• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျမတို့ အမွေအနှစ်တွေက တဖြည်းဖြည်း လုံးပါးပါးမှာပဲ

by ဧရာဝတီ
28 January 2023
in အင်တာဗျူး
A A
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သင်္ကြန်ပွဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သင်္ကြန်ပွဲ

4.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဆုန်ကရန် (Songkran) ဟု လူသိများသော ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက်အား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဌာန -ယူနက်စကို (UNESCO) က လက်ခံလိုက်သည်။

အဆိုပါ ဆုန်ကရန် (Songkran) ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Culture Heritage – ICH) စာရင်းသွင်းရန် Songkran in Thailand, Traditional Thai New Year Festival အမည်ဖြင့် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်အား UNESCO ကို တင်သွင်းလိုက်သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့်ရော တင်သွင်း၍ ရမရ၊ တင်သွင်း၍ ရမည်ဆိုလျှင် မည်သို့ပြင်ဆင်ဆောင်ရွက်ရန် လိုမည်နည်း၊ မည်သည့် အားနည်းချက်၊ အားသာချက် များ ရှိနေသနည်း စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသန ပြင်ပ ပညာရှင် ဒေါ်ဥမ္မာမျိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ တခြားနိုင်ငံတွေမှာလည်း ရှိတယ်ဆိုတော့ သင်္ကြန်မှာ ရေပက်ကစားတာက အရှေ့တောင်အာရှနဲ့ အိန္ဒိယ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ တွေ့ရတယ်။ တရုတ်ပြည် ယူနန်နယ်အထိပါ ဆင်နွှဲတာ တွေ့ရ တော့ သင်္ကြန်ဆိုတဲ့ ဝေါဟာရနဲ့ ယဉ်ကျေးမှုက ဘယ်လို ဖြစ်ပေါ်လာတာလဲ။ ဒီဘက်ခေတ်မှာရော ဘယ်လိုတွေ ပြောင်းလဲသွားလဲ။

ဖြေ ။ ။ သင်္ကြန်ကတော့ မြန်မာနိုင်ငံမှာဆိုရင် အစောဆုံးက ပုဂံခေတ်ကစပြီးတော့ ရှိခဲ့တယ်လို့ မှတ်တမ်းမှတ်ရာ တွေမှာ ရှိတယ်။ စောလှဝန်းဘုရားကျောက်စာမှာ ဆိုရင်လည်း သင်္ကြန်အကြောင်း ရေးထားတာပါတယ်။ အဲဒါက ကျမ တို့အတွက် အဓိကသက်သေ ဖြစ်တယ်။ နှုတ်ပြောအနေနဲ့ ဆိုရင်တော့ မိဖုရားစောလုံပေါ့။ နရသီဟပတေ့မင်းက အကျီစားလွန်ပြီးတော့ ရေမွန်းအောင်လုပ်လို့ အခဲမကြေဘဲနဲ့ ဘုရင်ကို အဆိပ်ကျွေးပြီးတော့ လုပ်ကြံဖို့ ကြိုးစားတဲ့ အခါမှာ ပေါ်သွားပြီးတော့ အပြစ်ပေးတာ ခံရတယ်။ ဒါပေမဲ့ သူ့ရဲ့ သစ္စာသမာဓိကြောင့် နောက်ဆုံး သူ့ဘာသာသူ မီးလောင်အောင် လုပ်လိုက်ရတယ်ဆိုတဲ့ ဇာတ်လမ်းလေးက ကျမတို့ မြန်မာလူမျိုးတွေ သိကြတဲ့ ဇာတ်လမ်းလေး။ မိဖုရားစောလုံ အကြောင်းပေါ့။

ရှေးဟောင်းသုတေသန ပြင်ပ ပညာရှင် ဒေါ်ဥမ္မာမျိုး

ဒါတွေက သင်္ကြန်နဲ့ ပတ်သက်နေတဲ့အတွက် ပုဂံခေတ်မှာကတည်းက သင်္ကြန်ရေကစားပွဲတော် ရှိတယ်ဆိုတာကတော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီသင်္ကြန်က ပြည်သူအများလုပ်တဲ့သင်္ကြန်လား၊ ဒါမှမဟုတ် နန်းတွင်းမှာပဲလုပ်တဲ့ သင်္ကြန်လားဆိုတာ ကျမတို့ မသဲကွဲဘူး။ နောက်ပိုင်းခေတ်တွေမှာတော့ အင်းဝခေတ်၊ ညောင်ရမ်းခေတ်တို့ နံရံဆေးရေးတွေမှာလည်း သင်္ကြန်ကျင်းပနေတာတွေကို တွေ့နိုင်တယ်။ နောက်ပြီး အင်္ဂလိပ်လက်အောက် ကျသွားပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို အထူးတလည် စည်စည်ကားကား ကျင်းပတယ်။ တနှစ်ပတ်လုံးရဲ့ ကျင်းပတဲ့ ပွဲတော်တွေထဲမှာဆိုရင် အစည်ကားဆုံးနဲ့ ပါဝင်မှုအများဆုံး ပွဲတော်လို့တောင် ပြောလို့ရတယ်။ ဒါကလည်း ဗမာ့ယဉ်ကျေးမှုတခုထဲ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးက ကျင်းပကြတဲ့ပွဲ မြန်မာ့ယဉ်ကျေးမှုလို့ ပြောလို့ရတယ်။

မြန်မာနှစ်ဆန်းတရက်နေ့မှာ နှစ်သစ်ကူးပွဲတော် လုပ်တဲ့အခါမှာ ရေပက်လောင်းတာတင် မကဘူး၊ နေရာတွေ ကွဲပြီးတော့လည်း သင်္ကြန်ကို ကျင်းပပုံကွဲပြားတာ ရှိတယ်။ ထားဝယ်သင်္ကြန်နဲ့ ရခိုင်သင်္ကြန်မတူတာမျိုး၊ အင်းလေးသင်္ကြန်က တမျိုးပေါ့။ အရှေ့တောင်အာရှမှာ ရေပက်လောင်းပြီးတော့ နှစ်သစ်ကိုကြိုတဲ့ အလေ့အထရှိတဲ့ နိုင်ငံတွေပေါ့။ အဓိကကတော့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုပေါ့။ အဲဒီ နိုင်ငံတွေမှာ အဓိက တွေ့ရပြီးတော့ တခြားနိုင်ငံတွေ မှာလည်း ကြိုကြားကြိုကြား ကျင်းပတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျင်းပပုံကျင်းပနည်းနဲ့ ခံယူချက်တွေကတော့ ဒေသအလိုက် ကွဲပြားတာတွေတော့ ရှိပါတယ်။

မေး ။ ။ နိုင်ငံအသီးသီးမှာ ကျင်းပကြတယ်။ ပုံစံမတူကွဲပြားတာတွေ ရှိတယ်ဆိုတော့ သင်္ကြန်ဆိုတဲ့ဝေါဟာရကရော ဘယ်လိုပုံစံမျိုးနဲ့ ဒီဘက်ခေတ်မှာ ပြောင်းလဲလာလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ ။ ။ သင်္ကြန်ဆိုတဲ့ ဝေါဟာရကတော့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ နှစ်ဟောင်းမှာရှိတဲ့ အညစ်အကြေး တွေ အားလုံးကို ရေနဲ့ဆေးချတဲ့သဘောနဲ့ ရေလောင်းကြတယ်။ ပြီးရင် နှစ်သစ်ကို အေးချမ်းပါစေဆိုတဲ့သဘောနဲ့ ကြိုဆိုကြတဲ့ သဘောတွေ ပြောတယ်။ နှစ်ဆန်းတရက်နေ့မှာဆိုရင် ကောင်းမှုကုသိုလ်တွေ လုပ်တယ်။ မိဘဘိုးဘွား တွေကို ခေါင်းလျှော်ပေးတာတို့၊ ခြေသည်းလက်သည်းညှပ်တာတို့၊ သန့်ရှင်းရေးလုပ်တာတို့၊ ငါးလွှတ်တာတို့၊ တိရစ္ဆာန် လေးတွေ ဘေးမဲ့ပေးတာတို့ ဒီအလုပ်တွေ လုပ်ကြတယ်ဆိုတော့ ကုသိုလ်ကောင်းမှုတွေနဲ့ စချင်တဲ့သဘောပေါ့။ ရပ်ကွက်ထဲမှာလည်း ပရိတ်တရားတော်တွေ ရွတ်ကြတယ်။ အခြေခံအချက်တွေ တူတာပေါ့။ ဒါ့ပြင် အခြေခံအချက် တွေ ကွဲပြားသွားတဲ့ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းစဉ်လာတွေလည်း ရှိပါတယ်။ အဲဒီလိုမျိုး နေလာရာကနေ သင်္ကြန် ဆိုတာ ခေတ်နဲ့အညီ ပြောင်းလဲနိုင်တယ် ဆိုတာကိုလည်း တွေ့နိုင်တယ်။

ရိုးရာယဉ်ကျေးမှု တခုဖြစ်တဲ့ သင်္ကြန်က အဘိုးကြီးအဘွားကြီးတွေနဲ့ပဲ ဆိုင်တာမဟုတ်ဘဲနဲ့ လူငယ်တွေကလည်း ဘယ်ခေတ်မှာမဆို ပါဝင်ဆင်နွှဲကြတယ်။ မန္တလေးသင်္ကြန်ဆိုရင်လည်း တခေတ်ရှိတယ်။ မြို့မနဲ့ငွေငန်း စသဖြင့် သင်္ကြန်ရဲ့ ပုံရိပ်တွေက ခေတ်အလိုက်ကို ပြောင်းလဲပြီး အမြဲတမ်း ရှိခဲ့တယ်။ ခေတ်တိုင်းမှာ လူတိုင်းက ပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ပွဲတော် ဖြစ်တယ်ပေါ့။ နောက်ပိုင်းခေတ်တွေမှာကျတော့ မြို့ကြီးပြကြီးတွေမှာ ပြောင်းလဲလာတာ ပေါ့။ စင်တင်တေးဂီတတွေ၊ စင်မြင့်ကြီးတွေနဲ့ မဏ္ဍပ်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာတို့၊ ထိခိုက်မှုတွေ ဖြစ်ကြတာတို့၊ ရန်ပွဲတွေ ဖြစ်ကြတာတို့က သင်္ကြန်မှာ ပါလာတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့က မြန်မာသင်္ကြန်

သင်္ကြန်ဆိုတာ ပုဂံခေတ်ကတည်းက စတယ်။ ဒြပ်မဲ့ယဉ်ကျေးမှုတခု ဖြစ်တယ်။ သူက ဘယ်တော့မှ ပုံစံတမျိုးထဲနဲ့ ရပ်တည်မနေဘူး။ ခေတ်အလိုက် လူတွေပေါ်မှာ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုးပြောင်းလဲတယ်။ ပုဂံခေတ်ကတည်းကစလို့ ဒီနေ့ခေတ်ထိ သင်္ကြန်ကို ကျင်းပတယ်။ ဒါပေမဲ့လည်း ခေတ်စနစ် လူနေနည်း အခြေအနေအရ ပြောင်းလဲတိုးတက်တာလည်း ရှိမယ်။ ဆုတ်ယုတ်သွားတာလည်း ရှိမယ်။ ပျောက်ဆုံးသွားတာလည်း ရှိမယ်။

မေး ။ ။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေက ရှေးဟောင်းယဉ်ကျေးမှု ပြယုဂ်တွေကို နိုင်ငံတကာကို မထိုးဖောက်နိုင်သေးခင်အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက သူတို့ကိုယ်ပိုင်လို ယူနက်စကိုကို တင်သွင်းလိုက်တဲ့အပေါ် ဘယ်လိုမြင်မိလဲ။ အရင်တုန်းကဆို သနပ်ခါးကိစ္စလည်း ရှိထားတယ်။ အခု ထိုင်းနိုင်ငံက သင်္ကြန်ကို ယူနက်စကို တင်သွင်း လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ထိုင်းနိုင်ငံကနေပြီးတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ သူတို့ရဲ့ ဆုန်ကရန် (သင်္ကြန်ပွဲတော်) ကို တင်သွင်းတယ်ပေါ့။ ပမာဏစာရင်းအားဖြင့် တင်သွင်းထားတယ်။ ဒါကို အမွေအနှစ်စာရင်း တင်သွင်းမှုမှာ စဉ်းစားဆုံးဖြတ်မယ့် စာရင်းထဲပါဖို့ ကြိုးစားတယ်။ အဲဒါကလည်း ကျမအနေနဲ့က ကန့်ကွက်ဖို့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတခုလည်း ဖြစ်တယ်။ သူတို့ ကိုယ်တိုင်လည်း သင်္ကြန် ရေပက်တာတွေကို လုပ်တယ်။ အများကြီး မလုပ်ခဲ့ဘူးဆိုရင်တောင် ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက ရိုးရာတွေကို ဖော်ထုတ်တဲ့နေရာမှာ အင်မတန်တော်တယ်။ ရိုးရာအမွေအနှစ်ကိုလည်း ထိန်းသိမ်းတယ်။ အဲဒီ ရိုးရာအမွေအနှစ်ကို လာကြည့်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဆီကလည်း စီးပွားရှာတတ်တယ်။

သူတို့ပြောတဲ့ စကားတခွန်း ရှိတယ်။ Heritage made money အမွေအနှစ်ဆိုတာ ပိုက်ဆံရှာလို့ရတယ်ဆိုတာ ကောင်းကောင်းနားလည်တဲ့ အတွက်ကြောင့် သူတို့ကတော့ ဆက်ပြီးတော့ လုပ်နေမှာပဲ။ ဒါကို လူမှုကွန်ရက်စာမျက် နှာပေါ်မှာလည်း ပြောဆိုနေတာ ကြားရတယ်။ ကျမ ပြောချင်တာက ယူနက်စကိုမှာ တင်သွင်းလိုက်တာနဲ့ပဲ ထိုင်းနိုင်ငံရဲ့ကိုယ်ပိုင် ဖြစ်သွားတာ မဟုတ်ဘူး။ Intangible Cultural Heritage -ICH လို့ ပြောကတည်းက လူသားတွေနဲ့ ပတ်သက်တဲ့အတွက် ပထဝီအနေအထားအရ အနားမှာရှိတဲ့ နေရာတွေမှာ အစားအသောက်တွေ ဆိုရင်လည်း မျိုးစုံပေါ့။ ပြင်သစ်က ပေါင်မုန့်တို့၊ ရှန်ပိန်တို့ကို ICH တင်ထားတာပဲ။ ဒါပေမဲ့ ပေါင်မုန့်ကို ပြင်သစ်ပဲ စားတာမဟုတ်ဘူး။ တကမ္ဘာလုံး စားနေတာပေါ့။ ဒါမျိုး ရှိပါတယ်။ ကျမတို့အနေနဲ့ အဆင်ပြေလာတဲ့အခါမှာ ကျမတို့ရဲ့ မြန်မာသင်္ကြန်ကိုလည်း တင်သွင်းလို့ရပါတယ်။ ICH ကို တင်သွင်းလိုက်တာသည် တဦးထဲမူပိုင် ဖြစ်သွားတယ်လို့ လုံးဝ မဆိုလိုပါဘူး။

