သတင်း

ဆီးဂိမ်းမှာ အင်ဒိုနီးရှားကို မလေးရှား တောင်းပန်

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သော ဆီးဂိမ်း အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဝေငှသော တရားဝင် လက်ကမ်းစာစောင်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အလံကို အပေါ်အောက် ပြောင်းပြန် မှားယွင်းစွာ ပုံနှိပ်မိသဖြင့် မလေးရှားက အင်ဒိုနီးရှားကို တောင်းပန်လိုက်သည်။

စနေနေ့တွင် ကျင်းပသော ဆီးဂိမ်းဖွင့်ပွဲတွင် ဖြစ်ပျက်ခဲ့မှုကြောင့် အင်ဒိုနီးရှားတဝန်း ဆူညံပွက်လောရိုက်ခဲ့ပြီး #ShameonyouMalaysia စာလုံးမှာလည်း ဆိုရှယ်မီဒီယာတွင် ရေပန်းစားခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာတွင် သမ္မတ ဂျိုကိုဝီဒိုဒိုက သတင်းထောက်များကို အဆိုပါ မှားယွင်းမှုသည် “အမျိုးသား ဂုဏ်သိက္ခာ”အား ထိပါးခဲ့ပြီး တောင်းပန်ရန် ပြောဆိုခဲ့သည်။

အင်ဒိုနီးရှား လူငယ်နှင့် အားကစားရေးရာ ဝန်ကြီးအီမန်နာရာဝီကလည်း စိုးရိမ်ပူပန်မှုကို ပြသခြင်းအားဖြင့် မှားယွင်းစွာ ပုံနှိပ်ထားသောပုံအား တွစ်တာတွင် တင်ခဲ့သည်။

မလေးရှား လူငယ်နှင့် အားကစားဝန်ကြီး ခိုင်ရီဂျမားလဒ်ဒင်က တွစ်တာတွင်ပင် ထိုသို့ ပြုလုပ်ရန် “ရည်ရွယ်ရင်း မရှိ”ဟု တောင်းပန်ကြောင်း တင်သည်။ တနင်္ဂနွေနေ့တွင်လည်း လူကိုယ်တိုင် တွေ့ဆုံတောင်းပန်ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံအလံ၏ အပေါ်ပိုင်း အနီရောင်သည် အောက်ဖက်သို့ ရောက်ပြီး အောက်ဖက်ပိုင်း အဖြူရောင်သည် အပေါ်ဖက်ရောက်သွားသောကြောင့် ပိုလန်နိုင်ငံအလံလို ဖြစ်သွားသည်။

အဆိုပါ မှားယွင်းမှုသည် မြန်မာအမျိုးသမီးအသင်း ဘတ်စ်ကား ဒရိုင်ဘာကို နာရီခိုးယူမှုနှင့် ယာဉ်မောင်းလိုင်စင် မရှိမှုတို့ဖြင့် ဖမ်းဆီးခဲ့မှုအပြီး နောက်ဆက်တွဲ အမှားအယွင်းဖြစ်သည်။

မလေးရှားရဲ၏အဆို အသက် ၂၇ နှစ် အရွယ် ယာဉ်မောင်း ရှားအလမ်သည် မလေးရှားအားကစားသမားတဦး၏ ၂၀၁၆ အိုလံပစ်ပွဲ အမှတ်တရ နာရီကို ခိုးယူခဲ့ကြောင်း သိရသည်။

၁၄၀၀၀ ရှယ်ထားသော မြန်မာအားကစားအဖွဲ့ဝင်များ၏ ဖေ့ဘွတ်ပို့စ်တခုတွင် မလေးရှား အမျိုးသမီးအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော မြန်မာအမျိုးသမီးအသင်းသည် ဟိုတယ်သို့ ပြန်ချိန် နောက်ကျခဲ့ရကြောင်းအား “မလေးရှား အိုလံပစ် ကော်မတီ ရှက်ဖွယ်။ အတွေ့အကြုံမရှိတဲ့ ဒရိုင်ဘာကို သူတို့ ထည့်ပေးတယ်။ ငါတို့ကို လန့်အောင် လုပ်တယ်”ဟု မှတ်ချက်ပေး ရေးသားထားသည်။

မလေးရှား လူငယ်နှင့် အားကစားဝန်ကြီးက မလေးရှား အိုလံပစ် ကော်မတီသည် လုံခြုံရေးအတွက် ရဲနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မလေးရှား အိုလံပစ် ကော်မတီအနေဖြင့်လည်း “ဒရိုင်ဘာများနှင့် အခြားဝန်ထမ်းများ၏ နောက်ကြောင်းတွင် ရာဇဝတ်မှု ကင်းရှင်းကြောင်း သေချာစေရန် ပြန်လည်စိစစ်ကြရန်” ကန်ထရိုက်များနှင့် ခရီးပို့ဆောင်ရေးလုပ်ငန်းများကို သတိပေးချက် ထုတ်ပြန်ပြီး ချိုးဖောက်ကြောင်း တွေ့ရှိပါက ချက်ခြင်းအရေးယူခံရမည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading