ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအား Memory of the World Register အဖြစ် သတ်မှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ လျှောက်ထားမည်ဖြစ်ကြောင်း ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
UNESCO သို့ လျှောက်ထားရေးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် UNESCO နှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန် ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးပတ်က ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ စာပို့တင်ပြထား ကြောင်း ကော်မတီဝင်များက ပြောသည်။
“မူအားဖြင့်ကတော့ အဲဒါကို လျှောက်မယ်ဆိုပြီး ကော်မတီက ဆုံးဖြတ်ထားတယ်။ ဝန်ကြီးဌာနဘက်က တရားဝင်တော့ စာ ပြန်တာမရှိသေးဘူး။ သို့သော်လည်း နှုတ်နဲ့ပြောတာကတော့ ဒါကိုဖြည့်ဖို့အတွက် ပြတိုက်ဖြစ်မြောက်ရေးကော်မတီအနေ နဲ့ ပြင်ဆင်ပြီးလုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်ဆိုလို့ အခု ပြင်ဆင်မယ့်အပိုင်းကိုလုပ်နေတာပေါ့” ဟု ပြတိုက်ဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်အောင်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံအား Memory of the World Register လျှောက်ထား ရေးနှင့် ပတ်သက်၍ ဆရာကြီးဒေါက်တာကျော်ဝင်းနှင့် ညှိနှိုင်းကာ ပထမဦးဆုံး ကော်မတီအစည်းအဝေးကို ယခုအပတ်အ တွင်း ပြုလုပ်သွားမည်ဟု ဆိုသည်။
ရှစ်လေးလုံးအရေးတော်ပုံကို Memory of the World Register (ကမ္ဘာ့သမိုင်းတွင် အရေးကြီးသည့် သမိုင်းဝင်ဖြစ်ရပ်) အ ဖြစ် UNESCO အသိအမှတ်ပြုခံရပါက ရှစ်လေးလုံးလူထုတော်လှန်ရေးအတွက် ဆောင်ရွက်ခဲ့သည့်ပြည်သူအားလုံးကို ဂုဏ် ပြုရာရောက်သကဲ့သို့ ရှစ်လေးလုံးသမိုင်းပြတိုက် တည်ဆောက်ရာတွင်လည်း UNESCO ၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူ ညီမှုများ ရရှိနိုင်ကြောင်း ဦးရဲနိုင်အောင်က ပြောသည်။
ကော်မတီဝင်တဦးဖြစ်သူ ဦးအံ့ဘွယ်ကျော်က “သတ်သတ်မှတ်မှတ် ကမ္ဘာကပါ အသိအမှတ် ပြုထားတယ်ဆိုတဲ့ဟာလေး ဖြစ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တွေနောက်ပိုင်း မလုပ်နိုင်တော့တဲ့အချိန်တို့၊ မရှိတော့တဲ့အချိန်တို့ကျရင် တက်လာတဲ့ အစိုးရအဆက်ဆက်က ဒီပြတိုက်ကို ဟန့်တားလို့မရနိုင်အောင်ပေါ့” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက UNESCO သို့ မတ်လမတိုင်ခင် တင်ရမည်ဖြစ်သောကြောင့် ဇန်နဝါရီ နောက်ဆုံးပတ် သို့မဟုတ် ဖေ ဖော်ဝါရီ လဆန်းပိုင်းတွင် အပြီးသတ်ဆောင်ရွက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးထံ ပေးပို့ရမည်ဖြစ်ကြောင်း ရှင်းပြ သည်။
ရှစ်လေးလုံးအရေးတော်ပုံကို Memory of the World Register လျှောက်ထားရေးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဘက်မှလည်း ၎င်းတို့တတ်နိုင်သမျှ အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှစ်လေးလုံးသမိုင်းပြတိုက် တည်ဆောက်နိုင်ရေးအတွက်လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)တာဝန်ခံများ နိုဝင်ဘာ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် တနှစ်အတွင်း ရှစ်လေးလုံးသမိုင်းပြတိုက် အုတ်မြစ်ချနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း မြေနေ ရာနှင့် အဆောက်အအုံရရှိရေးအတွက် ဝန်ကြီးဌာနတခုတည်းနှင့် မပြီးပြတ်သောကြောင့် ယခုအချိန်အထိ ရလဒ်မထွက် သေးကြောင်း စုံစမ်းသိရှိရသည်။
ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) ကို ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း ရှိ ကျိုက္ကဆံအနောက်ရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ မဟာလောကမာရဇိန် ကုသိုလ်တော်ကျောက်စာချပ်များ ကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ မြစေတီကျောက်စာနှင့် အလောင်းဘုရားမင်းကြီး၏ ရွှေပေလွှာတို့က၂၀၁၅ ခုနှစ်တွင် လည်းကောင်း UNESCO အသိအမှတ်ပြု Memory of the World အဖြစ် ရရှိထားပြီဖြစ်သည်။