တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ၏ ရည်မှန်းချက်ကြီးမားလှသော ပိုးလမ်းမ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၂၄ ဘီလျံ သုံးစွဲရန် ယနေ့ မြို့တော် ဘေဂျင်းမှာ ပြုလုပ်တဲ့ “တခုတည်းသော ရပ်ဝန်း၊ တခုတည်း သောလမ်း (Belt and Road)” ဖိုရမ်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။
ထို့အပြင် ငြိမ်းချမ်းရေး၊ အားလုံး အကျုံးဝင်ရေးနှင့် လွတ်လပ်သော ကုန်သွယ်ရေးအတွက် လမ်းကြောင်း တခုတည် ဆောက်ရန်နှင့် ပုံစံဟောင်းဖြစ်သည့် ဘက်ပြိုင်မှုနှင့် သံတမန်ရေးရာရော အာဏာပြကစားပွဲများကို စွန့်လွှတ်ရန်လည်း တောင်းဆိုလိုက်ပါတယ်။
အခြေခံ အဆောက်အအုံ ရင်းနှီးမြှပ်နှံမှုတွင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ ကုန်ကျခံပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့်အခြားသောဒေသများကိုဆက်သွယ်မည့် တရုတ်နိုင်ငံ၏ တခုတည်းသောရပ်ဝန်း တခုတည်းသော လမ်းအမည်ရှိ စီမံကိန်းသည် ကမ္ဘာ့ဖွံ့ဖြိုးမှုကိုမြှင့်တင်မည့် နည်းလမ်းသစ်ဖြစ်သည် ဟုလည်း အမွမ်းတင်ပြောဆိုခဲ့ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကားကို ရှေ့တန်းတင်ပြီး လက်ရှိလွတ်လပ်သော ကုန်သွယ်မှု အစီအစဉ်ဖြစ်သည့် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် NAFTA ကို မေးခွန်းထုတ်ချိန်မှာ တရုတ်နိုင်ငံက အကြီးအကျယ်ဆုံး သံတမန်ရေးရာ အခမ်းအနားဖြစ်သည့် ၂ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်၏ ကမ္ဘာ့ခေါင်းဆောင်ရည်မှန်းချက်အတွက် နောက်ထပ်အခွင့်အလမ်းတခုကို ပေးခြင်းဖြစ်ကြောင်း Reuters သတင်းက ဆိုပါတယ်။
သမ္မတ ရှီကျင့်ဖျင်က “ကျနော်တို့ဟာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လွတ်လပ်ပွင့်လင်းတဲ့ အခြေခံတခုကို တည်ဆောက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ကမ္ဘာ့စီးပွားရေးကို ယုံကြည်ကြီးထွားစေသင့် တယ်” လို့ ယနေ့ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မှာ ပြောပါတယ်။
ကမ္ဘာဟာ လွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးကိုအားပေးတဲ့ အခြေအနေတွေကိုဖန်တီးပြီး မျှတ ဆီလျှော် ပွင့်လင်း မြင်သာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု စည်းမျဉ်းစနစ် တည်ဆောက်ရေးကိုလည်း အားပေးဖို့ သူက ဆိုပါတယ်။
ကုန်သွယ်ရေးဟာ စီးပွားရေးဖွံဖြိုးမှုအတွက် အဓိကမောင်းနှင်အားပဲလို့လည်း သူကပြောသလို၊ ကမ္ဘာဟာ နိုင်ငံစုံ ဘက်စုံကုန်သွယ်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ ထူထောင်ရေးနှင့် လွတ်လပ်သော ကုန်သွယ်မှုကို အားပေးရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိ ပိုးလမ်းမ ရံပုံငွေအတွက် နောက်ထပ် ယွမ်ဘီလျံ ၁၀၀(အမေရိကန်ဒေါ်လာ ၁၄.၅၀ ဘီလျံ)၊ မူဝါဒ ရေးရာဘဏ် ၂ခုမှ ချေးငွေ ယွမ် ၃၈၀ ဘီလျံ၊ ဖွံဖြိုးဆဲနိုင်ငံများနှင့် ပိုးလမ်းမတလျှောက် နိုင်ငံများအတွက် ယွမ် ဘီလျံ ၆၀ အပါအဝင် ရံပုံငွေတိုးမြှင့်ဖို့လည်း သမ္မတ ရှီကျင့်ဖျင်က ကတိပြုပါတယ်။
