ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများကို အောက်တိုဘာလအတွင်း စစ်ဆေးမှုအပြီးသတ်၍ ပြုပြင်မှု လုပ်ငန်း များကို လာမည့်နိုဝင်ဘာလတွင် စတင်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပြောသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးသိန်းလွင်က “ပညာရှင်တွေလည်း အသေး စိတ် လိုက်လံ စစ်ဆေးနေပါတယ်။ ဘယ်နေရာက အက်တယ်၊ ဘယ်နေရာက ကွဲတယ်၊ ဘယ်နေရာကတော့ ပဲ့သွားတယ် ဆိုတာကအစ လိုက်စစ်ဆေးနေတယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံခြားသား ပညာရှင်တွေလာရင် အကြံဉာဏ်တွေ တောင်း မယ်။ ပြည်တွင်း ပညာရှင်တွေလာရင် ကျနော်တို့ လိုက်ပြမယ်။ သူတို့က ဘယ်လိုပြင်သင့်လဲ။ ကျနော်တို့က ဘယ်လိုပြင်မယ် ဆိုတာတွေ ဆွေးနွေးကြမယ်။ ဒီလိုစစ်ဆေးတာတွေက အခုစက်တင်ဘာ၊ အောက်တိုဘာလလောက်ဆို ပြီးပါပြီ။ လာမယ့် နိုဝင်ဘာလလောက်တော့ ပြင်ဆင်မှုလုပ်ငန်းတွေ စနိုင်ပါလိမ့်မယ်”ဟု ပြောပြသည်။
လက်ရှိအချိန်၌ ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရားစေတီ အခြေအနေများကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) နှင့် ထိုင်းနိုင်ငံမှ ပညာရှင်များက လာရောက်လေ့လာမှုများ ရှိနေပြီး တရုတ်နိုင်ငံ၊ အီတလီနိုင်ငံမှ ပညာရှင်များလည်း လာရောက်ရန် ရှိကြောင်း၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် သင်တန်းပေးနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ စေတီပုထိုးပေါင်း ၃,၂၅၂ ဆူအနက် ၄၄၉ ဆူ ထိခိုက် ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
ပျက်စီးသွားသည့် ပုဂံဘုရားများကို အမိုးအကာများ အုပ်ခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ အရေးပေါ် ထိန်းသိမ်း ပြုပြင်ရန် အတွက် ဝါးငြမ်းဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် တချို့စေတီပုထိုးများကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့် မပြုကြောင်း ဦးသိန်းလွင်က ပြောသည်။
လက်ရှိတွင် ပုဂံဘုရားများ အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားသော ထင်ရှားသည့် ဘုရားပုထိုးများတွင် စူဠာမဏီ စေတီ၊ နရသီဟပတေ့မင်း တည်ထားခဲ့သည့် တရုတ်ပြေးမင်း စေတီ၊ ဝက်ကြီးအင်း၊ ဂူပြောက်ကြီး၊ ဘူးလယ်ကြီး ဘုရားများ ပါဝင်ကြောင်း ပုဂံဒေသခံများကလည်း ပြောဆိုကြသည်။
“အများပြည်သူ ကြည့်ရှု့ခွင့်မသင့်လို့ သတ်မှတ်ထားတာ ၁၆ ဆူ၊ ၁၇ ဆူလောက် ရှိမယ်။ မသင့်ဘူးဆိုတာက ခဲတွေ၊ သဲတွေ မရှင်းရသေးတာ ပါမယ်။ နောက်ပြီး အပေါ်ကနေ ခဲ၊ သဲတွေ ပြုတ်ကျနိုင်တဲ့ အနေအထားရှိလို့ ကြည့်ရှုခွင့် မရှိ ဘူးလို့ သတ်မှတ်ထားတယ်။ နောက်ပြီး လိုဏ်တွေထဲပတ်ခွင့် ပိတ်ထားတယ်။ တန်ခိုးကြီးဘုရား သုံးလေးဆူလောက် ပါမယ်။ နေ့စဉ် စစ်ဆေးနေပြီး ကြည့်ရှုလို့ရတယ်ဆိုရင် ဖွင့်ပေးသွားမှာပါ”ဟု ဦးသိန်းလွင်က ပြောသည်။
ပုဂံမြို့၏ အမြင့်ဆုံး သဗ္ဗေညု ဘုရား ၏ ကြံ့ခိုင်မှုစစ်ဆေးရာ၌ အပေါ်ပိုင်း ကွန်းတောင် အောက်ခြေ ပျက်စီး ကြေမွ သွားသော်လည်း လက်ရှိတွင် လေ့လာကြည့်ရှုသူများကို ဘုရားကြီး၏ ဂန္ဓကုဋ္ဋီတိုက်အတွင်း လေ့လာခွင့်ပြုထားကြောင်း ဒေသခံများက ပြောဆိုသည်။