲရေးနဲ့ ရန်ကုန်မြို့တော်တွင်း အဆောက်အအုံများ တည်ဆောက်မှုကို လိုက်လျောညီထွေ ဖြစ်စေရေးအတွက် စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေ စည်းမျဉ်း စည်းကမ်း ဘောင်အတွင်း စိတ်ချ လုံခြုံစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ရန် ရှေ့ ရက်သတ္တပတ်များအတွင်းမှာ စိစစ်ဆောင်ရွက် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မိန့်ခွန်းတွင် မြို့၏ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်နေပြီး ရေရှည် စီမံကိန်းတရပ် ရေးဆွဲ ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အဓိက ဖြေရှင်းရမည့် ပြဿနာတခုဖြစ်နေသည့် ယာဉ်ကြော ကျပ်တည်းမှု ပြေလျော့စေရန် အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တရပ် ထူထောင်ပြီး မီးပွိုင့်များ ပြုပြင်ခြင်း၊ ဘတ်စ် ကား လိုင်းများ စနစ်တကျ ထူထောင်ခြင်း၊ တက္ကစီ ယာဉ်များကို မြို့တော် တက္ကစီအနေဖြင့် အသင်းအဖွဲ့များ ထူထောင်၍ ပြုပြင်ပြောင်းလဲခြင်း စသည့် ဆောင်ရွက်မှုများကို ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ် မြစ်ချောင်းများကိုလည်း ပြုပြင်ထိန်းသိမ်းရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး လုံလောက်စွာ ရရှိရန် လျှပ်စစ်ထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ပြန်လည်သုံးသပ် ကာ အကောင်းဆုံးဖြစ်စေနိုင်သည့် စီမံကိန်း အသစ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက်ကလည်း တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ ၂၀၄၀ စီမံကိန်း ရေးဆွဲပြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ဖူးသည်။

ရန်ကုန်မြို့အတွင်းရှိ မြေဧက တသိန်းကျော်ကို ထပ်မံ ချဲ့ထွင် အကောင်အထည်ဖော်ရန် လျာထားခဲ့သည့် ယင်းစီမံကိန်း အဆိုသည် လွှတ်တော်တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် တချို့က ပွင့်လင်းမြင်သာမှု မရှိသည့် စီမံကိန်းဟု ဝေဖန် ပြောဆိုမှု ရှိခဲ့သည်။

Loading