မေး ။ ။ ထိုင်းနိုင်ငံက အခုလို တင်သွင်းလိုက်တဲ့အပေါ် ယူနက်စကိုက လက်ခံနိုင်မလား။ လက်ခံလိုက်ရင်ရော အခြေအနေတွေက ဘာတွေများ ပြောင်းလဲသွားနိုင်မလဲ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
114
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137

ဖြေ ။ ။ ယူနက်စကိုက လက်ခံလိုက်ရင်တော့ ထိုင်းနိုင်ငံအနေနဲ့ ဂုဏ်ယူစရာကိစ္စပေါ့။ ထိုင်းလူမျိုးတွေက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းတတ်တယ်။ လူသိအောင်လည်း လုပ်နိုင်တယ်။ ထိုင်းနိုင်ငံ နဲ့ ထိုင်းလူမျိုးအတွက်လည်း ဂုဏ်ယူစရာကိစ္စတခု ဖြစ်တယ်။ သင်္ကြန်ဟာ လူသိပိုများလာမယ်။ လူသိများလာတဲ့ အတွက်ကြောင့် သင်္ကြန်ကို ဝိုင်းပြီးတော့ ကျင်းပမယ့်လူတွေလည်း ပိုများလာမယ်။ နိုင်ငံတကာအရပ်ရပ်က ဆင်နွှဲကြ မယ့်လူလည်း ပိုများလာရင် သူတို့ရဲ့ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေတွေလည်း ပိုတိုးလာမှာပေါ့။ သူတို့ရဲ့ မျိုးဆက်သစ် တွေ၊ လူငယ်တွေကလည်း သင်္ကြန်ကို ပိုစိတ်ဝင်စားလာတာမျိူးတွေ ဖြစ်လာမှာပဲပေါ့။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပနားခရိုင် ကျင်းဟောင်မြို့က သင်္ကြန်

ကျမပြောချင်တာက သူများနိုင်ငံက ဒါမျိုးလုပ်လိုက်တာနဲ့ ကျမတို့က ထိုင်ပြီးတော့ ကြေကွဲနေတာလား။ ဝမ်းနည်းနေတာလား။ စိတ်ဆိုးနေတာလားတော့ မသိဘူး။ ရသစုံပေါ့ အဲဒီလို ရှိတယ်။ ခက်တာက ကျမတို့ မြန်မာလူမျိုးတွေက ခဏတဖြုတ်မှာပဲ ကိုယ့်ယဉ်ကျေးမှုကို ထိန်းဖို့ဆိုပြီး ထပြောပြီးတော့ နောက်ကျရင် မေ့သွားရော။ အဲဒီလိုမျိုးက အမြဲ ဖြစ်နေတာ ရှိတယ်။ ထိုင်းက သင်္ကြန်တင်သွင်းလို့ မြန်မာကလည်း သင်္ကြန်တင်သွင်းမယ်ဆိုရင် မြန်မာကရော သင်္ကြန် နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သုတေသနတွေ လုပ်ထားလဲ။ သင်္ကြန်ကို ပါဝင်ဆင်နွှဲနေတဲ့သူတွေက ဘယ်လောက် ထိ ထိန်းသိမ်းဖို့ စိတ်အားထက်သန်လဲ။ သင်္ကြန်ရဲ့တန်ဖိုးကို ဘယ်လောက်နားလည်လဲ ဆိုတာတွေက ကျမတို့ဆီမှာ အဆင်သင့် မဖြစ်သေးဘူး ထင်ပါတယ်။

ICH က World Heritage နဲ့ လုံးဝ မတူပါဘူး။ မတူဘူးဆိုတာ ပုဂံတို့လို World Heritage ဒေသတွေအတွက်ကို သက်ဆိုင်ရာအစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ပေးရပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှု သင်္ကြန်လိုဟာဆိုရင် သူ့ကို တကယ်ဆင်နွှဲနေတဲ့ အသိုင်းအဝိုင်းက ပါချင်တာ၊ ဒါကို ICH မှာ ပါချင်တဲ့ဆန္ဒနဲ့ လုပ်ရတယ်။ သက်ဆိုင်ရာအစိုးရက ဘေးကနေကူညီပေးရုံ၊ ကြပ်မတ်ပေးရုံလောက်ပါပဲ။ ဒါမျိုးတွေ လုပ်ဖို့ဆိုရင် ကျမတို့ဆီမှာ ပညာရှင်တွေ လိုပါတယ်။ ICH အတွက် သီးသန့်ကျွမ်းကျင်တဲ့ ပညာရှင်ဆိုတာလည်း ကျမတို့ဆီမှာ မရှိပါဘူး။

ယဉ်ကျေးမှုအမွေအနှစ်ကိုသာ ထထပြီး ပြောနေကြပေမယ့် ရေရှည်ကို စဉ်းစားပြီးတော့မှ တကယ့်တကယ် ဘာတွေ လိုအပ်နေလဲဆိုတာမျိုးက ကျမတို့ဆီမှာ အစီအစဉ်လည်း မရှိပါဘူး။ မျှော်မှန်းချက်လည်း မရှိပါဘူး။ အဲဒီအခါကျတော့ ကျမတို့နိုင်ငံရဲ့ အမွေအနှစ်တွေက ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ လုံးပါးပါးရတဲ့ဘဝကို စိတ်မကောင်းစွာနဲ့ ရောက်နေတာကို မြင်နေရတာပေါ့။

မေး ။ ။ ဆရာမပြောသွားတဲ့ထဲမှာ စိတ်မကောင်းစရာ အားနည်းချက်တွေ အများကြီး ရှိတယ်ပေါ့။ ပညာရှင်တွေ မရှိဘူး။ သုတေသနလုပ်မယ့်သူတွေ မရှိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ရော ဘယ်လို တာဝန်ယူသင့်တယ် ထင်ပါသလဲ။

ဖြေ ။ ။ ယဉ်ကျေးမှုလို့ ပြောလိုက်တာနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တာဝန်လွှဲချင်တာပေါ့။ တကယ့်တကယ်ကျ တော့ ကျမတို့ ကိုယ်တိုင်က ဘာလုပ်နိုင်မလဲဆိုတာကို စဉ်းစားရမှာပေါ့။ ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုတာကလည်း ဘတ်ဂျက်အရ တွက်မယ်ဆိုရင် အမြဲတမ်း နောက်ဆုံးမှာနေရတဲ့ ဝန်ကြီးဌာနမျိုး ဘဏ္ဍာငွေကြေး ပြည့်စုံစွာ မရရှိနိုင် ဘူး။ ထူးချွန်ထက်မြက်တဲ့ သုတေသနပညာရှင်တွေကို မွေးထုတ်ဖို့ကလည်း အခက်အခဲ အများကြီး ရှိတယ်။ ဝန်ထမ်း အင်အားတွေက မလုံလောက်ဘူး။ ဝန်ထမ်းတွေက Professional ဘက်ကို မလိုက်နိုင်ဘူး။

ကမ္ဘောဒီးယား သင်္ကြန်

ICH အထူးပြုဆိုရင် ICH ကိုပဲ တောက်လျှောက် လုပ်ရမယ်ဆိုတာမျိုး ကျမတို့ဆီမှာ ယဉ်ကျေးမှုဝန်ကြီးဌာနမှ မဟုတ်ဘူး။ ဝန်ထမ်းတွေရဲ့ သဘောသဘာဝအရ နယ်ပြောင်းရမယ်။ တနေရာထဲမှာ မနေရဘူး။ အဲဒီတော့ ဒီကိစ္စကို သင်္ကြန်ကို လုပ်နေတဲ့သူမို့လို့ သင်္ကြန်ပဲ လုပ်ပါ။ ပုဂံကို လုပ်နေတဲ့သူမို့လို့ ပုဂံမှာပဲ ထားပါဆိုတာ မရှိဘူး။ ဒီနေ့ သင်္ကြန်ကိစ္စ လုပ်နေပေမယ့် နောက်နေ့ ဝန်ထမ်းရုံးသွားပြီးတော့ ကွန်ပျူတာစာစီစာရိုက် လုပ်နေရတာမျိုးတွေ ဆိုတော့ အဲဒီလိုမျိုး ဖြစ်နေတဲ့ အခြေအနေ မှာ ကိုယ့်ရဲ့ကျွမ်းကျင်ရာကို မထူထောင်နိုင်သေးသမျှတော့ ကျမတို့ ယဉ်ကျေးမှုအမွေအနှစ်တွေက ဆုံးရှုံးနေရမယ်။

ကျမက အပြစ်တင်နေတဲ့သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ထိုင်းနိုင်ငံနဲ့ပဲ ယှဉ်ကြည့်ပါ။ လေ့လာကြည့်လို့ရတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာရှိတဲ့ Department of Fine Art ပေါ့။ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေ က ရာထူးတိုးချင်ရင် သုတေသနစာအုပ်တအုပ် ရေးကိုရေးရတယ်။ အဲဒီ သုတေသနစာအုပ်ကို အကဲဖြတ်တဲ့အဖွဲ့က အကဲဖြတ်ပေးပြီးတော့မှ အမှတ်ပြည့်တယ်ဆိုတော့မှ နောက်တဆင့် ရာထူးတိုးသွားတာ။

