ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ရန်အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် ပြောသည်။
“NCA ကို လက်မှတ်ရေးထိုးဖို့ လိုကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။ ဒီစာချုပ်မှာပါတဲ့ ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တခုမှ မပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ နေပြည်တော်တွင် MICC -1 တွင် ကျင်းပသည့် NCA စာချုပ် ၂ နှစ်ပြည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး NCA ကို ဆက်လက် မသိကျိုးကျွန်ပြုနေခြင်းသည် ပြည်သူများ လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဆန့်ကျင်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
“လက်နက်ကိုင်ပြီး သူတလူ ငါတမင်း စနစ်ကို တည်ထောက်လိုခြင်းနဲ့ ပြည်ထောင်စုနဲ့ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုလိုခြင်းကို ယူဆရမှာ ဖြစ်ပါတယ်”ဟု တပ်ချုပ်က ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု မရှိ၍ လက်မှတ်ထိုးရန် မလိုအပ်ဟု ပြောနေသည့်အဖွဲ့များ ရှိကြောင်း၊ NCA ကို လက်မှတ်ထိုး၍ ငြိမ်းချမ်းရေး အခြေခံ လုပ်ငန်းစဉ်ကို မဖော်ဆောင်ဘဲ တနည်းအားဖြင့် သေနတ်သံမတိတ်ဘဲ လက်ရှိ ဆောင်ရွက်နေရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှန်သမျှသည် စိတ်မချရဘဲ လက်နက်ကိုင်လမ်းစဉ်ကို ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သတိပေးသည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေးအတွက် အဆင့်တခု ဖြစ်သည့် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးတံခါးပေါက်ကို တွန်းဖွင့်နိုင်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုစဉ်ကတည်းကပင် အားလုံးပါဝင် လက်မှတ်ရေးထိုးရေးကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဒုတိယ ဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။
“အဲဒီကတည်းက တဖွဲ့ချင်းစီးသာ သွားခဲ့မယ်ဆိုရင် NCA စာချုပ်ဆိုတာ ပေါ်လာစရာ အကြောင်းမရှိဘူး။ တိုင်းရင်းသားတွေ စုစု စည်းစည်းနဲ့ လုပ်ခဲ့လို့ NCA စာချုပ်ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်တယ်”ဟု ရဲဘော်မျိုးဝင်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ချိန်တွင် NCA လက်မှတ်ရေး ထိုးနိုင်ရေး ညှိနှိုင်းနေဆဲ အဖွဲ့များ ရှိသကဲ့သို့ NCA ကို လက်မခံနိုင်သေးသည့် အဖွဲ့များလည်း ရှိနေရာ ထိုအဖွဲ့များအတွက် ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး အနာဂတ် ဖက်ဒရယ် နိုင်ငံအတွက် ဖက်ဒရယ် အခြေခံမူများ ချမှတ်ရာတွင် ပါဝင်ရန် ဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တကယ်တော့ NCA ဆိုတာ ကျမတို့ ပြည်ထောင်စုရဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေး စတင်မှု တရပ်လို့ ထင်နိုင်ပါတယ်။ NCA ဟု လမ်းဆုံး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေးဆွေးနွေး ပွဲတွေကို တက်လှမ်းနိုင်မယ့် ငြိမ်းချမ်းရေး ညီလာခံ တံခါး ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်တယ်ဆိုတာ ထပ်လောင်း ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) မှ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း “NCA လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်တွေရဲ့ နယ်မြေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုက်ပွဲတွေ အရှိန်ကို ကျနော်တို့ ၈၀ ကနေ ၈၅ ရာခိုင် နှုန်း လောက်ထိ လျော့ချနိုင်ပါတယ်။ တော်တော်လေး ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောလို့ရါတယ်”ဟု ယနေ့အခမ်းအနားတွင် သတင်းထောက်များကို ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးမှုများတွင် လက်ရှိတွင် UWSA ‘ဝ’ ဦးဆောင်သည့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC)က NCA လက်မှတ် မရေး ထိုးလိုဘဲ ယင်းအဖွဲ့နှင့် အစိုးရကြား ဆွေးနွေး ညှိနှိုင်းမှုများမှာလည်း အလုပ်မဖြစ်သေးကြောင်း သိရသည်။
တိုင်းရင်းသား လက်နက် ကိုင် ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် NCA လက်မှတ်ရေးထိုးနိုင်အရေး အချက် ၈ ချက်ကို ဆွေးနွေးခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ အချက် ၁ မှ ၄ အထိ နှစ်ဖက်ကြား မူအားဖြင့် သဘောတူခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ ဆွေးနွေး ပွဲတွင် တပ်မတေ်ဘက်က ပြင်ဆင်လို ကြောင်း သဘောထား တင်ပြလာရာမှ လက်မှတ်ထိုးနိုင်ရေး အခြေအနေမှာ ပိုမိုဝေးကွာသွားခဲ့ရသည်။
( နေပြည်တော် အခြေစိုက် ဧရာဝတီ သတင်းထောက်များ ဖြစ်သော ထက်နိုင်ဇော်နှင့် မိုးမိုးတို့ ပူးတွဲသတင်းရေးသား ပေးပို့သည်)
ဆက်စပ်ဖတ်ရှုရန် – မရေရာသေးသည့် မြန်မာ့ ငြိမ်းချမ်းရေးနှင့် ၂ နှစ်ပြည့် အပစ်ရပ်စာချုပ်