ရှမ်းပြည်နယ်၊ ကလောမြို့၌ အခမဲ့အဆောင်ဖွင့်လှစ်ထားသူ အသက် ၇၀ ကျော်အရွယ် ဦးတော်မီအောင်ဆိုသူကို အဆောင်နေ ၉ တန်း ကျောင်းသူတဦးအား အဓမ္မပြုကျင့်မှုဖြင့် ကလောရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူ၏ဖခင်ဖြစ်သူက ဇန်နဝါရီ ၃၀ ရက်တွင် လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကလောမြို့မ ရဲစခန်းက (ပ)၁၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကလောရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။
အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံရသည့် ဦးတော်မီအောင်ဆိုသူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရှမ်းပြည်နယ် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံတဦးဖြစ်ပြီး ထိုအဆောင်ကို အခမဲ့ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အတန်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူ ၅၀ ဦးခန့် လက်ခံထားကြောင်း NLD ပါတီ တောင်ကြီးခရိုင် ဒုဥက္ကဌ ဦးဖိုးချို(ခ) ဦးအောင်မြင့်သိန်းက ပြောသည်။
ထိုအမှုနှင့် ပတ်သက်ပြီး ဦးအောင်မြင့်သိန်းက “ပါတီအနေနဲ့ မှန်ကန်တဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာ နှစ်ဖက်သက်သေ ထွက်ဆိုချက်တွေ ကွဲလွဲချက်တွေလည်း ရှိနေပါသေးတယ်။ ဖြစ်စဉ်မှန်ကန်ရင် မှန်တဲ့အတိုင်း ရပ်တည်မှာပါ” ဟု ဆိုသည်။
ဦးတော်မီအောင် ကျေးလက်ရတနာ ပရဟိတ ပညာရိပ်သာကို ဖွင့်လှစ်ထားပြီး ကျေးလက်ဒေသမှ ကျောင်းသား/သူများအတွက် အခမဲ့အဆောင် ဖွင့်ထားပြီး ၎င်း၏နေအိမ်နှင့် အဆောင်သည်လည်း သီခြားစီရှိကြောင်းနှင့် ယခုဖြစ်စဉ်သည် နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။