တပ်မတော် နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါက KIA နှင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနိုင်ဟု ဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည် ဆိုပါက ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် တပ်မတော်တို့ တိုက်ပွဲများ ပြန်လည် ပြင်းထန် လာနိုင်ကြောင်း KIA က ပြောသည်။
“ကကကြည်း ညွန်ကြားထားတာကတော့ စက်တင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်နေ့ အထိ စစ်ဆင်ရေးကာလလို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့ဒါ မကုန်မချင်းကတော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်။ တိုက်ပွဲတွေ တင်းမာလာနိုင် တယ်”ဟု KIA ၏သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ က ဧရာဝတီကို ပြောပြသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပြင်းထန်းတိုက်ပွဲများ မဟုတ်ကြောင်း၊ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများသာ ဖြစ် ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံထိခိုက်မှု မရှိသော်လည်း ပြည်သူများအတွက် သွားလာရေး အဟန့်အတားများ ရှိနေကြောင်းလည်း ဒုဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။
ဆက်လက်ပြီး စစ်ရေး တင်းမာမှုနှင့် ပတ်သက်၍ ဒုဗိုလ်မှူးကြီး နော်ဘူ က “ KIA ကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်(NCA) လက်မှတ်ထိုးဖို့ ဖိအား ပေးနေတာလား။ KIA/KIO ကို အမြစ်ဖြုတ်ချင်တာလား။ နိုင်ငံရေး သမားတွေ နိုင်ငံရေးနည်းလမ်းနဲ့ ရှာဖို့ စားပွဲပေါ်မှာ ဆွေးနွေးဖို့ ရည်မှန်းချက်ရသလို၊ တပ်ကတော့ လက်နက်ချဖို့ပဲ သူတို့ပြောပြီး ဖိအားပေးနေတယ်”ဟုလည်း ပြောဆိုသည်။
လက်ရှိ KIA နှင့် တပ်မတော် ဖြစ်ပွားနေသည့် တိုက်ပွဲနေရာများသည် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ် တို့အတွင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းသည် လမ်းလုံခြုံရေးဆောင်ရွက်စဉ် ကန်တော်ယန် ကျေးရွာအနီး KIA လက်နက်ကိုင်အဖွဲ့ မှ အင်အား၂၀ နှင့် ရီမုမိုင်း ၂လုံး ဖောက်၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက် ခဲ့ရာတပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်နေ့ထုတ် မြဝတီ သတင်း တွင် ရေးသားထားသည်။
အဆိုပါ နယ်မြေတဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းလည်း မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးနောက်ပိုင်း KIA တပ်နှင့် တပ်မတော် တိုက်ပွဲ ၁၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KIA မှ စုံစမ်း သိရသည်။
ကချင်ပြည်နယ်အတွင်း ရက်ပေါင်းကြာရှည် စစ်ရေး တင်းမာနေမှုများကို ဖြေရှင်းရန် အစိုးရက တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ နှစ်ဖက် ပဋိပက္ခများ လျှော့ချရေး ဆောင်ရွက်နေသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။
တပ်မတော်နှင့် KIA သည် ကချင်ပြည်နယ်အတွင်း သြဂုတ်လ မှ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။
ထိုနည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် တပ်မတော်တို့ သည်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်းလည်း သိရသည်။