သုတေသနလုပ်လို့ မင်းတော်ရင် မင်းရာထူးတိုးမယ်။ သုတေသနမလုပ်ဘဲ ယောင်ဝါးဝါးလုပ်ရင် ရာထူး မတိုးတော့ဘူး။ သုတေသနလုပ်ဖို့ လုပ်ငန်းအတွက်ကိုလည်း အားလုံးကို ပံ့ပိုးပေးတယ်။ ဘယ်နေရာသွားချင်လဲ ကားလိုချင်လား။ ဘယ်နေရာ အထောက်အကူပြုပစ္စည်းတွေ ရှာမလဲ။ ဒါတွေအတွက်ကို အစိုးရက ငွေသုံးတဲ့အခါမှာ သုတေသနကို အများကြီး လုပ်နိုင်တယ်။ ဒါက ဝန်ကြီးဌာနအပိုင်းကို ပြောတာ။

ပညာရပ်အပိုင်းကို ကြည့်မယ်ဆိုရင်လည်း ဒီဘာသာရပ်တွေကို စနစ်တကျ သင်ကြားရတယ်။ ကျမတို့က ICH နဲ့ ပတ်သက်ပြီး ပြောရရင် မနုဿဗေဒပညာရှင်ပေါ့။ ကျမတို့ တက္ကသိုလ်တွေမှာလည်း မနုဿဗေဒဌာန ရှိတယ်။ သုတေသနတခုကို လုပ်မယ်ဆိုရင် သူတို့ ကိုယ်ပိုင်ငွေနဲ့ပဲ လုပ်ရတာ။ အစိုးရဆီက ဘတ်ဂျက်ရတယ်ဆိုတာ အင်မတန် ရှားပါးတယ်။ ရရင်လည်း အင်မတန်နည်းတယ်။ စဉ်ဆက်မပြတ် ရနေတာလည်း မရှိဘူး။ ပညာရေးဝန်ကြီးဌာနကလည်း ဘဏ္ဍာငွေကြေးကို အများကြီး မသုံးစွဲနိုင်ဘူး။ သုတေသနမရှိရင် ဖွံ့ဖြိုးမှုက ဘယ်တော့မှ မဖြစ်ဘူး။

ကျမတို့ ဆီမှာ အဲဒီလို လိုအပ်ချက်တွေ ရှိနေတဲ့အခါကျတော့ ပြည်သူအနေနဲ့ကလည်း ဘာဖြစ်လို့ ထိုင်းကတင်လဲ၊ ငါတို့က ဘာလို့မရဘူးလဲ ပြောနေမယ့်အစား တတ်နိုင်တာ ဘာကူနိုင်မလဲပေါ့။ လူမှုအသိုင်းအဝိုင်းထဲကနေပြီးတော့ ဒါတွေကို ရေရှည်သုတေသန လုပ်ပေးနိုင်အောင် ပညာရှင်တွေ မွေးထုတ်နိုင်အောင် ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာမျိုး ကျမတို့ မြန်မာရာဇဝင်မှာ တခါမှ မရှိသေးဘူး။

မေး ။ ။ ဆရာမ ပြောသွားသလိုပေါ့နော်။ အားနည်းချက်တွေ၊ ပြုပြင်စရာတွေ အများကြီး ရှိတယ်။ လူမှန်နေရာမှန်နဲ့ မရှိသေးတဲ့ အခြေအနေမှာ မြန်မာအနေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပတ်သက်လို့ ဘာတွေကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်ဖို့ လိုအပ်နေသေးလဲ။

ဖြေ ။ ။ ယဉ်ကျေးမှုအမွေအနှစ် ဆိုတဲ့နေရာမှာ ဘယ်ဟာတွေက ကျမတို့ရဲ့ တကယ့် ယဉ်ကျေးမှုအမွေအနှစ် အစစ်အမှန်တွေ ဖြစ်လဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ အမှန်တကယ်တော့ တွေ့နေရတာပါပဲ။ မြန်မာတနိုင်ငံလုံးမှာ ဘယ်နေရာသွားသွား ယဉ်ကျေးမှုအမွေအနှစ်ဆိုတာတွေ ရှိတယ်။ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အမွေအနှစ်တွေလည်း ရှိတယ်။ တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၀၀ ကျော် နေတဲ့နေရာ ဒီလောက်အမွေအနှစ်တွေ ပေါများတဲ့နေရာဆိုတာ အရှေ့တောင်အာရှမှာ ကျမတို့ မြန်မာနိုင်ငံပဲရှိတာ။ အဲဒါတွေ အားလုံးကို ဘယ်လိုမျိုးနည်းနဲ့ ပြုုပြင်ထိန်းသိမ်းမလဲ။ ဘယ်လို သုတေသန လုပ်မလဲ။ ဘယ်လို နိုင်ငံတကာသိအောင် လုပ်မလဲ။ အမွေအနှစ်တွေကို မပျောက်ပျက်အောင် ဆက်လက်ပြီးတော့ လက်ဆင့်ကမ်းမလဲဆိုတဲ့အပိုင်းမှာ အရမ်းအားနည်းတယ်။

