သတင်း

မိုင်းပျဉ်းဒေသခံ ၁၀ ဦး ဖမ်းဆီးခံရဟု RCSS ပြော

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်မှ ဒေသခံ ၁၀ ဦးအား တပ်မတော်က RCSS/SSA နှင့် ဆက်စပ်မှု ရှိသည်ဟု သံသယဖြစ်ကာ တပ်မတော်က ယနေ့နံနက်အစောပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ RCSS မှ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

တပ်မတော်သည် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု ကွမ်ကုန်းကျေးရွာမှ ဒေသခံ ၁၀ ဦးအား ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးမှာ လုံစိုင်း (၄၇ နှစ်)၊ လုံကုန် (၆၇ နှစ်)၊ လုံဝမ်း (၅၀ နှစ်)၊ စိုင်းနွမ်း (၂၇ နှစ်)၊ စိုင်းပေါက် (၂၂ နှစ်)၊ စိုင်းနွမ်းမိန်း (၁၆ နှစ်- ၉ တန်းကျောင်းသား)၊ လုံလန် ( ၄၉ နှစ်)၊ လုံအက်ဂ္ဂ(၃၉ နှစ်)၊ စိုင်းနော် (၁၈ နှစ်)၊ စိုင်းထွေး(၂၈ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

လတ်လလောတွင် စိုင်းနွမ်းမိန်း (၁၆ နှစ်- ၉ တန်းကျောင်းသား) တယောက်သာ ပြန်လည်လွတ်မြောက်လာပြီး ကျန် သူများ မလွတ်မြောက်သေးကြောင်း သိရသည်။

“ကျနော့်ကို ဒီနေ့ မနက်မှာ လာပြီး အကူအညီတောင်းလို့ သိရတာ။ စော်တောကျေးရွာ ရှမ်း အခေါ်ဆိုရင် ကွမ်ကုန်းပေါ့။ အဲဒီက ဒေသခံ ၁၀ ဦးကို တပ်မတော်ရဲ့ အမှတ် ၂၄၉ က ဖမ်းသွားတယ်တဲ့။ ၉ တန်းကျောင်းသားတဦးလည်း ပါတယ်။ RCSS နဲ့ပတ်သက်လို့ဆိုပြီးတော့ပေါ့။ ရှမ်းဘောင်းဘီ အစိမ်းဝတ်ရင်ကို ကျနော်တို့နဲ့ ပတ်သက်တယ်လို့ ထင်နေတာ။ အမှန်တော့ သူတို့က ကျနော်တို့ တပ်ဖွဲ့ဝင် မဟုတ်ဘူး” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

ယခုကဲ့သို့ ပြုမူခြင်းသည် နှစ်ဖက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ပြည်သူ များအနေဖြင့် NCA ကို မယုံကြည်တော့ကြောင်း သုံးသပ်ပြောဆိုသည်။

တပ်မတော်၏ အမှတ် ၂၄၉ ခြေလျင်တပ်ရင်းက ကွမ်ကုန်းကျေးရွာသို့ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့ ၊ နံနက် ၁နာရီ ၂၀ မိနစ် တွင် ဝင်ရောက်လာပြီး လုံဝမ်း၏ နေအိမ်ပေါ် တက်၍ ရှာဖွေရာ တူးမီးသေနတ်ကို တွေ့ရှိကာ စစ်ဆေးမှုများပြု လုပ်ပြီး တခြားသော ဒေသခံ ၉ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ အခြားတယောက်မှာလည်း အပေါ့သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ ဖမ်းဆီးခံရတာ ကျောင်းသား တဦးလည်း ပါတယ်။ ဘယ်လိုပြောရမလဲ အိမ်ထဲကို ဝင်ရှာတာ ကိုဝမ်း(လုံဝမ်း) အိမ်ကို ဝင်ရှာတော့ တူးမီးသေနတ် တွေ့သွားတယ်။ အဲဒါနဲ့ သူကို ဖမ်းတယ်။ နောက် အရူးတယောက်က ထွက် ပြေးသွားတယ် လိုက်ကြတော့ သူက အိမ်တအိမ်ပေါ် တက်ပြေးတယ်။ အဲဒီအိမ်က ဟိုဘက် ပြေးသွားတယ် ပြော တော့ သူတို့ပါ ဖမ်း တယ်။ အရူးကို လိုက်မဖမ်းတော့ဘဲ လူကောင်းကို ဖမ်းသွားတယ်” ဟု ကွမ်ကုန်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ဘက်မှ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ(JMC-S)ထံ တင်ပြ၍ ပြန်လွှတ်ပေးနိုင်ရေး ဆွေးနွေးမည်ဖြစ်ပြီး JMC-S အစည်းအဝေးကို သြဂုတ်လ တတိယပတ်တွင် ကျင်းပရန် ပဏာမ သဘောတူထားကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

JMC-S မှ ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်မှူးကြီး စိုင်းဟန်က တပ်မတော်နှင့် ဆက်သွယ် ညှိနှိုင်းမည်ဖြစ်ပြီး ယခုလို ကိစ္စရပ်များ နောက်မဖြစ်ပေါ်ရန် JMC-S တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ် ၃ ရက်၊ နံနက် ၁၀ နာရီကျော်မှ ၁၂ နာရီအထိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းထံသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading