မွန်ပြည်သစ်ပါတီအား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန်နှင့် မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ (DoC – Deed of Commitment) ရေထိုးပြီး တက်ရောက်ရန် မွန်ပြည်နယ်အစိုးရက ယနေ့တွေ့ဆုံစဉ် တိုက်တွန်းလိုက်ကြောင်း သိရသည်။
ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက “ မွန်ပြည်သစ်ပါတီက NCA ကို လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားမယ်။ ဒါကတော့ သူတို့အခိုင်အမာ ချထားပြီးသား။ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့က NCA ကို အမြန်ဆုံးထိုးတာ ဖြစ်စေချင်တာပေါ့။ ဘာပဲဖြစ်ဖြစ် NCA ကိုထိုးပြီး တစုံတရာအခက်အခဲရှိရင် ပြန်ညှိနှိုင်းလို့ရတယ်။ သို့တည်းမဟုတ် လုံးဝမကြိုက်ရင်လည်း ပြန်ထွက်လာလို့ရတယ်” ဟု ပြောသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံ တာဝန်ယူပြီးနောက် မွန်ပြည်သစ်ပါတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှနှင့် ပါတီအဖွဲ့ဝင် ၃ ဦးတို့ တက်ရောက်ကြသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့က တိုက်တွန်းမှုနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီမှ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက “သူတို့တင်ပြချက်တွေက ကျနော်တို့အတွက် မခက်ပါဘူး။ ကျနော်တို့မှာ တခုခက်နေတာက NCA ကို လက်ခံတဲ့ ဘဝတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစုတစည်းထဲ အတူတူသွားဖို့ ညှိနှိုင်းနေရတာပါ။ ကျနော်တို့ ဒီ NCA လမ်းကြောင်းကပဲ သွားမှာပါ။ တစုတစည်းတည်းဖြစ်အောင် ညှိနှိုင်းနေတဲ့အတွက် နည်းနည်းတော့ အချိန်ပေးပါလို့ တင်ပြခဲ့တယ်” ဟု ပြောသည်။
NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ အခြေခံမူ ၉ ချက်ကို တင်ပြထားပြီး ထိုအခြေခံမူကို အစိုးရက လက်ခံပါက NCA လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်းနှင့် သို့သော် လက်ရှိအချိန်၌ အခြေခံမူ (၉) ချက်ကို အစိုးရက မူအရသာ လက်ခံထားပြီး တိတိကျကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။
လာမည့် မေလ ၂၄ ရက်တွင် ကျင်းပမည် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးတွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ရေးအတွက် မူ (၉) ချက်ကို ရာနှုန်းပြည့်သဘောတူညီမှု မရသေးမီ NCA လမ်းကြောင်းအတိုင်း သွားရန်နှင့် မူ (၉) ချက်ကို သဘောတူညီချက် မရသေးသော်လည်း ဒုတိယအကြိမ်ပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးနိုင်ရန်အတွက် (DoC – Deed of Commitment) ရေးထိုးရန် စီစဉ်နေကြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကော်မတီ (DPN) ကတဆင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ပင်လုံညီလာခံ မကျင်းပမီ အကြောင်းပြန်ကြားရန်ရှိကြောင်း မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အပြင် DOC (Deed of Committeemen) ကိုလည်း လက်မှတ်မရေးထိုးရသေးသဖြင့် မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်အဝေးသို့ တက်ရောက်ရန် မသေချာသေးသော်လည်း၊ မွန် နိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။