သို့သော် ထိုကတိပြုသည့် ချေးငွေသစ်များ၊ အကူအညီသစ်များ၊ ရံပုံငွေထောက်ပံမှုများအတွက် အချိန်ဇယားကို မူပြောကြားခြင်းမရှိပေ။
မြို့တော်ဘေဂျင်းတွင် ပြုလုပ်နေသည့် ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံပေါင်း ၂၉နိုင်ငံမှ ခေါင်းဆောင် တက်ရောက်နေပြီး မနက်ဖြန် တနင်္လာနေ့တွင် ဆွေးနွေးပွဲ ပြီးဆုံးမည်ဖြစ်ပါတယ်။
ယင်းအစည်းအဝေးနှင့် ပတ်သက်၍ တချို့သော အနောက်တိုင်းသံတမန်များကမူ ထိပ်သီးဆွေးနွေး ပွဲနှင့် စီမံကိန်းတခုလုံးနှင့် ပတ်သက်၍ စိတ်မသက်သာမှုကို ဖော်ပြခဲ့ကြပြီး တရုတ်သြဇာ ကမ္ဘာတဝန်း ကြီးထွား စေရန် အားထုတ်မှုအဖြစ် မြင်ကြပါတယ်။
တရုတ်နိုင်ငံကမူ ထိုစီမံကိန်းနှင့်ထိပ်သီးဆွေးနွေးပွဲအပေါ် ဝေဖန်မှုများကိုပယ်ချပြီး ယင်းစီမံကိန်း သည် အားလုံး အတွက် လမ်းဖွင့်ထားကြောင်း၊ ဘက်စုံအားလုံးအကျိုးရှိကာကြွယ်ဝချမ်းသာမှု ကိုတိုးမြှင့်ရန်သာရည်ရွယ် ကြောင်းပြောပါတယ်။
“ကျနော်တို့ဖန်တီးဖို့ မျှော်လင့်ထားတာကတော့ သဟဇာတ ယှဉ်တွဲနေထိုင်တဲ့မိသားစုကြီးပါပဲ ” ဟု သမ္မတ ရှီကျင့်ဖျင်ကပြောပြီး ယခုစီမံကိန်းကို လုပ်ဆောင်ခြင်းမှာ ခေတ်မမီတော့သောပထဝီနိုင်ငံရေး ဗျူဟာမဟုတ် ဟုဆိုပါတယ်။
“တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကို နိုင်ငံအားလုံးနဲ့မျှဝေလိုတယ်။ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စွက်ဖက်မှာမဟုတ်သလို၊ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့စနစ်နဲ့ ဖွံ့ဖြိုးမှုပုံစံကိုလည်းတင်ပို့မှာ မဟုတ်ဘူး။ တခြားနိုင်ငံတွေကို ကျနော်တို့အမြင်နဲ့တောင်မှလိုက်ပြီး တူရအောင်ကြိုးစားမှာမဟုတ်ဘူး” လို့ သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
တခုတည်းသောဒေသ၊ တခုတည်းသောလမ်း အစီအစဉ်ကိုရှေ့ဆက်လုပ်ဆောင်ရာမှာ ရန်သူတွေကြား ကစားတဲ့ နည်းလမ်းဟောင်းကို ပြန်လျှောက်မှာ မဟုတ်ကြောင်း၊ အဲဒီနည်းလမ်းအစား ပူးပေါင်း ဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးစီးပွား ပုံစံသစ်ကို ဖန်တီးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ပိုးလမ်းမသစ်ပေါ်တွင် ရှိမနေသည့် အာဖရိကနှင့် အမေရိကအပါအဝင် အားလုံးအတွက်လမ်းဖွင့်ထား ကြောင်း လည်း ပြောပါတယ်။
ယနေ့ပြုလုပ်တဲ့ တခုတည်းသော ရပ်ဝန်း၊ တခုတည်းသောလမ်း (One Belt, One Road) ဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင်၊ ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နှင့် ကဇတ်စတန် သမ္မတ နာဆူလတန် နာဇာဘေယက်တို့ အပါအဝင် တရုတ်နိုင်ငံ၏ အားအထားရဆုံးမဟာမိတ်များနှင့် မိတ်ဖက်နိုင်ငံများနှင့် စပိန်၊ အီတလီ၊ ဂရိ၊ ဟန်ဂေရီ အပါအဝင် ဥရောပခေါင်းဆောင်အများအပြား လည်းတက်ရောက်ကြသည်။