အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့(EAO) တို့ အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖော်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်မည့် အစည်းအဝေးတရပ်ကို မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NCA ပါ ဖော် ဆောင်မှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုကို လာမယ့် အပတ်မှာ စမယ်၊ ကျနော်တို့ လက်နက်ကိုင် ၈ဖွဲ့ (EAO ) တွေ ဘက်ကတော့ ဒီနေ့တောင် စနေပြီ၊ ထပ်ပြီးတော့ ပြင်ဆင်မွမ်းမံတဲ့ ဟာပါပဲ။ အစိုးရ၊ တပ်မတော်နဲ့ ပူးတွဲ လုပ်မှာကတော့ လာမယ့်အပတ်မှာ စမယ်”ဟု ၎င်းက ပြောသည်။
လက်နက်ကိုင် ၈ဖွဲ့မှ ခေါင်းဆောင်များအကြား NCA ပါ သဘောတူညီချက်များ ဖော်ဆောင်မှု အပေါ် ပြန်လည် သုံးသပ်သည့် အစည်းအဝေးကို ရန်ကုန်မြို့တွင် ယနေ့အောက်တိုဘာ ၁၇ရက်မှ ၁၈ရက်အထိ ၂ရက်ကြာ ကျင်းပလျှက်ရှိသည်။
လာမည့် အပတ်တွင်မူ အစိုးရ၊ တပ်မတော်နှင့် NCA ကို လက်မှတ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ တို့ ပါဝင် မည့် အစည်းအဝေးကို ထပ်မံကျင်းပပြီး NCA ဖော်ဆောင်မှုကို ပြန်လည်သုံးသပ်မှုများ ပြု လုပ်ကာ သဘောတူ ညီချက်ရယူမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရ၊ တပ်မတော်နဲ့ ကိုယ်စားလှယ်များ ထိုင်ပြီးတော့ သဘောတူတယ်ဆိုရင်တော့ တချို့ရှေ့ ဆက် ဖို့ ToR (လုပ်ငန်းလမ်းညွန်)တွေ၊ မူဘောင်တွေကို ပြန်ပြီးတော့ ပြင်ရမှာပေါ့။ မပြင်ခင်မှာတော့ သဘောတူလား မတူဘူးလား ထိုင်ရမှာပေါ့။ အဲ့ဒါလေးပါပဲ။ သုံးလေးရက်ပေါ့ ထိုင်လိုက်ရင် ရပါ တယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
NCA ဖော်ဆောင်မှုအပေါ် ပြန်လည် သုံးသပ်မည့် အစည်းအဝေးတွင် အဓိကအားဖြင့် မူဘောင် ကိစ္စများ အပါ အဝင် ToR (လုပ်ငန်းလမ်းညွန်)မှု၊ စည်းမျဉ်းစည်းကမ်း၊ အတွင်းရေးမှူးအဖွဲ့ စုဖွဲ့မှု၊ လုပ်ငန်းကော်မတီ၊ ဆုံးဖြတ် ချက် ချမှတ်မှု ပုံစံ စသည့် ကိစ္စရပ်များအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးကြမည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုလအတွင်းမှ စတင်ကာ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM) အပါ အဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်း အဝေးများကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC )လုပ်ငန်းများ ဖော်ဆောင်မှုအခက်အခဲများ ဖြစ်နေ ကြောင်း၊ UPDJC ၏ နိုင်ငံ ရေး မူဘောင် ရေးဆွဲမှု အပြီးမသတ်နိုင်သေးကြောင်း၊ JICM အစည်း အဝေးခေါ်ယူနိုင်ခြင်းမရှိသေးကြောင်း၊ လက်မှတ်ထိုးထားသည့် အဖွဲ့များ၏ ဒေသတွင် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပနိုင်သေးကြောင်း စသဖြင့် အားနည်း ချက်များကို တွေ့ရှိရကြောင်း အောက်တိုဘာ ၁၅ ရက်နေ့က NCA ၂ နှစ်ပြည့် အခမ်းအနား၌ ပြောဆိုသွားသည်။
၂၀၁၅ အောက်တိုဘာ ၁၅ ရက်က NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ(ALP) စသည့် ၈ဖွဲ့က လက်မှတ်ထိုးခဲ့ကြသည်။
ယခုနှစ် သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင် စသည့် မြို့နယ် များ အတွင်း ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အစိုးရ၊ တပ်မတော် ၊ NCA လက်မှတ်ထိုး EAO များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းမရှိပဲ ရပ်တန့် နေခဲ့ ရသည်။
ထို့နောက် ၂၀၁၇ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် NCA နှစ်နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ NCA လက်မှတ်ထိုးအဖွဲ့က သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များကို ပြန်လည် ဆွေးနွေး နိုင်ခဲ့ကြသည်။
PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရှုပ်ထွေးနေ တော့ နည်းနည်းလေးတော့ မဆုံဖြစ်သလို ဖြစ်သွားတာပေါ့။ အခုမှ ပြန်စပြီးတော့ တွန်းအားရပါပြီ၊ ပြည်သူလူထုတွေ စောင့်စားနေတဲ့ ငြိမ်းချမ်းရေးက အပျက်အစီး မရှိပဲနဲ့ ကျနော်တို့က ဆက်လက်ပြီး တော့ သွားနိုင်မယ်လို့ မျှော်လင့်တာပေါ့ဗျာ”ဟု ပြောသည်။