ဆိုပါတော့ ပုဂံပေါ့။ လူတိုင်းက ပုဂံကို ချစ်တယ်လို့ ပြောတာပဲ။ ပုဂံမှာ အခုလောလောဆယ်ကို အမွေအနှစ်ပေါင်း ၃၀၀၀ ကျော် ရှိတယ်။ အဲဒီ အမွေအနှစ် ၃ ထောင်ကျော်ကို ထိန်းသိမ်းတတ်တဲ့ သေသေချာချာ တတ်မြောက်ထားတဲ့ သူ တယောက်မှ မရှိဘူး။ ရှိနေတဲ့ ဝန်ထမ်းတွေက လက်တွှေလုပ်ရင်းနဲ့၊ စမ်းသပ်ရင်းနဲ့ သိလာရတာမျိုး။ ယူနက်စကိုလို အဖွဲ့အစည်းတွေနဲ့ ၃/၄ လ သင်တန်း ပေးသွားတာမျိုးတွေနဲ့ပဲ သွားနေရတာ။ တက္ကသိုလ်တွေမှာလည်း ဒီလိုမျိုး သင်တန်းတွေ မရှိဘူး။ နံရံဆေးပန်းချီတွေ နာမည်ကြီးတယ်။ ၄၀၀ ကျော် ရှိတယ် ပြောတယ်။ ထိန်းသိမ်းတတ်တဲ့ ပုဂ္ဂိုလ်ဆိုလို့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းက အီတလီနိုင်ငံမှာ ၆ လ သွားသင်ထားတဲ့ ဆရာတယောက်ပဲ ရှိတယ်။

လာအို သင်္ကြန်

အဲဒီလိုမျိုး အခြေအနေတွေနဲ့ ကျမတို့က ဒီအမွေအနှစ်တွေကို ဘယ်လိုမျိုး ထိန်းသိမ်းမှာလဲ။ အမွေအနှစ်တွေက အခုအချိန်ထိကို အရည်အသွေး (Quality) ကောင်းလွန်းလို့သာ ခံနေတာ။ မဟုတ်ရင် ရှိမှာတောင် မဟုတ်တော့ဘူး။ ဒီလို အခြေအနေတွေကို နားလည်ဖို့ လိုတယ်။ လူတိုင်းလူတိုင်းကတော့ ချစ်တယ်ပြောနေပေမယ့် တကယ်ချစ်ပြီး တကယ်အလုပ်လုပ်ဖို့ လိုတယ်ပေါ့။ ပိုက်ဆံရှိတဲ့သူတွေကလည်း ဒီအမွေအနှစ်ပိုင်းတွေမှာ အမွေအနှစ်တွေကို ဆက် လက် ထိန်းသိမ်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဝိုင်းပြီးကြိုးစားပေးဖို့ လိုတယ်။

အုပ်ချုပ်ရေးပိုင်းက လူတွေကလည်း ဒီအမွေအနှစ်တွေက အရေးကြီးတယ်။ ဒါတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်ဆိုတာ နားလည်ဖို့။ ကျမတို့ ကိုယ်တွေ့ဆိုရင် ပုဂံတို့၊ မြောက်ဦးတို့က အုပ်ချုပ်ရေးပိုင်းက လာတဲ့လူတွေဆိုရင် ရှေးဟောင်းသုတေသနက ဘာမှကို လုပ်လို့မရဘူး။ အကုန်လိုက်တားနေတာပဲ ရှိတယ်။ အမှန်တော့ လူတိုင်းက ဒီနေရာက သိပ်တန်ဖိုးရှိတယ်။ မပျောက်ပျက်အောင် ဘယ်လို ထိန်းသိမ်းရမလဲ၊ ဝိုင်းဝန်းပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ဓာတ် တွေက အခုအချိန်ထိ အများကြီး မတွေ့ရသေးဘူး။ အဲဒီလို ပုံစံနဲ့ကတော့ ကျမတို့ အမွေအနှစ်တွေက တဖြည်းဖြည်းနဲ့ လုံးပါးပါးမှာပါပဲ။

မေး ။ ။ မြန်မာနိုင်ငံမှာက လူသားအရင်းအမြစ်၊ နည်းပညာ၊ ဘတ်ဂျက် စသဖြင့် အားနည်းချက်တွေ ရှိနေတယ် ဆိုတော့ ဒီကိစ္စရပ်တွေ အကုန်လုံးက လက်ရှိ နိုင်ငံရေးဖြစ်စဉ်နဲ့ ဆက်စပ်မှု ရှိနေလား။

ဖြေ ။ ။ အဲဒီလိုတော့ ကျမက မထင်ဘူး။ ကျမ မီသလောက် အလုပ်လုပ်ခဲ့တဲ့ ပတ်ဝန်းကျင်မှာကြည့်ရင် ၁၉၈၈ နောက်ပိုင်းက တပ်မတော်အစိုးရ ရှိခဲ့တယ်။ နောက်ပိုင်း ရွေးကောက်ခံအစိုးရ ပေါ်လာတယ်။ အခုအခါမှာ တပ်မတော် အစိုးရ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ ယဉ်ကျေးမှုအမွေအနှစ်ကို သေသေချာချာ အစီအစဉ်ချပြီး ဆောင်ရွက်နိုင်ခဲ့တာက အင်မတန် အားနည်းခဲ့တာပါ။ အဲဒါကြောင့်မို့လို့ အခုလက်ရှိ အစိုးရကြောင့် ဒီလို ဖြစ်တယ်လို့ ပြောစရာ မရှိပါ ဘူး။ ခေတ်အဆက်ဆက်ကိုက ဒီလို ဖြစ်နေတာ။

မေး ။ ။ အားနည်းချက်တွေ၊ ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်။ ဒီအရာတွေကို အခြေခံအားဖြင့် ဘာကနေ စလုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ယဉ်ကျေးမှုအမွေအနှစ်တွေကို စီမံခန့်ခွဲတဲ့သူနဲ့ ပါဝင်ပတ်သက်တဲ့သူတွေပေါ့။ သူတို့တွေ အားလုံးက ချစ်တဲ့စိတ် ရှိဖို့လိုတယ်။ နှလုံးသားရှိဖို့ လိုပါတယ်။ ပထမအဆင့်က ဒါပါပဲ။ ငါတို့ အမွေအနှစ်တွေကို အပျောက်မခံနိုင်ဘူးဆိုတဲ့စိတ် ပေါ်လာပြီးတော့ စလုပ်ပြီဆိုရင် အားလုံး အဆင်ပြေမှာပါ။ ကမ္ဘာကြီးကလည်း အမွေအနှစ်ထိန်းသိမ်းရေးတွေကို လုပ်နေတာပဲ။ ကိုယ်တနိုင်ငံထဲ ဖြစ်နေတာ မဟုတ်ဘူး။ သူများတွေ ဘယ်လိုလုပ်လဲ ကြည့်လို့ရပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါလဲ။

ဖြေ ။ ။ ကျမကတော့ အားကျတာပေါ့ရှင်။ ထိုင်းနိုင်ငံက အစိုးရရော၊ ပြည်သူတွေရော၊ ပညာရှင်တွေရော အားလုံးက ပူးပေါင်းပြီးတော့မှ သူတို့ရဲ့ ရိုးရာအမွေအနှစ်တွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းတတ်နေပြီ။ အဲဒီ ရိုးရာအမွေ အနှစ်တွေကို ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံဝင်ငွေရအောင်၊ တဦးချင်း ဝင်ငွေရအောင် ဘယ်လို ရှာရမလဲဆိုတာကို ကောင်းကောင်း နားလည်နေပြီ။ ကမ္ဘာမှာ သူတို့ရဲ့ အမွေအနှစ်တွေကို လူတိုင်းသိလာအောင် ကမ္ဘာ့စင်ပေါ်ကို ဘယ်လို တင်ပြရမလဲ ဆိုတာကို ကောင်းကောင်း သိနေပြီဆိုတော့ ကျမကတော့ အားကျရုံပဲပေါ့။

You may also like these stories:

တောင်သမန် ကျောက်ခေတ်နှောင်း အမွေအနှစ်နေရာကို စစ်ကောင်စီ ဖျက်ဆီး

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်

သနပ်ခါးယဉ်ကျေးမှု တပတ်ပြန်လည်စေချင်တယ်

အစိုးရအဆက်ဆက် ရိုက်ချိုးခဲ့တဲ့ ဖာနီဗယ့် အိပ်မက်

သီပေါမင်းကို ရည်းစားစာရေးပေးရသူ

Your Thoughts …
Tags: ICHUNESCOဆုန်ကရန် (Songkran)ထိုင်းနိုင်ငံသင်္ကြန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မဟာ သင်္ကြန်စာမှာ ဘာတွေ ပါလဲ

မဟာ သင်္ကြန်စာမှာ ဘာတွေ ပါလဲ

by ဧရာဝတီ
13 April 2025
8.5k

သင်္ကြန်စာကို ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက် ပုံနှိပ်စက်တွေ ရောက်ရှိပြီးတဲ့ အချိန်ကစလို့ ပုံနှိပ် ထုတ်ဝေ ခဲ့တာ ဖြစ်ကြောင်း…

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

Next Post
၂၀၁၉ ဇန်နဝါရီလအတွင်း ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲ

တပတ်အတွင်း သတင်းစုံ

ပြည်လုံးကျွတ် အသံတိတ်သပိတ် ဆင်နွှဲမယ် (ရုပ်/သံ)

ပြည်လုံးကျွတ် အသံတိတ်သပိတ် ဆင်နွှဲမယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved